အိပ်မက်ကို အသက်သွင်းကြစို့

>> Tuesday, April 12, 2011

အရှင်ကောင်း (ရွှေဝါရောင်)
ဧပြီ ၁၁၊ ၂၀၁၁

လူမည်းခေါင်းဆောင် “မာတင်လူသာကင်း (ဂျူနီယာ) ရဲ့ နှစ်ပတ်လည်နေ့မှာ သူတို့ ရောက်လာကြတယ်။ မျက်နှာစိမ်းတွေပေမယ့် အိမ်ရှင်ဝတ်မပျက် နေရာပေးခြင်း နှုတ်ဆက်ခြင်း ပဋိသန္ဓာရ တွေကိုပြုလိုက်တယ်။ လာရင်းအကြောင်းကို ပြောပြတော့မှ၊ သူတို့ဟာ တိုင်းရင်းသားတွေဆိုတာ သိလိုက်ရတယ်။ လာမည့် ၂ လပိုင်းမှာ ကျရောက်မည့် သူတို့ အမျိုးသားနေ့ကျင်းပဖို့ ဒီမှာနေတဲ့ လူတယောက်ကို လာဖိတ်ခြင်း တဲ့။

ဒါနဲ့ စကားအလျင်မပြတ်ဖို့ စကားဆက်ရှာပြီး

“ဒီမြို့မှာ မောင်ရင်တို့ အမျိုးသားဦးရေ ဘယ်လောက်ရှိလဲ”

လို့ စေ့ငုကြည့်မိတယ်။

မများလှ၊ လက်သုံးဖက်စာမျှသာ၊ သို့သော် နည်းများ အရေအတွက်ထက် သူတို့ရဲ့ အမျိုးသားစိတ်နဲ့ အမျိုးသားဂုဏ်ကို မမေ့မလျော့ရှိမှုကို သဘောကျမိတယ်။ ဒါကြောင့် သူတို့လူမျိုးရဲ့ သမိုင်းခမ်းနားခဲ့ပုံကို သိသလောက်ပြောပြဖို့ စလိုက်တော့

“ဟုတ်တယ် အခုတော့ ဗမာတွေက ကွန်မြူနစ်နည်းတွေနဲ့ အနိုင်ကျင့်တာခံနေရကြောင်း”

တယောက်က ခက်မာမာ တုံ့ပြန်လာတယ်။

အံ့သြသွားမိပေမယ့် မသိကျိုးနွံနဲ့

“ဗိုလ်ချုပ်အောင်ဆန်း အားထုတ် စုစည်းထားခဲ့တဲ့ Federal မူက အသက်မဝင်ခဲ့လို့ ဖြစ်ရကြောင်း”

ပြောမိတော့၊

“ဟုတ်တယ် Federal မူကို သူတို့က လက်ခံကြောင်း၊ ဗမာတွေကသာ မပေးချင်ဘဲ မောင်ပိုင်စီးထားတာ”

တဲ့။

ရော … … … ခက်ပ၊ ဗမာတွေ မဟုတ်ကြောင်း၊ တချို့ဗမာတွေသာဖြစ်ကြောင်း၊ အဲဒီ ဗမာတွေကလည်း အာဏာကို အသေဖက်တွယ်ပြီး စိတ်ကြီးဝင်နေသူ လူတချို့သာဖြစ်ကြောင်း ရှင်းပြမိပြန်တယ်။ ဒါပေမယ့်

“ဗမာဆိုရင် အတူတူနဲ့ အနူနူပဲ၊ လူမျိုးကြီးဝါဒကို ကျင့်သုံးသူတွေဖြစ်တယ်”

လို့ လေသံဝဲဝဲနဲ့ စောဒကတက်ပြန်တယ်။ ဘယ်လိုပြောပြရပါ့၊ ခုမှဆုံဖူးသူ၊ ဧည်စိမ်းတယောက်ကို အငြင်းအခုန်ထဖို့ မလျော်၊ အခုတော့ မြင်မြင်ခြင်း ဆောက်နဲ့ထွင်းဆိုသလို ဖြစ်မှဖြင့်၊ တခါမှ သူတို့အပေါ် (သူတို့မှ မဟုတ်ပါဘူးလေ) ဘယ်တိုင်းရင်းသားကိုမှ လူမျိုးငယ်လို့ မတွေးမိရိုးအမှန်ပါ။ အမျိုးစွဲပြင်းပြီး အမြင်ကျဉ်းမြောင်းသူ တချို့တလေတော့ ရှိကောင်းရှိမှာပေါ့၊

ဒါကြောင့် သူ့ စောဒကကိုဖြေဖို့ စဉ်းစားတော့ အကောင်းဆုံး စကားလေးတခွန်းကို ရုတ်ချည်းအမှတ်ရလိုက်မိတယ်။ အကျယ်ချုပ်ကလွတ်စ ပြောကြားလိုက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားလေး။

“ဟုတ်ပါတယ် ကျမတို့က လူမျိုးကြီးပါ၊ ဒါပေမယ့် အခွင့်အရေး ပိုယူမည့် လူမျိုးကြီး မဟုတ်ပါဘူး၊ တာဝန်ပိုယူမည့် လူမျိုးကြီးပါ” တဲ့။

ဘယ်လောက်ပြည့်စုံပြီး အားပါတဲ့စကားပါလဲ၊ ဘယ်လောက် အနှစ်ပြည့် အချိန်စီးတဲ့ ရင်တွင်းသံပါလဲ။

တချို့ခေါင်းဆောင်တွေ နှစ်ပေါင်းများစွာ ပြည်ထောင်စု မပြိုကွဲရေးတွေ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးတွေ၊ ပြောလာ ရေးလာ မိန့်ခွန်းတွေပေးလာရုံမက၊ စာအုပ်တိုင်းမှာ မပါမနေရ အာဏာနဲ့ ထည့်ခိုင်းလာလိုက်ကြတာ “ဝမ်းမသန့်ဘဲ ခံတွင်းနံ့ မကောင်းနိုင်” ဆိုသလို ဓာတ်ခံဆိုးနဲ့ စည်းရုံးရေးစကား ဘယ်လောက်ပြောပြော ပြည်သူက နားမဝင်နိုင်ဘူး၊ မယုံကြည်နိုင်ဘူး။

မဆလ လက်ထက်ကဆို ပြည်ထောင်စုနေ့ကြီးတွေ တခမ်းတနားကျင်းပ၊ အလံတော်ကြီးကို အနှံ့သယ်ယူနဲ့၊ အပေါ်ယံ သွေးစည်း ပြခဲ့တာထက် သည်စကားလေးက ဘယ်လောက်တာသွားလဲ၊ တိုင်းရင်းသားသွေးစည်းမှုကို ဘယ်လောက် အထောက်အကူပြုလဲ၊ ဒါပေမယ့် ဒီဆရာလေးကတော့ အဲဒီစကားကို မကြားမိလိုက်လေသလား၊ ဒါမှမဟုတ် “နားမဝင် ရင်မဆံ့” လေသလား တော့မသိ။

“ဘာပဲဖြစ်ဖြစ် သူတို့ဟာ တလျှောက်လုံး အနှိမ်ခံရတာ၊ ဒါကြောင့် ဘယ်သူကိုမှ မယုံကြည်ဘူး”

လို့ ဆိုလာပြန်တော့၊ “ကျားကျားမီးယပ်” ထင်ရဲ့ဆိုပြီး ဘာမှမပြောတော့ဘဲ လက်လျော့မယ်လုပ်ပြီးမှ

“ဘယ်လိုနှိမ်ခံရတာလဲ”

လို့ မေးမိတယ်။ အဲဒီတော့လည်း သူရေရေရာရာ မပြောနိုင်၊ စဉ်းစားကြည့်မိတယ်၊ တိုင်းရင်းသားတွေကို ရယ်ပွဲဖွဲ့တဲ့ ဟာသတွေ၊ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေကြောင့်များလား “လှေက မမော လူသာ မောပါလားဝေး … …” ဆိုတဲ့ ပုံပြင်တို့ “ငါတို့ ဗမာတွေ အိပ်ရင် ချွတ်ချွတ် ချွတ်ချွတ်နဲ့ မြည်တယ်” ဆိုတဲ့ ပုံပြင်တွေဟာ နှိမ့်ချသလိုများ ဖြစ်ခဲ့လေရော့သလား၊ ဒါတွေဟာ ရယ်မောရုံသက်သက်သာ ဖြစ်ကြောင်း၊ အထင်သေးနှိမ်ချလို၍ မဟုတ်ကြောင်း၊ ဗမာတွေကိုယ်တိုင် အမြီးအမောက်မတည့်တဲ့ အဖြစ်တွေကြုံရင်လည်း ခုလို ရယ်စရာ အရွန်းဖောက်တတ်ကြကြောင်း၊ ဗမာဘက်က အခမဲ့ ရှေ့နေ လုပ်မိပြန်တယ်။

အဲဒီအခါမှ မောင်မင်းကြီးသား ရောင့်တတ်သွားလိုက်ပုံက

“သမိုင်းကိုပြန်ကြည့် သူတို့ကသာ နေရာတကာ အနှိမ်ခံခဲ့ရကြောင်း”

ဒေါနဲ့မောနဲ့ ပြောပါတော့တယ်။ ဟုတ်ပြီ၊ သူက သမိုင်းနဲ့ချီလာတော့ ကိုယ်ကလည်း အားကျမခံ

“တမြေထဲနေ တရေထဲသောက်လာကြတော့ သူတပြန် ကိုယ်တလှည့် အားပြိုင်မှုတွေ ရှိခဲ့ကြကြောင်း၊ အခုလည်း ရှိသလို နောင်လည်းရှိမှာ ဖြစ်ကြောင်း၊ အင်းဝခေတ်ကိုကြည့်ရင် အနှစ် ၄၀ ကျော် စစ်ခင်းခဲ့ကြတဲ့ ဖြစ်ရပ်တွေကိုတွေ့နိုင်ကြောင်း၊ အင်းဝက အင်အားကြီးတဲ့အခါ ဟံသာဝတီကို သွားတိုက်လိုက်၊ ဟံသာဝတီက အင်အားကောင်းတဲ့အခါ အင်းဝကို လာတိုက်လိုက်နဲ့ စစ်ပြိုင်ခဲ့ကြတယ်၊ ဒါပေမယ့် စစ်ညောင်းတဲ့အခါ “သမီးပေး သမက်ပြု” “နှမပေး ယောက်ဖယူ” နဲ့ ပြေငြိမ်းခဲ့ကြတာပဲ မဟုတ်လား …”

လို့ အကျယ်တဝင့် ပြောပြမိတယ်။

ပိုထင်ရှားစေချင်လို ဆက်ပြီး နောက်ဆုံးအကြိမ်ဆို ဟံသာဝတီကတိုက်လို့ အင်းဝ ပျက်သုဉ်းသွားရကြောင်း ထောက်ပြမိတော့

“ဒီ ဘုရင်ခေတ်ကဟာတွေ ပြောနေလို့ ဘာမှမထူးဘူး၊ လက်ရှိ အခွင့်အရေးမတူတာက အဓိက”

လို့ ဆိုလေပြန်တယ်၊ ဘယ်အခွင့်အရေးတွေလည်းလို့ မေးမိတော့၊

“အုပ်ချုပ်သူ လူတန်းစားတွေဟာ ဗမာတွေချည်းဖြစ်ကြောင်း၊ သူတို့ကို ဖိနှိပ်တဲ့သူတွေဖြစ်ကြောင်း”

မကျေမချမ်း ပြောပြန်တယ်။

သူပြောတဲ့ အုပ်ချုပ်သူဆိုသူတွေထဲမှာ တိုင်းရင်းသားတွေ မပါဘူးဆိုတာ သေချာရဲ့လား၊ ထဲထဲဝင်ဝင်ရော သိလို့လားလို့ မေးမယ်ပြုပြီးမှ လိုရင်းကိုပဲပြောတော့မယ်လို့ တွေးမိကာ

“အဲဒီအုပ်ချုပ်သူ ဆိုသူတွေဟာ လူတစုသာဖြစ်ကြောင်း၊ စနစ်တခုရဲ့ ကြိုးဆွဲသူများသာဖြစ်ကြောင်း၊ စနစ်နဲ့လူမျိုး၊ အုပ်စိုးသူနဲ့ အုပ်စိုးခံသူတို့ကို ခွဲခြားမြင်စေလိုကြောင်း၊ မတရားအုပ်စိုးသူမှန်လျှင် ဘယ်လူမျိုးမှ မကောင်းနိုင်ကြောင်း၊ ဒါကြောင့် မကောင်းတဲ့ စနစ်ဆိုးကို တတ်ညီလက်ညီ ပယ်ရှားပြီး ကောင်းတဲ့စနစ်နဲ့ အစားထိုးကြရမှာ ဖြစ်ကြောင်း၊ အခုလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ လိုလားသူတွေ ကြိုးစားနေကြကြောင်း၊ စနစ်ကောင်းလာရင် အားလုံးညီမျှမှာဖြစ်ကြောင်း၊ အခုရောက်ရှိနေကြတဲ့ အမေရိကန်ပြည်ထောင်စုကိုပဲ ကြည့်၊ လူမျိုးတွေစုံသလောက် တပြည်နယ် အုပ်ချုပ်ပုံတမျိုးလို့ ဆိုရအောင် ကျယ်ပြောကြောင်း၊ ဒါပေမယ့် စနစ်ကကောင်းပြီး အခြေခံ ဥပဒေက ခိုင်မာတော့ အားလုံးတူညီ နေထိုင်နိုင်ကြကြောင်း”

ရှည်ရှည်လျားလျား ပြောပြမိလိုက်ပါတော့တယ်။

ဒါပေမယ့် မောင်မင်းကြီးသားကတော့ မလျော့ရေးချ မလျော့

“အမေရိကန်နဲ့ နှိုင်းစရာ မဟုတ်ကြောင်း၊ ဗမာတွေကသာ ဥပဒေမဲ့ အနိုင်ကျင့်နေကြတာ” တဲ့။

နောက်တချီ လာပြန်ချည်သေးလို့ သာအော်လိုက်ချင်ပါတော့တယ်။ ခက်ပါသော်ကော၊ စနစ်နဲ့ လူမျိုးခွဲခြားမြင်ဖို့၊ စနစ်ဆိုးကို ကိုင်စွဲသူဟာ လူမျိုးကို ကိုယ်စားမပြုနိုင်ကြောင်း၊ သိစေချင်တာ၊ ဘယ်လိုမှ နားမပေါက်ပါလား။ သူကပဲ အစွဲပြင်းတာလား၊ အုပ်ချုပ်သူတွေကပဲ အဲဒီအစွဲပြင်းအောင် အုပ်ချုပ်ခဲ့လေရော့သလား၊ နယ်ချဲ့ ဆိုတဲ့ ဗြိတိသျှအစိုးရလောက်မှ တာဝန်မကျေခဲ့လို့လား၊ အင်း … … … … …။

လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာတော့ … … … … အား ဟုတ်ပြီ၊ ဒါကို သူ့ကို ပြောပြရမယ်၊ ဒါဆို လူမျိုးကြီး လူမျိုးငယ်မခြား အခွင့်တူခဲ့ပုံကိုတွေ့ရပြီး၊ စနစ်ကောင်းရင် လူမျိုးမရွေး ကောင်းစားစေနိုင်ပုံကို ထင်ရှားမယ်ဆိုပြီး

“မြန်မာပြည်ရဲ့ ပထမဆုံး သမ္မတကို သိလား”

လို့ မေးမိတယ်၊

သိတယ် “ဦးနု” တဲ့၊

အတော်စိတ်ပျက်သွားတယ်။ သူရဲ့လူမျိုးစွဲပြင်းမှုဟာ မဆန်းလို့တွေးမိတယ်၊ “အာရာနဂ္ဂါဟိတာ မောဃာစရိတဿ ဒုပ္ပဋိနိဿဂ္ဂိတာ” “အမြင်ကျဉ်းမြောင်းသူသည် အယူအစွဲသန်၏” ဆိုတဲ့ ရှင်မဟာဗုဒ္ဓဃောသရဲ့စကားကို အမှတ်ရမိတယ်။ သူတို့လူမျိုးကိုသူတို့ တကယ်ရော မြှင့်မှမြှင့်နိုင်ပါမလားလို့ စိတ်မကောင်း တွေးမိတယ်။ ဒါကြောင့် ပြောလက်စလေး လက်စသိမ်းဖို့

“မဟုတ်ဘူး ဦးနုက ဝန်ကြီးချုပ်၊ သမ္မတက စဝ်ရွှေသိုက်၊ နောက် သမ္မတက မန်းဝင်းမောင်၊ ဆမားဒူးဝါးကြီး တတ်မည့်အလှည့်မှာ စစ်တပ်က အာဏသိမ်းသွားခဲ့တာ၊ ဒါကိုကြည့်ရင် လူမျိုးရေးခွဲခြားတာတို့၊ နှိမ်ချတာတို့ ဆိုတာတွေဟာ လူမျိုးနဲ့မဆိုင်ကြောင်း၊ စစ်အာဏာရှင် စနစ်ဆိုးကြောင့်သာဖြစ်ရတဲ့ အကျိုးဆက်များဖြစ်ကြောင်း”

ပြောလိုက်မိတယ်၊ (ဒီတခါ လေသံနည်းနည်းကျယ်သူက ကိုယ်ကိုယ်တိုင် ဖြစ်သွားတာကိုတော့ ဝန်ခံပါရဲ့)။

ဒါလောက်ဆို ပြောပြလိုက်တဲ့ သမ္မတကြီးတွေရဲ့ နာမည်ရှေ့က နာမဝိသေသနပုဒ်တွေကိုကြည့်ပြီး တိုင်းရင်းသားတွေကို အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ နေရာနှင်းခဲ့ပုံတွေကို သူ တွေ့တန်ကောင်းပါရဲ့၊ သူတို့ လူမျိုးရဲ့အလှည့်လည်း မတိုင်မှီ အာဏာသိမ်းခံရတာကိုလည်း စဉ်းစားမိတန်ကောင်းပါရဲ့လို့ အတွေးလေးတောင် မဆုံးလိုက်

“ဘာပဲဖြစ်ဖြစ် အခုလက်ရှိမှာ ဗမာတွေကသာ အခွင့်အရေး ပိုယူနေကြကြောင်း၊ ဒါကြောင့် လက်မခံနိုင်ကြောင်း”

ထပ်လောင်းလာပြန်ပါတယ်။

ကိုင်း … … တတ်သမျှ မှတ်သမျှလည်း ကုန်လုပြီ၊ ပါးစပ်လည်း အမြှုပ်ထွက်လုပြီ၊ လက်ရော ခြေရော ပါးစပ်ရော လျှော့တော့မည်။ မုန်းတီးမှုကို အခြေခံတဲ့ အတွေးအမြင်နဲ့၊ အတွေးအမြင်ကို အခြေခံတဲ့ မုန်းတီးမှုဟာ ဘယ်လိုမှ မျဉ်းညှိလို့ရနိုင်မယ် မထင်။

ဒါကြောင့်

“အေး … မောင်ရင်ပြောတဲ့ အခွင့်အရေး တူမတူဆိုတာ ဘာကိုရည်ရွယ်မှန်း ကိုယ် မသိပါဘူး၊ အခွင့်အရေးတူတာ တခုတော့ ပြောလိုက်ပါရစေ၊ စစ်အာဏာရှင်ရဲ့လက်အောက်မှာ ဖိနှိပ်ညှဉ်းဆဲ ခံရမှုတွေကတော့ လူမျိုးမခွဲ ဘာသာမခြား အတူ ခံကြရတယ်ဆိုတာပါပဲ”

“အဲဒီအတွက် ထင်ရှားတဲ့ သာဓကတွေကတော့ ရှစ်လေးလုံးလူထုအုံကြွမှုကြီးတို့၊ ရွှေဝါရောင် တော်လှန်ရေးတို့၊ ခဏခဏ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ က သက်သေပေါ့။ သူတို့တတွေဟာ လူမျိုးတမျိုးတည်း ကောင်းစားရေးကို လုပ်နေကြတာမဟုတ်ဘူး၊ တိုင်းရင်းသားအားလုံး ကောင်းစားရေးအတွက် စတေးခံနေကြတာပါ”

စကားသတ်ပြီး အသာလှည့်ထွက်ခဲ့တော့တယ်။

အဲဒီ အရေးအခင်းတွေတုန်းက ကျဆုံးရှာတဲ့သူတွေထဲမှာ မောင်ရင်တို့လူမျိုးပါရဲ့လားလို့ ကလေးကလားဆန်တဲ့ မေးခွန်းမျိုးကိုတော့ မမေးလိုတော့၊ နောက်ပြီး LA တို့၊ ကိုရိုရာဒိုတို့၊ အရီးဇိုးနားတို့၊ အော်ရီဂွန်တို့မှာပြောခဲ့တဲ့ အမေရိကားရောက် မြန်မာပြည်ဖွားတွေ ညီညွတ်ကြရင် အင်အားရှိမယ်၊ စည်းလုံးကြရင် ရန်လုံ ဖွံ့ဖြိုးမယ်။ ဒါကြောင့် ညီညွတ်ကြစေချင်တယ်။

ဥပမာ နိုင်ငံသားစာရင်း စစ်တမ်းကောက်ယူတဲ့အခါ ဖွားရာမြေကို ကိုယ်စားပြုပြီး တရုတ် (မြန်မာ)၊ ကရင် (မြန်မာ)၊ မွန် (မြန်မာ)၊ ရခိုင် (မြန်မာ)၊ ဗမာ (မြန်မာ) စသည်ဖြင့် ပေါင်းစည်းလိုက်ရင် လူဦးရေ တောင့်တင်းပြီး ကိုယ့်အခွင့်အရေးကိုလည်း ရဲရဲရင့်ရင့် တောင်းဆိုနိုင်မယ်၊ အမိမြေရဲ့အခွင့်အရေးကိုလည်း အရေးဆို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် နောင် ဒုတိယမျိုးဆက်၊ တတိယမျိုးဆက်တွေမှာဆို ဆီနိတ်တာတို့၊ သမ္မတတို့ မြန်မာပြည်ဖွားတွေထဲက မပေါ်ပေါက်ဘူးလို့ ဘယ်သူပြောနိုင်မလဲဆိုတဲ့ အသက်မသွင်းရသေး တဲ့ ကိုယ့်အိမ်မက်ကို ပြောမပြလိုက်တော့ပါဘူး။

ကိုယ့်နားထဲမှာတော့ မာတင်လူသားကင် (ဂျူနီယာ) ရဲ့ စကားတွေကို ပဲ့တင်ကြားယောင်မိတယ်။

“ကျွန်တော်မှာ အိမ်မက်တခုရှိပါတယ်၊ ကျွန်တော့်ရင်သွေး လေးယောက်ဟာ နောင်တချိန်မှာ အသားအရောင်ကြောင့် ခွဲခြားခြင်းမခံရဘဲ၊ အကျင့်စရိုက်ကြောင့် ခွဲခြားတဲ့တိုင်းပြည်မှာ ပျော်ရွှင်လူလားမြောက်နေမယ်လို့”

အခုတော့ မာတင်လူသားကင်ရဲ့အိမ်မက်ဟာ အသက်ဝင်နေပြီကော၊ အဲဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေနဲ့ ကိုယ်တို့မှာလည်း အိမ်မက်တခု ရှိပါတယ်။

အဲဒီအိမ်မက်က … … …

မကြာခင်မှာ အားလုံး … … …

အားလုံး … … … လွတ်လပ်စွာ သဘောထားကွဲကြရင်း … … … အမုန်းမဲ့စွာ ငြင်းခုံကြရင်း … … … အချစ်ပြည့်စွာ ဝေဖန်ထောက်ပြကြရင်း … … … စားပွဲဝိုင်းတခုမှာ … … … …။


၁/ ၂၆/ ၂၀၁၁ (နံနက် ၃ နာရီ)
Posted by MoeMaKa at 5:34 PM

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP