အမေ့ကိုတွေ့ရင် ပြောပေးပါ

>> Monday, April 25, 2011

“အမေ……”
လို့ လှိုက်လှိုက်လှဲလှဲ အားရပါးရ တခါလောက်များ ခေါ်ခွင့်ရမယ်ဆိုရင်လေ………..

တကယ်ပါအမေ..…။ တရံမလပ် ငတ်မွတ်စွာ မျှော်လင့်ခဲ့ရတဲ့ ဘ၀မှာအဖြစ်ချင်ဆုံး ဆန္ဒတခုပါ။ ကံကြမ္မာက ရက်စက်လွန်းတယ်အမေရယ်။ လူမှန်းသိတတ်စအရွယ်ကတည်းက မိဘဆိုတာ ဖြူသလား မဲသလားမသိဘဲ သူတပါးရင်ငွေ့နဲ့ လူလားမြောက်ခဲ့ရတယ်။ တခါတလေမှာများအမေ…. မိဘမဲ့ဘ၀နဲ့ လူရယ်လို့ဖြစ်တည်ခွင့်ရခဲ့တဲ့ ရှေးဘ၀ကုသိုလ်ကိုတောင် အသည်းနာမိတယ်အမေရယ်….။

ဘုန်းကြီးကျောင်းဘေး သစ်ပင်ရိပ်အောက်က မွေးကင်းစကလေးတယောက်ကို ကောက်ယူကျွေးမွေးခဲ့တဲ့ ဆရာတော်ဘုရားကြီးနဲ့ ကပ္ပိယကြီးကိုပဲ မိဘအရင်းလို မှတ်ထင်တွယ်တာခဲ့ရတာပါ။ ကျောင်းတက်ရမယ့်အရွယ်မှာ ကပ္ပိယကြီးက ကျောင်းလိုက်ပို့ပေးတယ်အမေ။ ကျောင်းဝင်ဖောင်ဖြည့်လို့ မိဘနာမည်ရေးရမယ့်နေရာကျတော့ ရိုးအအကပ္ပိယကြီးလည်း ဘာဖြည့်ရမှန်းမသိဖြစ်နေတယ်။ ဒါနဲ့ပဲ ကပ္ပိယကြီးက ကျောင်းအုပ်ဆရာမကို ကျနော့်အကြောင်းပြောပြတော့ ကျောင်းရုံးခန်းမှာရှိနေတဲ့ ဆရာ၊ ဆရာမတွေ စုတ်တသပ်သပ်နဲ့ ကရုဏာသက်ကြတယ်အမေ။ ဆရာမကြီးက သင့်တော်တဲ့မိဘနာမည် အစားထိုးထည့်ပေးလို့ အဆင်ပြေခဲ့ပေမယ့် အဲဒီအချိန်ကစပြီး တခါတလေလိုအပ်လို့ မိဘနာမည်အရင်း ထည့်ရမယ့်နေရာတွေမှာ ကျနော်တွေဝေနေခဲ့ရတယ်အမေ။ ဒီအသက်အရွယ်အထိ ဆရာမကြီးပေးခဲ့တဲ့ အဖေ၊ အမေနာမည်တွေနဲ့ပဲ ကျနော်ရှင်သန်ခဲ့ရတယ်။ ဘုရားကပေးတဲ့မိဘ ကျနော်မရခဲ့ဘူးအမေရယ်…….။

ခြောက်တန်းကျောင်းသားဘ၀က မှတ်မှတ်ထင်ထင် အဖြစ်အပျက်တခု ခုချိန်ထိ ကျနော့်ရင်ထဲမှာရှိနေတုန်းပါအမေ။ မြန်မာစာဆရာ အိမ်စာပေးလိုက်တဲ့ “မိဘကျေးဇူး” ဆိုတဲ့စာစီစာကုံး……။ ကျနော်ရေးဖို့ စကားလုံးတွေ ပျောက်ဆုံးနေခဲ့တယ်အမေရယ်…။ အရွယ်ခပ်ငယ်ငယ်က မရင့်ကျက်သေးတဲ့အတွေးနဲ့ ကျနော်ရေးဖို့ တွန့်ဆုတ်နေခဲ့တာ အမေခွင့်လွှတ်နိုင်မှာနော်။ ဒါပေမယ့်အမေ…… စာစီစာကုံးကို ကျနော်မျက်ရည်တွေတွေကျရင်း ပြီးအောင်ရေးခဲ့တယ်။ ဆရာရိုက်မှာ ကြောက်လို့မဟုတ်ဘူးအမေ။ အမေမွေးထုတ်ခဲ့တဲ့ အမေ့သားဟာ မိဘကိုမတွေ့ဖူးခဲ့ပေမယ့် မိဘကျေးဇူးကို သိတတ်ပါတယ်ဆိုတာ ကျနော်ရေးတဲ့စာနဲ့ အမေ့ကိုသက်သေပြချင်တယ်။ အဲဒီတုန်းကလေအမေ……….. ကျနော်စာစီစာကုံးရေးနေတာကိုကြည့်ရင်း ကပ္ပိယကြီးလည်း မျက်ရည်ကျနေတယ်… အမေရဲ့..။

မိဘရင်ခွင်နဲ့ ဝေးခဲ့ရပေမယ့် ဘာသာတရားရဲ့ထိန်းကွပ်မှုအောက်မှာ စာပေတွေနဲ့အရွယ်ရောက်ခဲ့လို့ အမေ့သား လူမိုက်တယောက်မဖြစ်ခဲ့ပါဘူးအမေ။ ဆရာတော်ကြီးရဲ့ သွန်သင်ဆုံးမှုကို မြေ၀ယ်မကျနာခံရင်း မိဘမေတ္တာကိုစော်ကားတဲ့စိတ်လည်း မျက်တောင်တခတ်သောအချိန်မျှ မရှိခဲ့ပါဘူး။ မိဘကျေးဇူးကိုလည်း တရံတဆစ်မျှ မပြစ်မှားဖူးခဲ့ပါဘူးအမေ။ “အမေမှန်ရင်လေ…အမေ.. နားနဲ့မနာ ဖ၀ါးနဲ့နာ ပြောလိုက်ပါရစေတော့… အမေဟာ ကျနော့်လက်ထက်ထဲမှာ… ကျနော့်မျက်စိအောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ… အမေဟာ အမေပါပဲအမေ….” ဆိုတဲ့ ဘဘဦးသုခရဲ့စကားတခွန်းဟာ အမေနဲ့ထပ်တူ ကျနော့်ရင်ထဲမှာ ရှင်သန်နေလျက်ပါအမေ။ ဒါပေမယ့်အမေရယ်….. မိဘတိုင်းက သားသမီးတွေကို ချော့မြူယုယနေကြတာ မြင်ရင်လေ….. သူတို့ကိုမုဒိတာပွားရင်း အမေ့ကိုသတိရတဲ့စိတ်နဲ့ ကျနော်မျက်ရည်ကျိတ်ကျခဲ့ဖူးတယ်အမေ။

မွေးစားခဲ့တဲ့ ဆရာတော်နဲ့ ကပ္ပိယကြီးတို့ကျေးဇူးကြောင့် စာတတ်ဘွဲ့ရတယောက်ဖြစ်ခဲ့ပေမယ့် တနေရာတည်းမှာ အမြဲနေရမယ့်အလုပ်ဆိုရင် ဘယ်လောက်ကောင်းကောင်း ကျနော်ရှောင်ခဲ့တယ်အမေ။ အဲလိုအလုပ်မျိုးလုပ်မယ်ဆိုရင် အမေ့ကိုရှာဖို့ ကျနော်အခွင့်အရေးရမှာ မဟုတ်ဘူးလေအမေ။ အထုပ်တထုပ်ဆွဲ၊ တွေ့ရာအလုပ်ဝင်လုပ်၊ နေရာတကာရောက်ရင်း အမေ့အရွယ် အမျိုးသမီးကြီးတွေကို အမေများဖြစ်နေမလားဆိုတဲ့အတွေးနဲ့ တမေ့တမောငေးမောရင်း အမော့ဆို့ခဲ့တဲ့ညနေများစွာကို ရင်ဗလာနဲ့ ကျနော်ဖြတ်သန်းခဲ့ရတယ်အမေ။ ဒါပေမယ့်လေ… မနက်ဖြန်ပေါင်းများစွာမှာ အမေ့ကိုတွေ့နိုင်ပါသေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကောက်ရိုးတမျှင်နဲ့ ကျနော်ရဲ့မနက်ခင်းတွေဟာ အမြဲလန်းဆန်းတက်ကြွနေခဲ့တယ်အမေ။

အကယ်၍များဗျာ…….. သားပျောက်ရှာနေတဲ့ အမေတယောက်ယောက်နဲ့ စာဖတ်သူ တနေရာရာမှာများ ဆုံမိခဲ့မယ်ဆိုရင် ဘယ်ဘက်ရင်ဘတ်မှာ ကျပ်ပြားစေ့မရှိတရှိအရွယ် မွေးရာပါအမှတ်တခုနဲ့ လူတယောက်လည်း မိခင်မေတ္တာကို မွတ်သိပ်တောင့်တစွာ အမေပျောက်ရှာနေတယ်ဆိုတဲ့အကြောင်း လမ်းကြုံပြောပေးကြပါဗျာ။ အမေ့ရဲ့မွေးကျေးဇူးကို စပါးစေ့တထောက်စာလောက်ပဲဖြစ်ဖြစ် ဒီဘ၀မှာ ပြန်ဆပ်ခွင့်လေးရခဲ့ချင်လို့ပါ။ ပြီးတော့လေ…… ကျနော်ငယ်ငယ်ကရေးခဲ့တဲ့ စာစီစာကုံး အမေ့ကိုပြရအုံးမယ်။

သြော်…. အမေရယ်… အမေ၀မ်းနဲ့လွယ်မွေးခဲ့တဲ့ အမေ့သားရင်ဘတ်မှာ မွေးရာပါ အမှတ်တခုရှိတယ်ဆိုတာကိုတောင် အမေသိမှသိပါ့မလား…..။

(ကျေးဇူးရှင်မိခင်ကြီးအား ဤစာပိုဒ်ဖြင့် အမေ့သားမိုက် ဦးခိုက်ပါ၏)

မောင်ပါလ
၂၆.၀၄.၂၀၁၁

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP