အမေစုရဲ့ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်ရဲ့နိုင်ငံရေး

>> Wednesday, June 22, 2011

တခါတုန်းက ဘုန်းကြီးတပါးဟာ ရွာထဲကို ဆွမ်းခံထွက်လာသတဲ့။ ဘုန်းကြီးကျောင်းသားလေးကလည်း နောက်ကနေဆွမ်းချိုင့်ဆွဲရင်း လိုက်လို့ပေါ့။ ဘုန်းကြီးဆွမ်းခံတဲ့အချိန်မှာပဲ ကျွဲတကောင်ကလည်း ရွာထဲမှာသောင်းကျန်း၊ မြင်မြင်သမျှ လိုက်ဝှေ့နေတယ်။

ဒီလိုနဲ့ ဘုန်းကြီးဆွမ်းခံကြွတဲ့လမ်းကို ကျွဲရောက်လာတယ်။ ဘုန်းကြီးသင်္ကန်းကလည်းနီနီ ကျွဲကလည်းအနီမြင်လို့ မရဘူးဆိုတော့ ကျွဲက ဘုန်းကြီးတည့်တည့်ကို ဒုန်းစိုင်းပြေးလာတာပေါ့။ ဘုန်းကြီးကတရားသမားဆိုတော့ မပြေးဘဲ ကျွဲကိုမေတ္တာပို့ပြီး မေတ္တာသုတ်ရွတ်ဖတ်တယ်။ ကျွဲဆိုတဲ့ကောင်က တိရိစ္ဆာန်ဆိုတော့ မေတ္တာသုတ်သော ဘာသော နားမလည်ဘဲ တရှိန်ထိုး ဘုန်းကြီးဆီကို ပြေးခတ်တာပဲ။

ဘုန်းကြီးနားကို ရောက်လုရောက်ခင်အချိန်မှာပဲ နောက်ကလိုက်လာတဲ့ ဘုန်းကြီးကျောင်းသားက ခါးပုံစထဲ ခွေးခြောက်ဖို့ထည့်လာတဲ့ လေးခွကိုထုတ်ပြီး ကျွဲရဲ့နှာယောင်ကို ပစ်ထည့်လိုက်တာ တချိုးတည်း နောက်ပြန်လှည့်ပြေးပါလေရော။ ကျောင်းသားလည်း လေးခွကို ခါးပုံစထဲ ပြန်ထည့်ရင်း ဘုန်းကြီးကို လျှောက်လိုက်တယ်။

“အရှင်ဘုရား၊ မေတ္တာသုတ်နဲ့ တန်တဲ့သူဟာ မေတ္တာသုတ်ရွတ်ဖတ်ရုံနဲ့ ရတယ်ဘုရား။ လေးခွနဲ့တန်တဲ့ ခုလိုတိရိစ္ဆာန်တွေကျတော့ လေးခွနဲ့မှ ရမယ်ဘုရား” တဲ့..............။

တိုက်ပွဲတွေလည်း စနေကြပြီ။ မြန်မာပြည်တွင်းစစ်လည်း အစိုးရသစ်လက်ထက်မှာ အလျှံတညီးညီးနဲ့ တောက်လောင်ဖို့ တာစူနေပါပြီ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမမွေးနေ့မှာ ပြည်တွင်းငြိမ်းချမ်းရေးကို မွေးနေ့လက်ဆောင်အဖြစ် လိုချင်ပါသတဲ့။ တတိုင်းပြည်လုံးသာမက နိုင်ငံတကာက မြန်မာအသိုင်းအ၀န်းအတွင်းမှာ ဟိုးဟိုးကျော်သွားတဲ့ မွေးနေ့လက်ဆောင်ပါ။

လက်ရှိအစိုးရကတော့ ဒုံးကျည်ထိပ်ဖူးမှာ ငြိမ်းချမ်းရေးဆိုတဲ့ စာတန်းချိတ်ပြီး မြန်မာပြည် တနံတလျား လိုက်ကြဲချလို့ အမေစုတောင်းတဲ့ မွေးနေ့လက်ဆောင်ကို ပေးနေပါပြီ။

အမေစုလိုချင်တဲ့ မွေးနေ့လက်ဆောင်၊ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့အတွက် စတေးခဲ့ရတဲ့ အသက်တွေ၊ သွေးတွေ၊ ဘ၀တွေလည်း မနည်းတော့ပါဘူး။ ဒါပေမယ့် အဲဒီသွေးတွေ ဘ၀တွေနဲ့ ငြိမ်းချမ်းရေးဆိုတာကို ခုချိန်ထိ ကမ္ဗည်းမထိုးနိုင်သေးပါဘူး။

တခါတလေမှာများ မအပ်မရာ စဉ်းစားမိပါရဲ့။ အမေစုရဲ့ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ လက်ရှိအစိုးရဟာ မေတ္တာသုတ်ရွတ်နေတဲ့ဘုန်းကြီးနဲ့ လေးခွပဲကြောက်တဲ့ကျွဲလိုများ ဖြစ်နေမလားရယ်လို့...........။ အဲဒါဆိုရင်တော့ ဘုန်းကြီးကျောင်းသား လေးခွဆောင်ထားဖို့ လိုပြီ။

မောင်ပါလ
၂၂.၆.၂၀၁၁

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP