အကျဉ်းသားလဲလှယ်ရေး နှင့် ပတ်သက်၍ Suaram လူအခွင့်အရေးအဖွဲ့မှ Andika နှင့်ဆက်သွယ်မေးမြန်းချက်

>> Sunday, October 23, 2011

ယခုလက်ရှိ မလေးရှားအစိုးရနှင့် မြန်မာအစိုးရတို့၏ အကျဉ်းသားလဲလှယ်ရေးကိစ္စ နှင့်ပတ်သက်၍ လူအခွင့်အရေးအဖွဲ့များ နှင့် မလေးရှားအတိုက်ခံပါတီများ၊ အခြားအဖွဲ့စည်များမှ ကန့်ကွက်ပြီးဖျက်သိမ်းရန် တောင်းဆိုနေကြပါသည်။ ယင်းတို့မှ ဤကိစ္စကိုအစွမ်းကုန်ကြိုးပမ်းနေသော Suaram လူအခွင့်အရေးအဖွဲ့မှာ လေးစားဖွယ်ကောင်းပါသည်။ အောက်ပါတို့မှာ Suaram မှ Mr. Andika အားဆက်သွယ်မေးမြန်းထားသော သူ၏ဖြေဆိုချက်များကို မှီငြမ်းသည်။

ပထမဦးစွာ အကျဉ်းသားလဲလှယ်ရေးနှင့်ပတ်သက်၍ ပတ်သက်၍ Suaram ၏သဘောထားကို မေးမြန်းရာသူက လုံးဝလက်ခံနိုင်ဖွယ် မရှိသောလုပ်ဆောင်ချက်ဖြစ်ကြောင်း၊ ဤကိစ္စမှာအပြည်ပြည်ဆိုင်ရာတွင် မလေးရှားအစိုးရအတွက် အရှက်ရစရာကောင်းကြောင်း၊ အကျဉ်းသားများ များပြားနေခြင်းဟူသော အကြောင်းပြချက်ကိုလူ့အခွင့်အရေး ရှု့ထောင့်မှ မည်သို့မှ လက်မခံနိုင်ကြောင်းပြောပါသည်။ မလေးရှားအစိုးရ၏ ယခုစီစဉ်နေမှုကို Suaram ၏အဓိက ဆန့်ကျင်လုပ်ဆောင်ရမည့် အရေးတကြီးကိစ္စဖြစ်ကြောင်းပြောပါသည်။

ထောင်များ၊ ကမ့်များတွင် အဖမ်းခံနေရသူများအား UNHCR နှင့်ဆက်သွယ်ဆောင်ရွက်ခွင့်၊ တွေ့ရှိခွင့်များနှင့်ပတ်သက်၍ မေးမြန်းရာ၊ ယင်းသည် UNHCR ၏ဆောင်ရွက်နေပုံများကိုသိရှိကြောင်း၊ ထောင်များ ကမ့်များတွင် အကျဉ်းကျခံနေရသူများ က UNHCR နှင့်တွေ့ခွင့်ရရေးအတွက် ငွေပေးရပုံများကို သိရှိကြောင်း၊ လ၀က နှင့်ဆက်သွယ်၍ ကမ့်များတွင်ငွေပေးရခြင်းများကို သိရှိကြောင်း၊ အချို့မှာ ထောင်ထဲတွင် ရဲများ၊ လ၀ကများနှင့် အဆင်မပြေ၍ ဒုက္ခသည် ဖြစ်သော်လည်း UNHCR နှင့်တွေ့ခွင့်မရကြကြောင်း ပြောပါသည်။ ထို့အတွက် ဆောင်ရွက်ရန် ခက်ခဲသော်လည်း ပြည့်စုံသော အချက်အလက်များ စုံစမ်းဆဲ ဖြစ်ကြောင်း ပြောပါသည်။

မလေးရှားတွင် မြန်မာနှင့်တိုင်းရင်းသားအဖွဲ့များ၊ နိုင်ငံရေးအဖွဲ့များ ရှိပါသည်။ အချို့ကို UNHCR က အသိအမှတ်ပြုပြီး၊ အချို့ကိုအသိအမှတ်မပြုပါ။ ထိုအဖွဲ့များတွင် အချို့အဖွဲ့များမှာ ဒုက္ခသည်များထံမှ ငွေကြေးယူ၍ UNHCR လက်မှတ်ရအောင် ဆောင်ရွက်ပေးနေခြင်းများ ရှိ၍၊ ငွေမပေးနိုင်သော သူများမှာ ဒုက္ခသည်ဖြစ်သင့်သော်လည်း၊ မည်သည့်စာရွက်စာတမ်းမှ မရှိ၍ လုံခြုံမှုမရှိသည်ကိုလည်း သူကသိရှိကြောင်းပြောပါသည်။ ထို့ကြောင့် Suaram နှင့် အခြား လူအခွင့်အရေးအဖွဲ့များပူးပေါင်း၍ ထောင်များ၊ ကမ့်များတွင်အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသား အကျဉ်းသားများ နှင့် UNHCR တွေ့ဆုံစေ၍ အင်တာဗျူးပြီး ဒုက္ခသည်အဖြစ် အသိမှတ်ပြုကာကွယ်မှုများရစေကာ လွတ်မြောက်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောပါသည်။ ဤကိစ္စအတွက် မလေးရှားအစိုးရသို့ ပန်ကြားလွှာတင်ထားကြောင်း ပြောပါသည်။ ထိုပန်ကြားလွှာကို မလေးရှားအစိုးရက လက်ခံပြီးလားမေးသောအခါ၊ ဖိအားပေး ကြိုးစားဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ဆွေးနွေးရန်ရှိကြောင်းပြောပါသည်။

ယခု သူတို့အဖွဲ့အနေနှင့် ထောင်များ၊ ကမ့်များတွင် အကျဉ်းကျခံနေရသောမြန်မာနိုင်ငံသား စာရင်များစုဆောင်း နေကြောင်းပြောပါသည်။ မလေးရှားပြည်ထဲရေးဝန်ကြီး၏ ယခုရက်ပိုင်းအတွင်း ကော်မတီအသစ်၏လုပ်ငန်းစဉ် အသေးစိတ်ဆွေးနွေးမည် ဟူသော အချက်နှင့်ပတ်သက်၍မေးမြန်းရာ၊ သူက ထိုကိစ္စ ရက်စွဲအတိအကျ မသိသေးသော်လည်း၊ လူအခွင့်အရေးအဖွဲ့များအနေဖြင့် အစီအစဉ်ဖျက်သိမ်းရန် ဖိအားပေးသွားမည်ဖြစ်ကြောင်း ပြောပါသည်။

အကျဉ်းသားလဲလှယ်ရေး (Detainees Swap) ဟူသောစကားအရ၊ ကြေငြာချက်အရ၊ အကျဉ်းသားဟူသော အခြေအနေမပြောင်းဘဲ နိုင်ငံတစ်ခု၏ ထောင်မှ မိမိနိုင်ငံ၏ ထောင်တွင်ပြောင်းရွေ့အကျဉ်းကျခံရဦးမည်လား မေးသောအခါ၊ ဤအချက်မှာ ယခု Suaram အပါအ၀င်လူအခွင့်အရေးအဖွဲ့အားလုံး မေးမြန်းတိုက်ခိုက်နေခြင်း ဖြစ်ပြီး၊ အစိုးရသို့မေးခွန်းထုတ်ထားသော်လည်း ပြန်ကြားမှုမရှိသေးကြောင်း ပြောပါသည်။ သူအနေနှင့်မည်သို့ ထင်သည်လဲ မေးသောအခါ သေချာမပြောနိုင်ကြောင်းပြောပါသည်။ “မြန်မာအကျဉ်းသားများကို အကျဉ်းသားအဖြစ်မှလွှတ်၍ နေရပ်ပြန်ပို့ခြင်းမဟုတ် ဟူသောအချက်မှာ စိုးရိမ်ဖွယ်ဖြစ်ပါသည်။” မြန်မာအစိုးရအနေဖြင့် မိမိနိုင်ငံသားများကို သဘောထားကြီးစွာဖြင့် လွတ်လပ်ခွင့်ပြုမည်မထင်ပါ။

ဤနိုင်ငံတွင် စာရွက်စာတမ်းသက်တမ်းကုန်၍၊ စာရွက်စာတမ်းမရှိ၍၊ အဖမ်းခံထားရသူများ၊ ဒုက္ခသည်များသည် မလေးရှားနိုင်ငံတွင် အကျဉ်းသားအဖြစ်ကျခံနေခြင်းမှ မြန်မာနိုင်ငံတွင်ထပ်မံအကျဉ်းကျခံရဦးမည်ဆိုလျှင် ဟူသောအချက်နှင့်ပတ်သက်၍ လူအခွင့်အရေးအဖွဲ့များက မည်သို့ဆောင်ရွက်နေပါသနည်းဟုမေးရာ၊ သူကအစီအရင်ခံစာတွင် ဤအချက်ကိုလည်း မေးခွန်းတစ်ခုအဖြစ်မေးထားပြီးအစိုးရမှ ဖြေရှင်းပေးရမည် ဖြစ်ကြောင်း ပြောပါသည်။ UNHCR နှင့်လည်းဆွေးနွေးရမည် ဖြစ်ကြောင်းပြောပါသည်။

ထို့ကြောင့် ယခုလက်ရှိမလေးရှားအစိုးရနှင့် မြန်မာအစိုးရတို့ စီစဉ်ဆောင်ရွက်နေကြသော၊ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ကို လူအခွင့်အရေးအဖွဲ့အားလုံးနှင့် အတိုက်အခံပါတီများမှ ပြင်းပြင်းထန်ထန် ဆန့်ကျင်ဆောင်ရွက် နေသောကြောင့် မကြာမီရလဒ်ကောင်းရလာလိမ့်မည်ဟု မျှော်လင့်ရပါသည်။

အမေး။ ။ နွားကျောင်းသား (Friend Ever)

အဖြေ။ ။ Andika (Suaram)

REF: Tele-conversation

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP