မြစ် နှင့် ရေကာတာ

>> Saturday, September 3, 2011

၂၀ ရာစု အတွင်း ကမ္ဘာပေါ်တွင် ကြီးမားသောဆည်ပေါင်း ၅၀၀၀၀ ကျော်တည်ဆောက်ခဲ့ကြသည်။ အကျိုးဆက်ဆိုးကျိုး များမှာမရေမတွက်နိုင်အောင် များလှသည်။ မျိုးစိတ်များ မျိုးတုန်းပျောက်ကွယ်ခြင်း၊ ရေကြီးခြင်း၊ သစ်တောနှင့် စိုက်ပျိုးမြေများပျက်စီးခြင်း၊ လူသန်းပေါင်းများ ရွှေ့ပြောင်းရခြင်း စသည်တို့ ဖြင့် ဆုံးရှုံးမှုများစွာ မရေမတွက်နိုင်။


၁။ မြစ်များသဘာဝအတိုင်း သက်တမ်းရှည် ရပ်တည်ရန် ဘာကြောင့် အရေးကြီးသနည်း။

ရှင်သန်နေသောမြစ်များသည် ကမ္ဘာကြီးအတွက်အလွန်အရေးကြီးပြီး၊ လူနှင့် သက်ရှိတို့အသက်ရှင်ရပ်တည် ရန်အတွက် သဘာအလျှောက် အကျိုးပြု၊ အကျိုးဆောင်ပေးပါသည်။ မြစ်ကြောင်းတစ်လျှောက် များစွာသော သစ်တောများ၊ သက်ရှိများ သည်မြစ်ကို မှီခို ရှင်သန်ကြသည်။ လူများ သောက်သုံးရန်၊ အပင်များ ရေရရန်၊ လျှော်ဖွပ်ရန်၊ အစားအစာ နှင့်ဆေးဝါး ဆိုင်ရာအရင်းများစွာ ပေးရန်၊ ဆောက်လုပ်ရေး အတွက်လိုအပ်သော သဲမှအစ၊ များစွာသော အရာတို့ကိုပေးဆပ်ရန် မြစ်တို့သည် တောတောင် အထပ်ထပ်ကို ပင်ပန်း ကြီးစွာ စီးဆင်းကြရသည်။ ကမ်းနားတစ်လျှောက် လူတို့အတွက် ငါးဖမ်းလုပ်ငန်း၊ သွန်ချလိုက်သော အမှိုက်သရိုက်တို့ကို သယ်ဆောင်ရှင်းလင်း၊ မြေဆီရေ၀ အောက်မြေကြောရေဖြည့်၊ ဒါတွေမက ခရီးသွားရေးအတွက်ပါ အကျိုးဆောင်သည်။ မြစ်သည် ရေကိုစီးဆင်းစေခြင်း သာမက၊ အောက်ကြမ်းပြင် နှင့် ကမ်းပါးတို့ကိုတိုက်စားပြီး၊ ယင်း၌ ပါဝင်သည့် ကြွယ်ဝသော ဓာတု ပစ္စည်း၊ ဓာတ်ဆား များနှင့် သမစေပြီး၊ လူသားတို့အတွက် စိုက်ပျိုးမြေအဖြစ် ပြန်လည် ပို့ချပေးသည်။ ပင်လယ်တွင်း စီးဝင်သော မြစ်ဝ ရေချို ရေငန် ဆုံသောနေရာသည် ငါးမျိုးပေါင်းများစွာ ရှင်သန်နေထိုင်ကြပြီး၊ လူတို့အတွက်များစွာ အကျိုးပြုသည်။
 

၂။ ဆည်ကြီးများသည် မြစ်များနှင့် ယင်းတို့၏ ပတ်ဝန်းကျင်ကို မည်သို့ သက်ရောက်စေသနည်း။

မြစ်ကြီးများတွင် ဆည်များတည်ဆောက်ခြင်းကြောင့် လူသားများ နှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေသည်။ မြစ်တစ်ခု ကို ပျက်စီးစေသောကြောင်းများတွင် ရေကာတာ ကြောင့် ပျက်စီးခြင်းသည် အဆိုးဆုံး ဖြစ်ပါသည်။ ရေကာတာ သည် မြစ်တစ်ခု၏ ရေစီးဆင်း မှုကို ထိန်းချုပ်ပြီး အသုံးချခြင်းဖြစ်သည်။ နှုန်းနှင့်ဓာတ်ဆားများ ရေကာတာ နှင့် ဆည်ထဲတွင် ပိတ်မိနေပြီး အလဟဿဖြစ်သွားခြင်း၊ မြစ်အပူချိန် နှင့် ဓာတုပစ္စည်း ပါဝင်မှု ပြောင်းလဲခြင်း၊ မြေပြိုခြင်း၊ သောင်ထွန်းခြင်း၊ ဘူမိဆိုင်ရာဆိုးကျိုးများ ဖြစ်ပေါ်ခြင်း၊ ဂေဟဗေဒစနစ် ကမောက်ကမဖြစ်ခြင်း စသည် စသည် ဖြင့် မရေတွက်နိုင်ပါ။ ယခုအခါ ရေကာတာပေါင်း ၄၅၀၀၀ ကျော်သည် ကြီးမားသောမြစ်ကြီးများကို ပိတ်၍ တည်ဆောက်ထားသည်။ ကမ္ဘာ့ရေချို ၁၅ ရာခိုင်နှုန်း ကို ရေကာတာကြီးများ၊ ဆည်ကြီးများက သိုလှောင်ထားသည်။ အကယ်၍ ကမ္ဘာ့ ဇီဝစနစ်ကြီးတည်တံ့ရန်၊ မြစ်များရေရှည်တည်တံ့ ပြီး များစွာသောသက်ရှိတို့ ရှင်သန်ရေး ဆက်လက် အကျိုးပြုနိုင်ရန်၊ ကျွန်ုပ်တို့သည် ရေကာတာများ၊ ဆည်ကြီးများ တည်ဆောက်မည့်အစား၊ အခြားသောနည်းလမ်းဖြင့် မိမိတို့လိုအပ်ချက်ကို ဖြည့်ဆည်း ရန် ကြံဆသင့်သည်။

၃။ လူတို့ကို ကြီးမားသော ရေကာတာ၊ ဆည်များက မည်သို့သက်ရောက်စေသနည်း။

ရေကာတာကြောင့် ခန့်မှန်းခြေ လူဦးရေ သန်း ၄၀ မှ သန်း ၈၀ တို့သည် မိမိ တို့၏ အိုးအိမ်မြေယာများမှ ရွှေ့ပြောင်းဖယ်ရှားခံခဲ့ရပြီး။ ယနေ့ကာလတွင် နှစ်စဉ် ခန့်မှန်းခြေ လူ ၂ သန်းမျှ ရေကာတာတည်ဆောက်ရေး စီမံကိန်းများကြောင့် ပြောင်းရွှေ့ခြင်း ခံနေကြရသည်။ ရေကာတာတည်ဆောက်သော နေရာ၏ မြစ်အောက်ပိုင်းတွင်နေထိုင်သူများမှာ ငါးဖမ်းလုပ်ငန်းများ ဆုံးရှုံးခြင်း၊ ရေညစ်ညမ်းခြင်း၊ စိုက်ပျိုးမြေများ မြေဆီမြေသြဇာ မရတော့ခြင်း၊ သဘာဝမြေသြဇာမရတော့၍ သစ်တောများ ပျက်စီးပြုန်းတီးခြင်း၊ ရေကြီးမှု ဆိုးရွား ခြင်း တို့ဖြစ်လာတော့သည်။

ရေကာတာကြောင့် နေရပ်မှဖယ်ရှားခြင်းခံရ သူများ အားလုံး လိုလိုသည် ပိုမို၍ ဆင်းရဲသွားကြပြီး၊ မည့်သည့်အကျိုးအမြတ်ကိုမျှ မခံစားရပေ။ နာဖျားခြင်း၊ ကျန်းမာရေး ပိုမိုဆိုးရွားလာခြင်း နှင့် စိတ်ဖိစီးမှုများ ခံစားရခြင်းများ ဆက်၍ဆက်၍ ခံစား ကြရသည်။ အလယ်အလတ် နှင့် အခြေခံ လူတန်းစား တို့မှာ အခံရဆုံး ဖြစ်သည်။ ဆင်းရဲသား လယ်သမားများ၊ နေရပ်မြေကို ချစ်မြတ်နိုး၍ အခြားအရပ်သို့ မပြောင်းရွှေ့ဘဲ ရသမျှနှင့် လုပ်ကိုင်စားသောက် နေထိုင်ကြသူများ။ ပြောင်းရွှေ့ခံရသူများသည် သင့်လျှော်သော လျော်ကြေးများ မရရှိကြပေ။ ပေးသောပမာဏမှာလည်း ယင်းတို့အတွက် နေရပ်ဝန်းကျင် အသစ်တွင် ပြန်လည်အခြေချ နေထိုင်ရန် လိုအပ်သောအခြေအနေ၏ ၁၀ ရာခိုင်နှုန်းပင်မလုံလောက်ပါ။ ပြောင်းရွှေ့ခံရသူများသည် ပိုမိုကောင်းမွန်သော ဘ၀အခြေအနေ ရမည်ဟု ကတိရခဲ့ကြသော်လည်း၊ တကယ်တမ်း ဘာတစ်ခုမျှ မရကြပါ။

၎။ ရေကာတာ ရင်းမြစ်ကြောင့် ရရှိသော လျှပ်စစ်သည် ရှင်းသန့် စွမ်းအင်ဖြစ်ပါရဲ့လား။

ရေကာတာများသည် လျှပ်စစ်စွမ်းအင်ထုတ်ရန် သန့်ရှင်းသော အရင်းအမြစ်မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော်ယင်းတို့ကြောင့် လူမှုပတ်ဝန်းကျင်တွင် ထိခိုက်နစ်နာ ဆုံးရှုံးမှုများစွာ ဖြစ်စေသောကြောင့်ဖြစ်သည်။ လေ့လာမှုများကပြောသည်မှာ ဆည်များတွင်သိုလှောင် ထားသောရေများတွင် သက်ရှိတို့အတွက်လိုအပ်သော ဓာတုပစ္စည်းများ ဓာတ်ပြယ်ပျက်စီးခြင်းကြောင့် ဖန်လုံအိမ် ဓာတ်ငွေ့များ ထုတ်လွှတ်မှုမှာ လေထုကို အညစ်ညမ်းဆုံးဖြစ်စေသော တွင်းထွက်လောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ထုတ်လွှတ်မှုထက် ပိုသည်။ ဘရာဇီးနိုင် အမေဇုန်သစ်တောအတွင်းရှိ Uatuma မြစ်ပေါ်ရှိ Balbina ရေကာတာကြောင့် ထုတ်လွှတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် သည် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်စက်ရုံထက် အဆပေါင်း ၂၀ မှ ၄၀ ရှိသည်။

၅။ ရေကာတာဖြင့် ထုတ်လုပ်သော လျှပ်စစ်သည် ဈေးနှုန်းသက်သာသည် မဟုတ်သလော။

စီးပွားရေးအရဆိုသော် ရေအားလျှပ်စစ်သည် ရေကာတာများ တည်ဆောက်ပြီးလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ်အလွန်သက်သာသည်။ ပြဿနာများမှာ ရေကာတာ နှင့် ရေလှောင်ကန်ဆည်ကြီးများ ဆောက်လုပ်သည့်ရာတွင် ငွေကြေး ကုန်ကျစရိတ် အလွန်များခြင်း၊ တည်ဆောက်ချိန်ကြာမြင့်ခြင်း၊ ကြိုတင်လျာထားသော ကုန်ကျစရိတ်ထက် နှစ်ဆ မှ အဆပေါင်းများစွာ ပိုမိုကုန်ကျခြင်း စသည်တို့ဖြစ်သည်။ တောင်အမေရိက ရှိ Itaipu ရေကာကိုတည်ဆောက်စက $20 billions ခန့်မှန်းခဲ့သော်လည်း၊ တည်ဆောက်ချိန် ၁၈ နှစ်ကြာခဲ့ပြီး $100 billion ခန့်ကုန်ကျခဲ့သည်။

ရေကာတာမှ မျှော်မှန်းထားသည့်လျှပ်စစ်ပမာဏ ကိုအများအားဖြင့် မရပါ။ ဆည်တည်ဆောက်သောသူများ၊ တာဝန် ရှိသူများ သည် ယင်းတို့ကြောင့် ပတ်ဝန်းကျင် နှင့် အစစ အရာရာ ဆုံးရှုံးမှု များကို တာဝန်မယူ ၀န်မခံကြပါ။ ရေအားလျှပ်စစ်ကို ဖြန့်ဝေရာတွင် ကုန်ကျစရိတ်ပိုများသည်။ အားလုံး ကိုတွက်ချက်ကြည့်လျှင် ရေအားလျှပ်စစ်သည် ဈေးနှုန်းသက်သာခြင်း မရှိပါ။

၆။ ရေကာတာဆန့်ကျင်သူများက မည်သို့အကြံပြုသနည်း။

မည်သို့သော စွမ်းအင်ပင်ရင်းမှ အပြစ်ကင်းသည်မရှိ။ စက်မှု နှင့် နည်းပညာ တစ်ဟုန်ထိုး တိုးတက်နေသော ယနေ့ခေတ်တွင်စွမ်းအင် လိုအပ်မှုမှာ မဖြည့်ဆည်းနိုင်အောင်ဖြစ်နေသည်။ စွမ်းအင်ကို တန်ဖိုး ရှိရှိမျှတစွာသုံးစွဲခြင်း၊ များစွာသောနေရာတို့တွင် စွမ်းအင်ပြုန်းတီး မှုများစွာ ဖြစ်နေခြင်း၊ (အိန္ဒိယတွင် စွမ်းအင် ၅၀% သည် သုံးစွဲသူများ ထံမရောက်ဘဲ ဆုံးရှုံးသည်။ ထိုသို့ မဖြစ်လျှင် နောက် ၁၀ စုနှစ် တစ်ခု ပို၍ စွမ်းအင်ပေးနိုင်ပြီး ယခုလက်ရှိကုန်ကျစရိတ်လည်း ကျဆင်းသွားမည်ဟု ကျွမ်းကျင်သူများကပြောပါသည်။) လျှပ်စစ်ဓာတ်အားပေးစက်ရုံ အမှန်တကယ် လိုအပ်ပြီးဆိုလျှင်လည်း လေအားစွမ်းအင်၊ နေစွမ်းအင်၊ မြေထုအပူစွမ်းအင် (အနာဂတ်တွင် တိုးတက် ဖြစ်ပေါ်လာမည့် လှိုင်းစွမ်းအင်၊ နှင့် အခြားနည်းပညာများ) တို့ သည်အကျိုးများစွာ ရှိပါသည်။ အရွယ်အစားသေးငယ်သော ရေကာတာ များကို ကျေးလက်များ၊ ရွာများ အတွက် လျှပ်စစ်စွမ်းအင်ရရန် ရည်ရွယ်သင့်သည်။ သို့သော် မြစ်ကို သဘာဝအတိုင်း ဆက်လက်ရှင်သန်စေနိုင်ပြီး၊ မြစ်၏သံယံဇာတ များကိုထိခိုက်မှုမရှိစေရ။ ရေသတ္တ၀ါ များ ရွေ့ပြောင်းနေထိုင်ခြင်းကို လည်း အဟန့်အတား မဖြစ်စေရ။ မြေသြဇာ နှုန်းမြေပို့ချ မှုကိုလည်း မထိခိုက်စေရ။ ထိုသို့သော ကန့်သတ်ချက်များ ဖြင့်သာ လက်ခံနိုင်ပါသည်။

၇။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရေကာတာကြောင့် ဆင်းရဲမွဲတေမှုမကျဆင်းအောင်မည်သို့ဆောင်ရွက်မည်နည်း။

အခြားသော ရင်းနှီး မြှုပ်နှံမှုများ ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ရေကာတာများ၊ ဆည်များဆောက်ရန်ငွေကြေးမလုံလောက်ပါ။ စီမံကိန်းတွင် လာဘ်စားမှုများ၊ နိုင်ငံရေး အရှုပ်ထွေးများ၊ ခြစားမှုများ ဖြစ်မြဲ ဖြစ်ပါသည်။ ကမ္ဘာရေကာတာ ကော်မရှင်မှ ချမှတ်ထားသည်မှာ ရေကာတာတည်ဆောက်ပါက - ပြည်သူလူထု နှင့် ရေကာတာနေရာ ၀န်းကျင်တို့ကို အသိပေး သဘောတူညီမှု ရယူခြင်း၊ သဘောတူညီမှု ရပြီးမှသာ နောက်တစ်ဆင့် လျှော်ကြေးလုံလောက် ထိုက်တန်စွာပေး ခြင်း၊ ပြောင်းရွှေ့ခံရသူများသည် ရေကာတာ မှ အကျိုးအမြတ်ခံစားစေခြင်း စသည်တို့နှင့် ပတ်ဝန်းကျင်မထိခိုက်စေသော ကြောင်း သက်သေများ စသည်တို့ကိုအခြေခံ တည်ဆောက်ရသည်။ တောင်အာဖရိက မှလွဲ၍ မည်သည် နိုင်ငံမှ လိုက်နာခြင်း မရှိ။ ထိုကြောင့်ဤ ပြဿနာကို ဖြေရှင်း ရန်မဖြစ်နိုင်သေးပါ။ ရေကာတာ မတည်ဆောက်လျှင် များစွာသော လူတို့ ဆင်းရဲမွဲတေခြင်း မရှိနိုင်။

၈။ ရေကာတာ ကြောင့်အလုပ်အကိုင် အခွင့်အလမ်း များမျှော်လင့်၍ ရပါသလား။

မရပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ပြည်ပမှ ကျွှမ်းကျင်သောပညာရှင်များ ဦးစီး၍ တည်ဆောက်ကြပြီး၊ ဒေသခံနှင့် နိုင်ငံသားတို့မပါဝင်ပါ။ တည်ဆောက်ပြီးပါက ထိန်းသိမ်း မှုကို ယင်းကျွမ်းကျင်ပညာရှင်များသာ ဆက်လက်၍ ဆောင်ရွက်ကြသည်။ လုပ်သားဦးရေ အနည်းငယ်သာ လိုသည်။ လေအားလျှပ်စစ်စက်ရုံ အလုပ်အကိုင် ၄ ဆ - မှ - ၁၀ ဆ ပို၍ဖန်တီးပေးသည်။

၉။ ရေကာတာသည် ရေကြီးမှုကိုကာကွယ်ရန်ထိရောက်သလား။

ရေကြီးခြင်းကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသော ဆည်ကြီးများကြောင့် ယခင်လူများ အတွက်မြေသြဇာရခဲ့သော ရေလွှမ်းလွင်ပြင် သည် မြေသြဇာ မရတော့။ ရေကြီးခြင်းကို ကာကွယ်နိုင်သည် ဟု စိတ်ချယုံကြည်၍နေကြပြီး၊ ပြင်းထန်ဆိုးရွားသောရေကြီးချိန်တွင် မည်သို့မှ ပြင်ဆင်မှုမရှိ ၍ အဆပေါင်းများ၊ အသက်ပေါင်းများစွာ ပို၍ဆုံးရှုံး ရပါသည်။ ရေကြီးမှုကိုကာကွယ်နိုင်သော ထိရောက်သောနည်းပညာ များရှိနေပါပြီး။

၁၀။ ရေသိုလှောင် ရန်အတွက် ဆည်ရေကာတာ လိုအပ်သည် မဟုတ်လား။

ရေသိုလှောင်ရေးသည် ကမ္ဘာပေါ်တွင် အလွန်အရေးပါ သည်။ လူဦးရေတိုးတက်လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်း စသည်တို့ကြောင့် အနာဂတ်အတွက် ရေသိုလှောင်ရန် လိုအပ်ပါသည်။ သို.သော် ရေနှင့် ဂေဟစနစ်ကို မထိခိုက် စေရပါ။ တိုးတက်သော နည်းပညာ၏ အကူအညီဖြင့် သဘာဝတရားမထိခိုက်အောင် စီစဉ်ရမည်။

၁၁။ ရေကာတာများကြောင့် အန္တရာယ် ရှိသလား။

ရေကာတာများသည် သက်တမ်းကြာလာသည်နှင့်အမျှ ပြုပြင်ထိန်းသိမ်းမှု ပိုများလာသည်။ ကမ္ဘာပေါ်ရှိ ရေကာတာ ၅၀၀၀ ကျော်သည် သက်တမ်း နှစ် ၅၀ ကျော်ပြီး။ US ရှိရေကာတာများသည် နှစ် ၄၀ သက်တမ်းရှိနေပြီး။ ယင်းတို့ကို ပြုပြင်ထိန်းသိမ်းရန် ရံပုံငွေနည်းနေပြီး၊ ဘီလီယံ များစွာကုန်ကျမည်။ သို့မဟုတ်ပါက ယင်းဆည်များသည် အနာဂတ်အတွက် အန္တရာယ်များပါသည်။ သိုလှောင်ထားသည့်ရေအလေးချိန်ကြောင့် ငလျင်လှုပ်ခြင်း၊ ငလျင်ပိုမိုဆိုးရွားစေပြီး ပြိုကျကာ ရေလွှမ်းပျက်စီးဆုံးရှုံးမှုများဖြစ်ပါမည်။ လက်ရှိရေကာတာများမှာ အနာဂတ်အတွက် အန္တရာယ်အလွန်ကြီးပါသည်။ အနာဂတ် တွင် ပိုမိုဆိုးရွားသော မုန်းတိုင်းများ၊ ရေကြီးမှုများကို ရေကာတာများက အင်အားဖြည့်ပို၍ ပြင်းထန်စေပါမည်။

၁၂။ ရေကာတာများ ဖျက်သိမ်းခြင်း။

အမေရိကန်နိုင်ငံသည် ရေကာတာဆည် ၅၅၀၀ ရှိ၍ ကမ္ဘာပေါ်တွင် အများဆုံး ဖြစ်ပြီး၊ ယခုအခါ အသစ်ဆောက်လုပ်ခြင်း မရှိတော့။ တည်ဆောက်ထားသော ဆည်များ ကြောင့် များစွာ ကုန်ကျနေပါသည်။ ရေကာတာများကို ဖျက်သိမ်းပြီး မြစ်များကို အသက်ပြန်သွင်းရန် ကြိုးပမ်းနေကြပြီး။ ပြီးခဲ့သော ၁၀ စုနှစ်အတွင်း ရေကာတာ ၁၀၀ ကျော်ဖယ်ရှားပြီး၊ မြစ်သဘာဝ နှင့် ရေစီးရှင်သန်စေရန်၊ ရေသတ္တ၀ါတို့ ပြန်လည် ရှင်သန်နေထိုင်နိုင်ရန် အပြင်းအထန် ကြိုးပမ်းခဲ့ကြသည်။

၁၃။ ရေကာတာ ဆန့်ကျင်သူများသည် ရေကာတာတည်ဆောက်မှုအားလုံးကို ဆန့်ကျင်ပါသလား။

ယေဘုယျအားဖြင့်- မဟုတ်ပါ။ ရေကာတာတည်ဆောက်မည့်စီမံကိန်းနှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုး၊ သတင်းအချက်အလက် အားလုံးကို ပြည်သူများသို့ အရင်ဆုံး ဖွင့်ဟအသိပေးကြေငြာ ရမည်။ ရင်းနှီး မြှုပ်နှံသူများသည် ပညာရှင်များစွာတို့၏ အကြံပြုချက်၊ တားဆီးချက်တို့ကို လိုက်နာရမည်။ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေး၊ ကုန်ကျစရိတ်၊ စသည့်တို့အပြင် တည်ဆောက်မှုကြောင့် ထိခိုက်နစ်နာရွှေ့ပြောင်းရမည့်သူအားလုံး သဘောတူမှသာ တည်ဆောက်ရမည်။ အရေးကြီးဆုံး အချက် - ပင်လယ် နှင့် မြစ်ဆိုင်ရာ ကျွှမ်းကျင်ပညာရှင်များ၏ - "မြစ်ကို မသေစေနိုင်၊ ဂေဟစနစ်ထိခိုက်မှု နည်း၊ အကျိုးဆက်သဘာဝဆိုးကျိုးနည်း" - ဟူသောအာမခံ ထောက်ခံချက်ရမှသာ..............................။


Friend ever ဘာသာပြန်သည်။

1 comments:

linmgmg September 9, 2011 at 11:11 AM  

ဒီပို့စ်လေးက သဘာဝပါတ်ဝန်းကျင်အတွက် အလွန်အကျိုးရှိတဲ့ ပို့စ်လေးပါ သူငယ်ချင်းရေ။ မင်းစာတွေကို မေးလ်ထဲကဖတ်နေတာနဲ့ပဲ ဒီဆိုက်ကို မရောက်ဖြစ်ဘူးဖြစ်နေတာ။ အခု လာလည်သွားတယ်နော်။

ခင်မင်စွာဖြင်း
သူငယ်ချင်း လင်းလင်း

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP