မြန်မာ-မလေး အကျဉ်းသားလဲလှယ်ရေး လူအခွင့်အရေးနှင့် အဖွဲ့စည်းများမှ တုံ့ပြန်မှုများ

>> Thursday, October 20, 2011

မြန်မာအကျဉ်းသားများကို နေရပ်သို့ အတင်းအကျပ်ပြန်ပို့ခြင်းသည် ယင်းတို့၏ အသက်ကို စိုးရိမ်ဖွယ်အခြေအနေ ဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက ယနေ့ပြောဆိုလိုက်သည်။

မြန်မာ-မလေးရှား အကျဉ်းသား လဲလှယ်ရေးစီမံနေမှုကို လူ့အခွင့်အရေးအဖွဲ့များ၊ မလေးရှားရှိ ဒုက္ခသည်စောင့်ရှောက်ကူညီရေးအဖွဲ့ များက စိတ်ပျက်စိုးရိမ်မှုများဖြစ်နေပါသည်။ မနေ့က မလေးပြည်ထဲရေးဝန်ကြီး က မြန်မာဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး ဤအစီအစဉ်ကို ကြေငြာခဲ့ပါသည်။ ထိုအတွက်ကြောင့် မလေးရှားအကျဉ်းထောင်များ၊ ကမ့်များတွင် မြန်မာနိုင်ငံသားဦးရေ လျော့သွားမည် ဖြစ်ကြောင်းပြောဆို ခဲ့ကြသည်။

ထိုသတင်းသည် မလေးရှားရှိ မြန်မာလူထုအကြား စိုးရိမ်စရာတစ်ခုဖြစ်နေပါသည်။ နေထိုင်ခွင့်စာရွက်စာတမ်း အပြည့်စုံမရှိ၍ အဖမ်းဆီးခံထားရသူများ၏ မိသားစုများ၊ သူငယ်ချင်းများ၊ ဆွေမျိုးများကလည်း စိုးရိမ်နေကြပါသည်။ မလေးရှားအကျဉ်းထောင်များတွင် နေထိုင်ခွင့်စာရွက်စာတမ်းမပြည့်စုံ၍၊ သက်တမ်းကုန်လွန်နေ၍၊ မည်သည့်စာရွက်စာတမ်းမှ မရှိ၍ လ၀ကဥပဒေအရ အဖမ်းဆီးခံနေရသူ ၁၀၀၀ ကျော်ရှိပါသည်။

ရှမ်းဒုက္ခသည်အဖွဲ့ (SRO) က ယခုသတင်းသည်ဆိုးဝါးကြောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ အချက်အလက်စုဆောင်းကာ တတ်နိုင်သမျှ ဆောင်ရွက်မည်ဖြစ်ကြောင်းပြောဆိုလိုက်သည်။ ရှမ်းအဖွဲ့မှ ပြောသည်မှာ- ယခုလို ပြန်လည်ပို့ဆောင်ခြင်းသည် အပို့ခံရသူ အများစုအတွက် စိုးရိမ်ဖွယ်အခြေအနေများကြုံတွေ့နိုင်ကြောင်း ပြောပါသည်။ ဆက်လက်၍ မလေးရှားပြည်ထဲရေးဝန်ကြီး ကြေငြာချက်တွင် အလုပ်အမှုဆောင်ကော်မတီကို ဖွဲ့၍လာမည်ရက်သတ္တပတ်တွင် အသေးစိတ်စီစဉ်မည် ဟုပါရှိ၍ ယခုမည်သည့်စီစဉ်မှုများဆောင်ရွက်မှုများဆောင်ရွက်ပြီးသည်ကို မသိရှိရသောကြောင့် အန္တရာယ် ရှိကြောင်း ပြောပါသည်။

SRO က “ကျနော်တို့အနေနဲ့အဲဒီလောက်အချိန်သူတို့ အသေးစိတ်တင်ပြ ဆုံးဖြတ်မယ့်အချိန်ထိမစောင့်တော့ပဲ၊ လူအခွင့်အရေး NGO တွေဖြစ်တဲ့ Suaram, Tenganita, Bar Council တို့နှင့်ဆွေးနွေးပြီး အကြံဥာဏ်နှင့် အကူအညီများ ရယူမည်ဟု ပြောပါသည်။
Suaram လူ့အခွင့်အရေးအဖွဲ့မှ Coordinator Andika Abdul Wahab က “အကျဉ်းသားများကို ဤသို့ပြန်ပို့ခြင်းသည် ယင်းတို့အတွက် အန္တရာယ်ရှိကြောင်း၊ သူတို့ကို ဤသို့ပြန်ပို့မည်ဆိုလျှင် မလေးရှားသည် အရက်စက်ဆုံး၊ ဒီမိုကရေစီစနစ်ကို ဖောက်ပြန်သည့်နိုင်ငံ၊ နိုင်ထက်စီးနင်း အာဏာရှင်ဆန်သော နိုင်ငံအဖြစ်သတ်မှတ်ခံရပြီး ဆိုးဝါးနိုင်ကြောင်း ပြောသည်။ ယခုလို စီစဉ်ဆောင်ရွက်ခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေတွင်ပါဝင်သော အချက်ဖြစ်သည့် အန္တရာယ်ရှိ၍ ညှင်းပန်းနှိပ်စက် ခံရမည့် နေရပ်သို့ အတင်းအကျပ်ပြန်လည်မပို့ဆောင်ရေး ဟူသော ဥပဒေ ပြဌာန်းချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ပြောဆိုပါသည်။

“အကျဉ်းသားများကို လူသားမဆန်စွာ စီစဉ်ဆောင်ရွက်နေခြင်းကို ချက်ချင်းရပ်”
ဟု Andika ကသတိပေးလိုက်သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကိုစတင်ဖွဲ့စည်းသော မလေးရှားအတွက်ယခု လုပ်ရပ်မှာ နိုင်ငံတကာရပ်ဝန်းတွင် ရှက်ဖွယ်ကောင်းသည်ဟုလည်းပြောပါသည်။ မလေးရှားသည် UN Human Rights Council ၏အဖွဲ့ဝင်လည်းဖြစ်ပါသည်။ ထိုသို့သောရပ်တည်နေမှုများကြောင့် မလေးရှားသည် မြန်မာအကျဉ်းသားများ၏ အခွင့်အရေးကို လေးစားရမည်ဖြစ်ကြောင်း၊ ယင်းတို့ကိုအန္တရာယ်ရှိစေနိုင်သော စီစဉ်မှုများကို ရပ်ပစ်ရန်လိုကြောင်းပြောဆိုလိုက်သည်။

ယင်းကဆက်လက်၍ မကြာသေးခင်က မြန်မာအစိုးရ၏ နိုင်ငံရေးအကျဉ်းသားကိစ္စနှင့်ပတ်သက်၍ “မြန်မာစစ်အစိုးရ၏ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးသည်ဆိုသည်မှာလည်း လူ့အခွင့်အရေးကို အပြည့်အ၀လိုက်နာခြင်းမဟုတ်ဘဲ လှည့်စား၍ မဆိုစလောက်သာလွတ်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာအစိုးရကို လူအခွင့်အရေးနှင့် မည်သို့မှ စိတ်ချရန်မဖြစ်နိုင်ကြောင်း၊ သို့အတွက် ကြောင့် မလေးရှားအစိုးရအနေနှင့် ယခုစီစဉ်နေမှုကို ဖျက်သိမ်း၍ အကျဉ်းထောင်များ၊ ကမ့်များသို့ ဒုက္ခသည်ကူညီစောင့်ရှောက်ရေး အဖွဲ့ဖြစ်သည့် UNHCR ၀င်ရောက်၍ကူညီဆောင်ရွက်ရန်တို့ကို ခွင့်ပြုရန်လိုကြောင်း စသည့်ဖြင့် သတိပေးပြောဆိုလိုက်ပါသည်။

လူအခွင့်အရေးစောင့်ကြည့်ရေး (HTW) မှလည်းယခု အစီအစဉ်ကို ကန့်ကွက်လိုက်သည်။ HRW မှ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က မြန်မာနိုင်ငံသည် အမြင်အရ နိုင်ငံရေးတိုးတက်နေသည်ဆိုသော်လည်း အစိုးရအနေနှင့် တိုင်းရင်းသားများ နှင့် နိုင်ငံရေးသမားများ၊ ပါဝင်ပတ်သက်သူများကို ညှဉ်းပန်းနှိပ်စက်၊ ထောင်သွင်းအကျဉ်းချ၊ သတ်ဖြတ်မှုများရှိနေ ကြောင်းပြောဆိုပါသည်။

မလေးရှားပြည်ထဲရေးဝန်ကြီးအနေနှင့် ဒုက္ခသည်ကူညီစောင့်ရှောက်ရေးအဖွဲ့ဖြစ်သည့် UNHCR ကို အကျဉ်းသားများ နှင့် တွေ့ဆုံစေရန် ထောင်များ၊ ကမ့်များသို့ ၀င်ရောက်ခွင့်ပြုစေလိုကြောင်း လည်းပြောပါသည်။ Robertson ကဆက်လက်၍ ပြောသည်မှာ “အကယ်၍ မြန်မာအစိုးရဟာ သူ့နိုင်ငံသားတွေကို အမှန်တကယ်ကာကွယ်လိုတယ်ဆိုရင် သူ့နိုင်ငံသားတွေ မလေးရှားနိုင်ငံမှာ စာရွက်စာတမ်းမပြည့်စုံ၍၊ မရှိ၍ ထောင်ဒဏ်၊ ကြိမ်ဒဏ် ခံနေခြင်းမှ ကြိမ်ဒဏ်မပေးရန်ကို မလေးရှားအစိုးရနှင့် ဆွေးနွေးတောင်းဆိုခြင်းဖြင့် ပြုသင့်တယ်” ဟုဆိုသည်။ ကြိမ်ဒဏ်သည် ယခုလက်ရှိမလေးရှား၏ လူအခွင့်အရေးချိုးဖောက်သော အပြစ်ပေးမှုတစ်ခုဖြစ်ပြီး မြန်မာအစိုးရက မိမိနိုင်ငံသားများကို ကာကွယ်လိုလျှင် ဤအချက်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် မိမိနိုင်ငံသားများကို အမှန်တကယ်စောင့်ရှောက်ကြောင်း သက်သေ ပြသရပါမည်။

Ref : http://www.freemalaysiatoday.com/2011/10/18/outcry-over-myanmar-msia-detainee-swap/

နွားကျောင်းသား (Friend Ever) တတ်သလောက်လေး ဘာသာပြန်သည်။

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP