ရင်ဘတ်အော်သံ
>> Friday, March 25, 2011
“ရင်ဘတ်အော်သံ”
မြေကမ္ဘာရေ....
ဘ၀တွေ ဆိုးဝါးလိုက်ကြတာပ
နူရာဝဲစွဲ လဲရာကိုမှသူခိုးထောင်းချင်ကြတယ်
ကမ်းကုန်အောင်ယုတ်တဲ့
မင်းစုတ်နဲ့တင် အားမရ
သတ္တန္ဓရကပ်ဆိုးနဲ့
ထပ်ထပ်တိုးလို့ နှိပ်စက်လေရော့သလား...
မြေကမ္ဘာရေ...
မြန်မာပြည်ရင်ခွင်ပိုက်ထားရတာ
လူမိုက်တွေ စစ်ဖိနပ်အောက်က
ဆောက်တည်ရာမဲ့ ဘ၀တွေရယ်ပါ...
ခေါင်းပါးမှုဒဏ်ကို တွန်းလှန်ရင်း
ဟိရိသြတပ္ပတရားတွေ ကွာကျ
ထမင်းတနပ် ၀ဖို့အရေး
ခန္ဓာပေးနေရတဲ့ ဘ၀တွေရယ်ပါ...
မွဲခြောက်ခြောက် ယဉ်ကျေးမှုနဲ့
ပျောက်ရှနေတဲ့ ဂါရ၀တရားတွေကြား
တောင်းစားနေရတဲ့ အိုကြီးအိုမတွေရဲ့
ရင်နင့်စရာ ဘ၀တွေရယ်ပါ...
မတရားစစ် တရားစစ်တွေကြားက
မီးခိုးတလူလူအူနေတဲ့
ရွာတစပြင်ကိုငေးရင်း
ပြေးစရာမြေမရှိတဲ့
မရှုနိုင်မကယ်နိုင် ဘ၀တွေရယ်ပါ..
မိသားစုတကွဲ သားတကွဲနဲ့
အတွယ်အတာတွေကို ခဏမေ့ဖျောက်
ကြိုးစားပြီး ၀မ်းစာကောက်နေရတဲ့
တပြည်ခြားက ကျွန်သာသာဘ၀တွေရယ်ပါ...
မြေကမ္ဘာရေ...
အဲဒီ့....
အဲဒီဘ၀တွေကိုမှ
မင်းကိုယ်တိုင်က
ငလျင် မုန်တိုင်းနဲ့ ထင်ရာစိုင်းပြီး
မြေနိမ့်ရာလှံစိုက်နေမှဖြင့်
သန္ဓေယုတ် ငမိုက်သားတွေအတွက်
ခွေးလေလည်ပြသလို ဖြစ်နေရုံပေါ့..
အငိုသုညနဲ့ ဘ၀တွေအတွက်တော့
ခေတ်ကပဲ ဆိုးလေသလား...
စနစ်ကပဲ သိုးလေသလား...
ကံကိုပဲ ရိုးမယ်ဖွဲ့ရမလား...
အတိုးနဲ့များ ကံကြွေးချခဲ့မိလေသလားကွယ်...။
မောင်ပါလ
၂၅.၃.၂၀၁၁
2 comments:
မြန်မာပြည်လဲ တစ်နှစ်တစ်မျိုးမရိုးရဘူးနော်....
ကံဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာပါလား
ကိုပါလရေ
Post a Comment