ကောက်ရိုးမီးနိုင်ငံရေးနှင့် ဖွဲမီးနိုင်ငံရေး

>> Thursday, March 17, 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့အမှာစကားတခုမှာ “ နိုင်ငံရေးကို နှလုံးသားနဲ့မလုပ်ပါနဲ့။ ဦးနှောက်နဲ့လုပ်ပါ” ဟူ၍ဖြစ်သည်။

နှလုံးသားသည် နူးညံ့ပျော့ပြောင်းသည်။ ထိခိုက်ခံစားလွယ်သည်။ နှိုင်းဆချင့်ချိန်မှုမရှိ။ ခံစားမှုအဟုန်ပြင်းသည့်အခါ စဉ်းစားတွေးတောမှုမရှိဘဲ လုပ်ချင်သည်ကို ဆင်ကန်းတောတိုးလုပ်တတ်သည်။ နူးညံ့ပျော့ပြောင်းသည့်အတွက်ကြောင့် တိုက်ခိုက်မှု (သို့) ဆွဲဆောင်သိမ်းသွင်းမှုနှင့် ကြုံသည့်အခါ ခံနိုင်ရည်မရှိတတ်။ ယိမ်းယိုင်လွယ်သည်။ နှလုံးသားနှင့်လုပ်လျှင် အစွန်းရောက်တတ်သည့်အတွက် တခြားတဖက်စွန်းသို့ ခုန်ကူးရန်လွယ်ကူသည်။ စိတ်ဆန္ဒနောက်သို့လိုက်ကာ တဇောက်ကန်းဆန်ဆန်လုပ်တတ်ပြီး မအောင်မြင်သည့်အခါ နောက်တကြိမ်ပြန်လုပ်ရန် ဆန္ဒမရှိတော့ပေ။

နိုင်ငံရေးကို နှလုံးသားနှင့်လုပ်လျှင် ကောက်ရိုးမီးကဲ့သို့ အရှိန်ရှိခိုက်သာ ဟုန်းကနဲထတောက်နိုင်ပြီး အရှိန်သေသွားသည်နှင့်တပြိုင်နက် နိုင်ငံရေးသေ၊ စိတ်ဓာတ်ကျကာ ဘာတခုမှ မလုပ်ချင်တော့လောက်အောင် စိတ်ဓာတ်ပျက်စီးသွားနိုင်သည်။

ဦးနှောက်သည် တွေးတောစဉ်းစားတတ်သည်။ နှိုင်းနှိုင်းဆဆရှိသည်။ လုပ်သင့် မလုပ်သင့်ကို ချင့်ချိန်နိုင်သည်။ ဖြစ်နိုင် မဖြစ်နိုင်ကို သုံးသပ်နိုင်သည်။ ရေတို ရေရှည် စီမံကိန်းများကို နားလည်သည်။ ရေရှည်စီမံကိန်းလုပ်ရမည်ဆိုလျှင် ဇွဲသတ္တိရှိနိုင်ရန် ဦးနှောက်ကတွန်းအားပေးသည်။ အခက်အခဲတွေ့လျှင် စိတ်ပျက်ညည်းညူခြင်းမရှိဘဲ ဖောက်ထွက်နိုင်သည်။ ရန်သူ၏စည်းရုံးသိမ်းသွင်းမှုကို မယိုင်မလဲဘဲ ကြံ့ကြံ့ခံနိုင်သည်။ မဖြစ်နိုင်သေးလျှင် စိတ်ဓာတ်မကျ၊ အခြေအနေကို နားလည်စောင့်စားနိုင်သည်။ (ဦးနှောက်နှင့်လုပ်ပါ ဆိုသည်မှာ နိုင်ငံရေးကို ကစားကွက်ကြီးတခုလို သဘောထားပြီး ကိုယ်လည်သလိုလုပ်ကစားသည့် ကစားပွဲကြီးတခုကိုရည်ညွန်းပြောဆိုခြင်း လုံးဝ လုံးဝ မဟုတ်ပါ။)

 
ဦးနှောက်အသုံးချပြီးလုပ်သည့် နိုင်ငံရေးမှာ တငွေ့ငွေ့နှင့် မငြိမ်းအောင်လောင်နိုင်သည့် ဖွဲမီးနှင့် အလားသဏ္ဍာန်တူပြီး မပျက်ပြား မယိမ်းယိုင်သောစိတ်ဓာတ်၊ မဆုတ်မနစ်သော ဇွဲ လုံ့လတို့ဖြင့် ပြီးမြောက်အောင်မြင်သည်အထိ လုပ်ဆောင်နိုင်သည်။

ယနေ့မြန်မာနိုင်ငံ၏ ခေတ်ပျက်အမှောင်ကာလတွင် လူငယ်၊ လူရွယ်အများစုသည် စစ်အစိုးရ၏ တကိုယ်ကောင်းဆန်ဖိနှိပ်အုပ်ချုပ်မှုကို သိမြင်နားလည်လာကြပြီး ဆန့်ကျင်တော်လှန်ရန် နည်းမျိုးစုံဖြင့် ကြိုးစားလာကြသည်။

ဤအခြေအနေတွင် မိမိ၏တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် စွန့်လွှတ်အနစ်နာခံနိုင်မှုစိတ်ဓာတ်များကို အကျိုးရှိရှိအသုံးချကာ လူထုခေါင်းဆောင်၏ လမ်းညွှန်ချက်အတိုင်း- အရှိန်သေသွားလျှင် ပြန်မတောက်နိုင်တော့သည့် ကောက်ရိုးမီးကဲ့သို့ နှလုံးသားနှင့်လုပ်သည့်နိုင်ငံရေးမျိုး မလုပ်မိကြစေရန်နှင့် တငွေ့ငွေ့လောင်နေသည့် ဖွဲမီးသဏ္ဍာန် ဦးနှောက်နှင့်လုပ်သည့်နိုင်ငံရေးစိတ်ဓာတ်များဖြင့် ရည်မှန်းချက်ပန်းတိုင်ဖြစ်သော စစ်အာဏာရှင်အစိုးရ အမြစ်ပြတ်ပြုတ်ကျနိုင်သည်အထိ တစိုက်မတ်မတ် အရောက်ချီတက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

(၂၃ နှစ်တိုင်တိုင် ကြာခဲ့ပြီဖြစ်သော တံတားနီနေ့တွင် ရေးသည်။)

မောင်ပါလ
၁၆.၃.၂၀၁၁

1 comments:

yoyolaypar March 19, 2011 at 9:08 PM  

ကျေးဇူးတင်ပါတယ်

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP