အချိန်မကျသေးဖူးလို့ ထင်ပါတယ်

>> Tuesday, September 27, 2011

ပထမဆုံးစပြောရမှာကတော့ ကျနော် နိုင်ငံရေးသမား မဟုတ်ပါဘူး။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ တက်ကြွလှုပ်ရှားသူ တယောက်သာဖြစ်ပါတယ်။ နိုင်ငံရေးပရိယာယ်ကို နားမလည်ပါဘူး။ တိုင်းပြည်တိုးတက်ပြောင်းလဲဖို့ကို စစ်မှန်စွာလိုလားပြီး နိုင်ငံရေးကို ရိုးသားစွာ စိတ်ဝင်စားသူတယောက်အနေနဲ့ ကျနော်မြင်ကြည့် တွေးကြည့်တာပါ။

ယနေ့အချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တွေ့ဆုံးဆွေးနွေးရေးနဲ့ တိုင်းပြည်ကို ငြိမ်းချမ်းညင်သာစွာ ပြုပြင်ပြောင်းလဲနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေသလို ပြုပြင်ပြောင်းလဲမှုရဲ့ အစခြေလှမ်းဟာ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ လွတ်မြောက်ရေးပဲ ဖြစ်ပါတယ်။ မတရားအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်မချင်း ကျနော်တို့ တိုင်းပြည်ဟာ ပြောင်းလဲခြင်းရဲ့ ခြေလှမ်းအစကို လှမ်းနိုင်မှာ မဟုတ်သေးပါဘူး။

စစ်အစိုးရတဖြစ်လဲ ကြံ့ဖွတ်အစိုးရဟာလည်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ စစ်တပ်က အချိန်မရွေး အာဏာပြန်သိမ်းနိုင်တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြန်လည် ပြင်ဆင်ရေးဆွဲဖို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တွင်းစစ် အမှန်တကယ်ရပ်စဲနိုင်ဖို့ စတဲ့ အစစ်အမှန်ပြုပြင်ပြောင်းလဲရေးတွေကို နည်းမျိုးစုံ အကြောင်းအမျိုးမျိုးပြပြီး ရှောင်လွှဲနေခဲ့တယ်။ တဖက်ကလည်း နိုင်ငံတကာက ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့ အစိုးရပါလို့ ထင်မြင်လာဖို့၊ အာဆီယံဥက္ကဌ ဖြစ်လာဖို့အရေးတွေကို အာသာငမ်းငမ်း လိုချင်နေပြန်တယ်။

လက်ရှိကြံဖွတ်အစိုးရဟာ ပြုပြင်ပြောင်းလဲရေးအတွက် ဘာဆက်လုပ်မယ်၊ ဘာထပ်လုပ်မယ်ဆိုတာ အဓိကကျနေပါတယ်။ ဒါကြောင့်မို့ ခုအချိန်အခါမှာ မြစ်ဆုံဆည်ဆောက်မယ့်ကိစ္စလို တိုင်းပြည်ရဲ့အကျိုးစီးပွား လူမျိုးခြားလက်ထဲအပ်မယ့်အရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒဖော်ထုတ်တာမျိုးကလွဲပြီး ကျန်တဲ့အမှတ်တရတို့ အထိမ်းအမှတ်ပွဲတို့ကို ချုံ့နိုင်သမျှ ချုံ့ပြီး လုပ်ကြရမယ့်အချိန်လို့ ထင်မြင်မိပါတယ်။

လက်ရှိအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး ကျော်ဆန်း ပြောသွားတဲ့စကားတခွန်း ရှိပါတယ်။ မြန်မာပြည်ဟာ မီဒီယာလွတ်လပ်ခွင့်နဲ့ မတန်သေးပါဘူး တဲ့။ ကြံ့ဖွတ်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ကို ဘယ်လိုအကြောင်းပြပြီး ရှောင်လွှဲရမလဲဆိုတာကို မြေခွေးကျင့်၊ မြေခွေးကြံနဲ့ အမြဲစဉ်းစား အကြံထုတ်နေကြမှာပါ။ ထပ်ပြီးတော့ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ မတန်သေးပါဘူး ဆိုတဲ့စကားမျိုး ပြောစရာဖြစ်စေပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကို နှောင့်နှေးကြန့်ကြာစေမယ့်၊ တိုင်းပြည် ငြိမ်းချမ်းညင်သာစွာ ပြုပြင်ပြောင်းလဲနိုင်ဖို့ကို အဟန့်အတား ဖြစ်စေနိုင်မယ့် ကိစ္စမျိုးကို ယနေ့အချိန်အခါမှာ ရှောင်နိုင်လေ ကောင်းလေပါပဲလို့ ထင်မြင်မိပါတယ်။

မောင်ပါလ
၂၇.၉.၂၀၁၁

6 comments:

နွေမင်းလွင် September 27, 2011 at 10:15 AM  

ဟုတ်တယ်ဗျာ..ကျနော်လည်း ကိုပါလ လို တွေးမိ မြင်မိပါတယ်။

Unknown September 27, 2011 at 7:56 PM  

ဒေါ်စုနောက်မှာ လူထုတိုက်ပွဲမရှိပဲ။တွေ့ဆုံဆွေးနွေးနေရင် အစိုးရကအထက်စီးကပဲ ဖြစ်နေမှာပေါ့။ ဒေါ်စုနဲ့ ဦးအောင်ကြည်တို့ ဦးသိန်းစိန်တို့နဲ့ အခုလိုတွေ့ဆုံဆွေးနွေးနိုင်အောင် ရွှေဝါရောင်တော်လှန်ရေးကပဲ တွန်းတင် ခဲ့တာပါ။ကျနော်ကတော့ ဘာမှမလုပ်ပဲ ဆွေးနွေးနေရင် နောက်ထက်နှစ် ၄၀ ကြာတာတောင်အဖြေထွက်မှာမဟုတ်ဘူး။ဒေါ်စုကို ထောက်ခံရင်ကနေ အစိုးရကိုပါ ထောက်ခံနေသလို ဖြစ်နေကြတာ ပြန်စဉ်းစားသင့်တယ်။

မောင်ပါလ September 27, 2011 at 8:32 PM  

chanNLD ပြောတာမှန်ပါတယ်။ ကျနော်ရေးထားတာလည်း မလုပ်ပါနဲ့ မရေးထားပါဘူး။ ကျနော်တို့ တခုမဟုတ်တခု လုပ်နေရမှာပါပဲ။ လုပ်ကြတဲ့အထဲမှာ အရေးကြီးလုပ်ရမယ့်အရာ၊ အရေးပေါ်လုပ်ရမယ့်အရာ၊ အရေးကြီးပေမယ့်အရေးပေါ်မဟုတ်သေးတဲ့အရာ၊ အရေးပေါ်လုပ်ရမှာ ဖြစ်ပေမယ့် အရေးမကြီးတဲ့အရာ၊ အရေးလည်းကြီး အရေးပေါ်လည်းလုပ်ရမယ့်အရာ ဆိုပြီး ခွဲပြီး လုပ်မယ်ဆိုရင် ပိုကောင်းကြမယ်လို့ ထင်မိပါတယ်။

မြစ်ဆုံဆည်ဆောက်ရေးကို ကန့်ကွက်ဖို့ဟာ အရေးလည်းကြီး အရေးပေါ်လည်း ဖြစ်တဲ့အရာလို့ ထင်ပါတယ်။ ပြည်တွင်းပြည်ပ ပြည်သူတွေအားလုံးကလည်း ၀ိုင်းဝန်းကန့်ကွက်နေကြပါတယ်။ ဒါဟာ လုပ်ကိုလုပ်ရမယ့်အရာတခုပါ။ ဒါပေမယ့် မြစ်ဆုံဆည်ဆောက်ဖို့ကို ကန့်ကွက်ဖို့ ဆန္ဒဖော်ထုတ်ပွဲ ဖြစ်မလာသေးပါဘူး။

ရွှေဝါရောင်တော်လှန်ရေးဟာလည်း ကျနော်တို့သမိုင်းမှတ်တိုင်တခုအနေနဲ့ နှစ်စဉ်နှစ်တိုင်း သတိတရနဲ့ အထိမ်းအမှတ်ပွဲတွေလုပ်ကြပြီး သင်ခန်းစာယူကြရမယ့် သမိုင်းမှတ်တိုင်တခုပါပဲ။

မြစ်ဆုံဆည်ကန့်ကွက်ဖို့ဟာ ယနေ့အချိန်မှာ အရေးကြီးအရေးပေါ် အမျိုးသားရေးနဲ့ တိုင်းပြည်အကျိုးစီးပွားကိစ္စဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးဟာ မြန်မာ့သမိုင်းမှာ အရေးပါခဲ့တဲ့ လွန်ခဲ့ပြီးသောအဖြစ်အပျက်ကို အမှတ်ရ သင်ခန်းစာယူကြတဲ့ကိစ္စဖြစ်ပါတယ်။

မဖြစ်မနေလုပ်ကြမယ်ဆိုရင် ကျနော်တို့ ဘယ်လိုခေါင်းစဉ်အောက်မှာ လုပ်ကြမလဲဆိုတာကို ကျနော်စဉ်းစားမိတာလေးကို တင်ပြထားတာပါ။

(ကျနော်ဟာ နိုင်ငံရေးသမားတယောက်မဟုတ်ဘဲ နိုင်ငံရေးကို စိတ်ဝင်စားလွန်းပြီး မရေးရ၊ မတွေးရ မနေနိုင်လွန်းလို့ ရေးခြင်းသာ ဖြစ်တဲ့အတွက် အမှားပါသွားရင်တော့ ခွင့်လွှတ်ပေးပါ)

Unknown September 27, 2011 at 10:11 PM  

ဟုက်ကဲ့..ကျနော်ကအငြင်းပွားချင်လို့ပြောတာမဟုတ်ပါဘူး။ အခုလည်းသူတို့ပြောတဲ့အထဲမှာ မြစ်ဆုံအကြောင်းရော နိုင်ငံရေးအကျဉ်းသားအကြောင်းရောပြောထားပါတယ်။ မြန်မာပြည်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်က အင်တာနက်မသုံးနိုင်ကြပါဘူး။ အခုသူတို့ရဲ့ လှုပ်ရှားမှုကြောင့်ပိုမိုကျယ်တဲ့ အမြင်တွေပေါ်ပေါက်လာနိုင်ပါတယ်။ဒေါ်စုမလုပ်တာနဲ့ပဲ လုပ်တဲ့သူတွေမှားတယ်မဖြစ်သင့်ပါ။လုပ်တဲ့သူတွေရဲ့ စေတာနာကိုတော့ အသိမှတ်ပြုရမှာပါ။ လောင်စာဆီနဲ့ ရွှေဝါရောင်မှာလည်း nld ဦးမဆောင်ခဲ့ပါဘူး။စားပွဲခုံပေါ်က ငြိမ်းချမ်းရေးစကားပြောနေပေမယ့် နယ်စပ်မှာဘာတွေဖြစ်နေတယ်ဆိုတာလဲ အရေးကြီးပါတယ်။

Unknown September 28, 2011 at 7:23 AM  

‎"ကျနော့်သဘောထားကျနော် ရှင်းရှင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဒီစစ်အစိုးရနဲ့  ဆွေးနွေးနေတာနဲ့  ငြိမ်ငြိမ်ဆိမ်ဆိမ် နေရမယ်ဆိုတာ မဟုတ်ဘူးလို့  ကျနော်ယူဆတယ်။ ဘာမှ ငြိမ်စရာမရှိဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုမငြိမ်မသက်ဖြစ်ရတဲ့ကိစ္စတွေက အစိုးရက လုပ်ရမယ့်ကိစ္စတွေကို မလုပ်လို့  မငြိမ်မဆိမ် ဖြစ်နေတာကိုး။ လွှတ်ရမယ့်အချိန်မှာ မလွှတ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးဘူး ဆိုတဲ့အခါကျတော့ မငြိမ်မဆိမ်ဖြစ်နေမှာ ပေါ့။ တောင်းဆိုကြမှာပေါ့။ မိသားစုတွေ၊ လိုလားတဲ့ လူတွေကတော့ ပြောကြဆိုကြမှာပေါ့ဗျာ. ဒါပဲပေါ့။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့  ဆွေးနွေးနေတဲ့ အတွက်ဆိုပြီးတော့ မလိုလားဘူးဆိုဒါတော့ အဲဒါတော့ မမှန်ဘူးလို့ ကျနော်ထင်တယ်"
(၂၇၊ စက်တင်ဘာ၊ ၂၀၁၁ ည ၇း၃၀ အာအက်ဖ်အေမှ မနေ့က လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတဲ့အပေါ် ဦးဝင်းတင်ရဲ့ သဘောထား မေးမြန်းမှု အသံလွှင့်ချက်မှ)

မောင်ပါလ September 28, 2011 at 2:35 PM  

ဟုတ်ပါတယ်။ ဘဘဦးဝင်းတင်ပြောတာရော ဒေါ်စုပြောတာရောပါ ကျနော်သတင်းထဲမှာ ဖတ်ရပါတယ်။ စကားတွေအရ သဘောထားမတူကြပါဘူး။ ဒါပေမယ့် NLD၊ ဒေါ်စု၊ ဘဘဦးဝင်းတင်၊ ဘဘဦးတင်ဦး တို့ဟာ တသွေးထဲ၊ တသားထဲ ရှိနေကြမယ်ဆိုတာ ခြွင်းချက်မရှိကျနော် ယုံကြည်ပါတယ်။ ဘဘဦးဝင်းတင်ဟာ ခုမှ ဒီအနေအထားပြောတာ မဟုတ်ပါဘူး။ ဒေါ်စု က အစိုးရနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားနေတယ်။ ဘဘဦးဝင်းတင်က နဂိုကတည်းက ကြံ့ဖွတ်အစိုးရဟာ ယုံကြည်စရာမရှိဘူးလို့ ဦးတည်ထားတယ်။ ခေါင်းဆောင်ကြီးတွေက လိမ္မာပါးနပ်စွာ အမျှော်အမြင်ကြီးစွာ နဲ့ ရှေ့ကနေလမ်းခင်းပေးထားကြပါတယ်။ ဒါကြောင့် ပို့စ်စရေးကတည်းက နိုင်ငံရေးပရိယာယ်ကို နားမလည်ပါဘူးလို့ ကျနော်ဝန်ခံထားပါတယ်။

ခေါင်းဆောင်ကြီးနှစ်ဦးရဲ့ လမ်းကြောင်းနှစ်ခုမှာ ကျနော်တို့ပြည်သူတဦးချင်းစီဟာ ဘယ်လမ်းကြောင်းကို လိုက်ပြီး ဒီခေါင်းဆောင်နှစ်ဦးကို အားဖြည့်ပေးမလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

ကျနော်စဉ်းစားမိတာက ကျနော်ကနိုင်ငံအပြင်မှာပါ။ ဒါကြောင့် ကျနော်လုပ်နိုင်တာ ကြံ့ဖွတ်ကိုအယုံအကြည်မရှိမူကို ကိုင်ပြီး ဒေါ်စုရဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကိုပဲ ထောက်ခံအားပေးနိုင်ပါသေးတယ်။ အပြင်နေပြီး ပြည်တွင်းကဆန္ဒပြကြဟေ့လို့ အော်ဟစ်နေတာ တရားမျှတမှုမရှိသလို chanNLD3016 ပြောတဲ့ ပြည်တွင်းက အင်တာနက်အသုံးပြုနည်းနေပါသေးတယ်ဆိုတဲ့ စကားအရ အကျိုးသက်ရောက်မှုလည်း မရှိသလောက်ဖြစ်နေပါတယ်။

ဘဘဦးဝင်းတင်ရဲ့ လမ်းကြောင်းကို ပြည်တွင်းက ပြည်သူတွေကပဲ လက်တွေ့ကျကျ စနစ်တကျနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာပါ။ ဒါမှလည်း ပြည်ပက အော်ဟစ်ဆန္ဒပြခိုင်းနေတာထက်စာရင် အပြစ်နည်းပြီး အကျိုးများစရာဖြစ်နိုင်ပါတယ်။

သူ့တာဝန်၊ ကိုယ့်တာဝန် အသေအချာယူပြီး ပြည်တွင်း၊ ပြည်ပ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ကြဖို့ အထူးလိုအပ်နေပါတယ်။

ပြည်ပကနေ အတင်းကြီး ပြည်တွင်းကလူတွေကိုဆန္ဒပြခိုင်း၊ သတင်းတွေကို ချဲ့ကားပြောကြ၊ ရေးကြ လုပ်ခဲ့ကြလို့ ၂၆-ရက်နေ့ ၀တ်ပြုဆုတောင်းပွဲဟာ ရဲရဲတောက် ဆန္ဒပြပွဲဖြစ်သွားပြီး လူတချို့ဖမ်းဆီးခံရပါတယ်။ ၂၇-ရက်နေ့ ဆုတောင်းပွဲဟာ ဆုတောင်းပွဲအနေနဲ့ပဲ ငြိမ်းချမ်းစွာ ပြီးသွားခဲ့ပါတယ်။

ကျနော့်ပို့စ်မှာလည်း ငြိမ်ငြိမ်ဆိမ်ဆိမ်နေရမယ်ဆိုတာ မပါပါဘူး။ လိုအပ်ရင် လုပ်ကြရမှာဖြစ်ပေမယ့် ဘေးတီးပေးနေတဲ့အတွက်ကြောင့် မဖြစ်သင့်တာတွေ ဖြစ်မလာဖို့ကို အကြံပြုထားတာပဲ ဖြစ်ပါတယ်။

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP