အိမ်ရှေ့တခါးဝမှာ ရောက်နေတဲ့ တော်လှန်ရေး လှိုင်းများ

>> Tuesday, February 22, 2011

“မူဘာရက်” ပြုတ်ကျအပြီး၊ နောက်တနေ့မှာ တရားမဝင်အဖွဲ့အစည်းဖြစ်တဲ့ မွတ်စလင်ညီအကိုတော်များအဖွဲ့က သူတို့ရဲ့ ရုံးခန်းကို ကိုင်ရိုမြို့လည်မှာ စတင်ဖွင့်လှစ်ဖို့ ကြိုးစားနေသလို၊ အစ္စရေးထောက်လှမ်းရေးတွေကလည်း အီဂျစ်နိုင်ငံနဲ့ နယ် နမိတ်ချင်း ထိစပ်နေတဲ့ အပမ်းဖြေစခန်းများတည်ရှိရာ မြို့လေးဆီကို ကမ္ဘာလှည့်ခရီးသွားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အဖြစ် ရောက်ရှိလာခဲ့ကြတယ်။ နိုင်ငံတွင်းမှာတော့ အလုပ်သမားဆန္ဒပြပွဲတွေနဲ့ ရဲတွေရဲ့လခပိုမိုတိုးပေးဖို့ တောင်းဆိုချီ တက်သံတွေက ပြည့်နှက်နေဆဲ။


“တော်လှန်ရေးဆိုတာ အန္တရာယ်တွေ၊ ခြိမ်းခြောက်မှုတွေ၊ မတည်ငြိမ်မှုတွေကို သယ်ဆောင်လာတတ်တယ်။ ကဲ အခု တော့ အဲ့ဒီ တော်လှန်ရေးတွေ ကျနော်တို့ရဲ့ တံခါးပေါက်တည့်တည့်ကို ရောက်လာပြီ။ ကျနော်တို့ ဘာလုပ်ကြမလဲ”

အိမ်ဖြူတော်ရဲ့ အစည်းအဝေးတွေမှာ ငြင်းခုန်မှုတွေ လျှံကျနေခဲ့တယ်။ အမေရိကန်သမ္မတ ဘရက်အိုဘားမားကတော့
ကိုင်ရိုမြို့မှာ ပြောခဲ့တဲ့မိန့်ခွန်းကို ဂတိသစ္စာစောင့်သိခဲ့တယ်။ ၂၀၀၉ ဂျွန်လရဲ့ ကိုင်ရိုမြို့မိန့်ခွန်းကို ပြန်လေ့လာကြည့်မယ် ဆိုရင် ဘရက်အိုဘားမားက အာရပ်ကမ္ဘာက မိတ်ဆွေတွေအပေါ် အချက် (၇) ချက်ကို တင်ပြခဲ့တယ်။

ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေထဲမှာ
“လူတွေမှာ မိမိရဲ့စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့အရာတွေကို ထုတ်ဖေါ်ပြောဆိုနိုင်တဲ့ စွမ်းအားတွေရှိရမယ်။ ခင်ဗျား ဘယ်လို အုပ်ချုပ်ခံနေရတယ်။ ဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှုအပေါ်မှာ ယုံကြည်မှု ဘယ်လောက်ရှိသလဲ။ အစိုးရဟာ ပြည်သူတွေရဲ့ လွတ်လပ်မှုတွေကို ခိုးယူခြင်းမျိုး မဖြစ်ရဘူး။ ခင်ဗျားရွေးချယ်တဲ့ လွတ်မြောက်မှုတွေထဲမှာ နေထိုင်ခွင့်ရှိရမယ် ဒါတွေဟာ အမေရိကန် အိုင်ဒီယာတွေ မဟုတ်ပါဘူး။ လူ့အခွင့်အရေးတွေဖြစ်တယ်” လို့ ဆိုခဲ့တယ်။

အိမ်ဖြူတော် အစည်းအဝေးတွေရဲ့ ငြင်းခုန်မှုတွေမှာ ဘရက်အိုဘားမား က တဘက်၊ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်နဲ့ နိုင်ငံ ခြားရေးဝန်ကြီး ကလင်တန်ကတဘက် မတူညီတဲ့အမြင်တွေကို ဖလှယ်ကြတယ်။ အိုဘားမားက အီဂျစ်ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ၊ သတင်းလွတ်လပ်ခွင့်တွေကို ဆက်လက်ဖွင့်ပေးထားဖို့လိုမယ်။ ပြည်သူတွေရဲ့ ရွေးချယ်မှုအတိုင်း လိုက် လျောပေးသင့်တယ်လို့ ထင်မြင်ပေမဲ့ ဂျိုးဘိုင်ဒန်တို့ အုပ်စုကတော့ စံနစ်တကျပြောင်းလဲမှုကို လိုလားတယ်။ “ပင်လယ် အောက်ခြေမှာ လှိုင်းတွေဝင်စောင့်နေပြီ၊ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုတင်လုပ်တော့” ဆိုတဲ့ အကြံဥာဏ်တွေကို မိတ် ဆွေ အာရပ်နိုင်ငံတွေဆီ အကြံပေးတိုက်တွန်းတယ်။ အီဂျစ်လှုထုအုံကြွမှုဟာ အရှေ့အလယ်ပိုင်းဒေသတခုလုံးကို ရိုက် ခတ်နေပြီဆိုတာ သဘောပေါက်နေကြတယ်။

ဘရက်အိုဘားမားက လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကို အရှေ့အလယ်ပိုင်းနိုင်ငံမှ မိတ်ဆွေနိုင်ငံတွေဖြစ်တဲ့ ဆော်ဒီ အာရေဗီးယားနဲ့ အစ္စရေးနိုင်ငံတို့ဆီကို သွားရောက်လည်ပတ်စေပြီး သူတို့ရဲ့ထင်မြင်ယူဆချက်တွေ၊ ဖြစ်ပေါ်လာနိုင်မဲ့ အခြေအနေတွေ၊ အသေးစိတ်အချက်အလက်တွေကို စုဆောင်းစေတယ်။

အမြင်မတူတဲ့ အချက်နှစ်ချက်ကတော့
(၁) အီဂျစ်တော်လှန်ရေးဟာ ၁၉၇၉ မှာ ဖြစ်ပွားခဲ့တဲ့ အီရန်တော်လှန်ရေးလို ဦးတည်မယ်ဆိုရင် အရှေ့အလယ်ပိုင်းမှာ အမေရိကန်ဆန့်ကျင်ရေး နိုင်ငံတခု တိုးလာမယ်။ ဘာသာရေးအစွန်းရောက်တွေ လွှမ်းမိုးချုပ်ကိုင်လာနိုင်တယ်။

(၂) အီရန်တော်လှန်ရေးလိုဖြစ်စရာအကြောင်းမရှိဘူး။ အီဂျစ်နိုင်ငံမှာ ဒီမိုကရေစီ လမ်းကြောင်းဆီကို ဦးတည်သွားပြီဆို ရင် အဲ့ဒီအချက်ကိုထောက်ပြပြီး အီရန်နိုင်ငံရဲ့အာဏာရှင်ကို ဆက်လက်ဖြုတ်ချကြဖို့ လှုံ့ဆော်ကြရမယ်။

နောက်ထပ် စဉ်းစားရမဲ့အချက်တခုကတော့ အီဂျစ်နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်း တော်တော်များများကို စစ်တပ် ခေါင်းဆောင်တွေက ပိုင်ဆိုင်ထားကြသလို၊ စစ်တပ်ဟာ အဂတိလိုက်စားမှု၊ ခြစားမှုတွေနဲ့ ပျက်စီးနေခဲ့တယ်။ သမိုင်းစဉ် တလျောက်ကြည့်လိုက်မယ်ဆိုရင် အီဂျစ်နိုင်ငံရေးမှာ စစ်တပ်ဟာ အဓိကအခန်းကဏ္ဍက ပါဝင်ကစားခဲ့တယ်။ ဒါဖြင့် စစ် အရာရှိတွေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဘယ်လောက်ထိ လုပ်နိုင်မလဲ။ အီဂျစ် နိုင်ငံရဲ့ နှစ်ပေါင်းခြောက် ထောင်ကျော်၊ လူ့ယဉ်ကျေးမှုသမိုင်းမှာ “အနောက်တိုင်း ဒီမိုကရေစီ” စံနစ်ဆိုတာ တိတိကျကျရှိခဲ့ရဲ့လား။

တိုးတက်ထွန်းကားနေတဲ့ အင်တာနက်နည်းပညာတွေဟာ အီဂျစ်မျိုးဆက်သစ်တွေကို လူ့အဖွဲ့အစည်း လမ်းကြောင်းသစ် တခုဆီ သယ်ဆောင်ပေးနိုင်မယ်ဆိုတာ ဘယ်လောက်ထိ သေချာခဲ့သလဲ။ စမ်းသပ်လေ့လာစောင့်ကြည့်ရမဲ့ အရာတွေက အများသား။ ဆန်ဖရန်စစ္စကိုတက္ကသိုလ်က အရှေ့အလယ်ပိုင်းနိုင်ငံရေးကို အထူးပြုလေ့လာသင်ကြားနေသူ ပါမောက္ခ စတီဗင် ဇူးနက်စ် ကတော့ သူ့ရဲ့အမြင်တွေကို သုံးသပ်ပြခဲ့ဘူးတယ်။ သူကတော့ အီဂျစ်တော်လှန်ရေးဟာ အီရန်တော် လှန်ရေးနဲ့ ဖြောင့်ဖြောင့်ကြီး ကွာခြားလွန်းပါတယ် တဲ့။ သူ့ရဲ့ ဆောင်းပါးထဲက အချက်အလက်တချို့ကို ယူသုံးရင်း ဒီတ ပတ် လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်း အစီအစဉ်မှာ တင်ပြထားပါတယ်။


Egyptians pray in front of army tanks in Tahrir Square (Scott Nelson/NYT)

ကျနော်တို့တတွေဟာ နိုင်ငံရေးပါတီတွေရေးဆွဲထားတဲ့ အစီအစဉ်တွေအောက်မှာ လုပ်ဆောင်နေကြတာ မဟုတ်ပါဘူး။
တချို့က အရမ်းချမ်းသာတယ်။ အကောင်းစားအိမ်တွေ၊ အကောင်းဆုံးကားတွေ ပိုင်ဆိုင်ကြတယ်။ ဒါပေမဲ့ ကျနော်တို့ ဘဝတွေကို ဒုက္ခရောက်မယ့် လမ်းကြောင်းတခုပေါ်မှာ တင်ထားခဲ့ကြတယ်။ ကျနော်တို့အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်ရမယ်။ ဒါဟာ ကျနော်တို့ရဲ့ နိုင်ငံတော် ဖြစ်တယ်။ ကျနော်တို့နိုင်ငံအတွက် စိုးရိမ်နေသူတွေ ဖြစ်တယ်။

သောတရှင်များခင်ဗျား

အီဂျစ်နိုင်ငံရဲ့ ဂူဂယ် အလုပ်မှုဆောင်တဦးဖြစ်သူ ဝိုင်းလ်ဂိုနင်မ် (Wael Ghonim) ရဲ့ မျက်ရည်တွေနဲ့ အင်တာဗျူးခဲ့တဲ့ ပုံ ရိပ်တွေက တာရီရာရင်ပြင်မှာ ဆန္ဒပြသူတွေဆီသာမက၊ အီဂျစ်လှုပ်ရှားမှုကို စိတ်ဝင်တစားစောင့်ကြည့်လေ့လာနေသူ အားလုံးရဲ့ရင်ကို ဆွဲကိုင်လှုပ်ရမ်းလိုက်ပါတယ်။ ဒီလိုနဲ့ ကိုင်ရိုမြို့ရဲ့ သောကြာနေ့ ဘုရားဝတ်ပြုပွဲဆီမှာ ထောင်ချီနေတဲ့ ဆန္ဒပြသူတွေ ပိုမိုတိုးလို့ရောက်ရှိလာခဲ့ကြပြီး “ကျနော်တို့ နိုင်ငံကောင်းစားစေဖို့အတွက် ကျနော်တို့ရဲ့အသက်ကိုပေးဆပ် ဖို့ အသင့်ဖြစ်နေတယ်” ဆိုတဲ့ လူငယ်ထုရဲ့အသံကလည်း သမိုင်းအချိုးအကွေ့တခုကို ရေးဆွဲခဲ့ကြပါတယ်။

“တချို့က အီဂျစ်ပြည်သူတွေရဲ့ ရုန်းကြွမှုကို ဘာသာရေးအစွန်းရောက်တွေကပဲ နောက်ကနေ အားပေးအားမြှောက်ပြု ချုပ်ကိုင်ထားသလိုလို ပြောဆိုနေကြပြီး ကျနော်တို့ရဲ့ လှုပ်ရှားမှုကို သေးသိမ်အောင် လုပ်နေကြတယ်။ ၁၉၇၉ အီရန် တော်လှန်ရေးနဲ့ နှိုင်းယှဉ်ခြိမ်းခြောက်လေ့ ရှိကြတယ်။ အီရန်နိုင်ငံမှာ ရှားဘုရင်ကိုဖြုတ်ချတုန်းက ဘာသာရေးခေါင်း ဆောင်တွေအားလုံးဟာ ပြည်ပကို ထွက်ပြေးရောက်ရှိနေတဲ့ အရာတိုလာခိုမေနီရဲ့ ညွှန်ကြားချက်နဲ့အတူ အစ္စလာမ် ဘာ သာဝင်တွေကို ဘုရားကျောင်းတွေမှာ ဆင့်ခေါ်ပြီး၊ အစိုးရကို အခွန်မပေးဆောင်ကြဖို့၊ စက်ရုံတွေကို သပိတ်မှောက်ကြဖို့၊ အနောက်တိုင်းယဉ်ကျေးမှုတွေ လွှမ်းမိုးနေတဲ့ အစ္စလာမ် လူ့အဖွဲ့အစည်းကို ပြန်လည်ကယ်တင်ကြဖို့.. စတဲ့ လှုံ့ဆော် တိုက်တွန်းမှုတွေကို ပြုလုပ်ခဲ့ကြတယ်။ ပြည်ပကနေ လျှို့ဝှက်တင်သွင်းလာတဲ့ ကက်ဆက်တိတ်ခွေတွေထဲမှာ ဆန္ဒပြပွဲ အတွက် အသေးစိတ်အစီအစဉ်တွေ၊ မဟာဗျူဟာနည်းဗျူဟာ အကြံပြုချက်တွေပါသလို၊ အီရန်တော်လှန်ရေးရဲ့ ကြွေး ကြော်သံ၊ ပိုစတာတွေကို ကြည့်လိုက်ရင်လည်း အမေရိကန်ဆန့်ကျင်ရေးတွေ လွှမ်းမိုးနေတာကိုတွေ့ရမယ်။ ဘာသာရေး ခေါင်းဆောင်တွေ ဦးဆောင်ခဲ့ကြတဲ့ အီရန်တော်လှန်ရေးဟာ လူထုဆန္ဒပြပွဲတွေကို ၁၃ လကြာ စီစဉ်နိုင်ခဲ့အပြီးမှာတော့
ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့တယ်။”

“အီဂျစ်လှုပ်ရှားမှုကို လေ့လာမယ်ဆိုရင် ပညာတတ်လူငယ်တွေက စတင်လှုံ့ဆော်ဦးစီးခဲ့တဲ့ အင်တာနက်တော်လှန်ရေး ဖြစ်တယ်။ ဆန္ဒပြပွဲမှာ ကိုင်ဆောင်လာတဲ့ ဆိုင်းပုဒ်တွေ၊ လည်စီးတွေ၊ ကြွေးကြော်သံတွေကလည်း လစ်ဘရယ် ဒီမိုက ရက်တစ်နဲ့ အမျိုးသားရေးဝါဒီတွေရဲ့ ရည်မှန်းချက်၊ အသံတွေကို ရောင်ပြန်ဟပ်ထားခြင်း ဖြစ်တယ်။ ဘာသာရေးကြွေး ကြော်သံတခုမှ မပါခဲ့ဘူး။
ပိုပြီး ထူးခြားတာကတော့၊ အမေရိကန်ပြည်ထောင်စုဟာ အနှစ် ၃၀ လုံးလုံး မူဘာရက်အစိုးရကို ထောက်ပံ့ပေးခဲ့ပေမဲ့၊
အီဂျစ်လှုပ်ရှားမှုကို ဦးဆောင်နေသူအားလုံးဟာ အမေရိကန်ဆန့်ကျင်ရေး ကြွေးကြော်သံကို မပြုလုပ်ခဲ့ကြဘူး။ “မူဘာ ရက် အနေနဲ့ ချက်ခြင်းနှုတ်ထွက်ပေးရမယ်” ဆိုတဲ့ တောင်းဆိုမှုကို၊ အမေရိကန်သမ္မတ ဘရက်အိုဘားမားတယောက်၊
ပွင့်ပွင့်လင်းလင်း ဖိအားပေး ထုတ်ပြောရသည်အထိ အီဂျစ် ဒီမိုကရေစီရေးလှုပ်ရှားသူတွေက လိမ္မာပါးနပ်စွာ ဆွဲဆောင် နိုင်ခဲ့ကြတယ်”

တကယ်တော့ အဂတိလိုက်စားမှုတွေ၊ ခြစားအကျင့်ပျက်မှုတွေနဲ့ အနောက်တိုင်းဆန့်ကျင်ရေးကို တိတ်တဆိတ်လုပ် ဆောင်နေသူတွေဟာ မူဘာရက်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။ မူဘာရက်ဟာ အစ္စလာမ် နိုင်ငံတော် တည် ဆောက်ချင်တဲ့ အခြေခံဝါဒီတွေနဲ့ တိတ်တဆိတ်အပေးအယူလုပ်ကိုင်ပြီး၊ အစိုးရဝါဒဖြန့် မီဒီယာတွေမှာ ဘာသာရေးသင် ကြားမှုအစီအစဉ်တွေကို ပိုမိုတိုးချဲ့လုပ်ကိုင်လာခဲ့ပါတယ်။ လစ်ဘရယ်ဒီမိုကရေစီသမားများနဲ့ လက်ဝဲဝါဒီများကို အီဂျစ် လှု့အဖွဲ့အစည်းမှ ရှင်းထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။
သူ့ကိုဝေဖန်ဆန့်ကျင်တဲ့ ပညာတတ်တွေကို အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်အဆက်အသွယ်ရှိသူများလို့ ခေါင်းစဉ်တပ်ပြီး၊ အမေရိကန်ပြည်ထောင်စုရဲ့ အကြမ်းဖက်သမားများအပေါ် စစ်ဆင်ရေး ကုန်ကျစရိတ်တွေအပေါ် အ မြတ်ထုတ်နိုင်ခဲ့ပါတယ်။

“အီရန်တော်လှန်ရေးနဲ့ အထင်ရှားဆုံး ကွာခြားချက်တခုကတော့ အီဂျစ်နိုင်ငံဟာ ၁၉ ရာစုကတည်းက လူထုအဖွဲ့အစည်း တွေ ထွန်းကားခဲ့တဲ့ နိုင်ငံဖြစ်တယ်။ အရာတိုလာခိုမေနီလို ရှီးယားမွတ်စလင်တွေအပေါ် ဘာသာရေးအရ၊ သြဇာကြီးမား တဲ့ ပုဂ္ဂိုလ်လိုမျိုး အီဂျစ်မှာ မရှိဘူး။ ဆွန်နီမွတ်စလင်တွေ ဖြစ်တယ်။ အီဂျစ်ရဲ့ အဓိကနိုင်ငံခြားဝင်ငွေဟာ ကမ္ဘာလှည့်ခရီး သွားတွေဆီကရတဲ့ ဝင်ငွေဖြစ်ပြီး၊ ကုန်သည်လူတန်းစားဟာ ပညာတတ်အလွှာတွေဖြစ်တယ်။ အနောက်တိုင်းနိုင်ငံတွေ လို တိုးတက်ထွန်းကားချင်သူတွေ ဖြစ်တယ်။ စစ်အေးတိုက်ပွဲကာလတုံးကလည်း တပါတီအာဏာရှင်စံနစ်နဲ့ အုပ်ချုပ်ခဲ့ ပေမဲ့၊ စံနစ်တကျတည်ဆောက်ထားတဲ့ နိုင်ငံရေးပါတီတွေရှိတယ်။ လူလတ်တန်းစားတွေ ထွန်းကားလာခဲ့တဲ့အတွက်၊ ပညာတတ်လူငယ်တွေ၊ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂတွေရဲ့ အခန်းကဏ္ဍကလည်း ကြီးကြီးမားမားရှိနေတယ်။

ဒါ့ကြောင့်လည်း ဧပြီ ၆ ရက် လူငယ်ထုလှုပ်ရှားမှုနဲ့ (လုံလောက်ပြီ) လို့ခေါ်တဲ့ တပ်ပေါင်းစုမှာပါဝင်ဦးဆောင်နေသူတွေ ဟာ လစ်ဘရယ်ဒီမိုကရေစီနဲ့ လူထုပညာပေးလုပ်ငန်းတွေကို စိတ်ဝင်စားသူတွေဖြစ်တယ်။ အသက် ၃၀ အောက်လူငယ် တွေဟာ သူတို့ခေတ်မှာ တိုးတက်ဖြစ်ထွန်းနေတဲ့ အမျိုးသမီးအခွင့်အရေး၊ လိင်ကိစ္စနဲ့ လွတ်လပ်ခွင့်တွေကို ပိုမိုပွင့်လင်း စွာ ဆွေးနွေးတောင်းဆိုနေကြတဲ့အတွက် ဘာသာရေးအစွန်းရောက်တွေက သူတို့ကို လွှမ်းမိုးချုပ်ကိုင်ဖို့ဆိုတာ မဖြစ်နိုင် ဘူး။ ဒါကြောင့်လည်း အဖွဲ့ဝင် (တသိန်း) ကျော်လောက်ရှိတဲ့ မွတ်စလင် ညီအကိုတော်များအဖွဲ့ဟာ သူတို့ရဲ့ နဂိုတည် ဆောက်ထားတဲ့ ဘာသာရေးအမြင် ချည်းကပ်မှုတွေကို ခေတ်ပေါ်လူငယ်ထုနဲ့လိုက်ဖက်နိုင်မဲ့ မူဝါဒတွေအဖြစ် ပျော့ ပြောင်းညင်သာစွာ အသွင်ကူးပြောင်းလိုက်ရတယ်။ လူငယ်ထုကို နိုင်ငံရေးသဘောတရားတွေ ဖြန့်ဖြူးခဲ့သလို၊ လူငယ်ထု ရဲ့အသံတွေကလည်း သူတို့ရဲ့မူဝါဒတွေ၊ နည်းဗျူဟာအသစ်တွေဖြစ်လာခဲ့တယ်”


egypt-afp

သောတရှင်များခင်ဗျား

သံချပ်ကာတင့်ကားတွေ၊ လူထုနှိမ်နှင်းရေးရဲတပ်ဖွဲ့တွေက လွတ်လပ်စွာဖန် တီးနိုင်ခွင့်၊ တွေးခေါ်နိုင်ခွင့်၊ ဘဝလုံခြုံခွင့်ကို အာသာငမ်းငမ်းတောင့်တ နေတဲ့ လူငယ်တွေရဲ့ ဆန္ဒတွေကို လွယ်လွယ်ကူကူ ခြေမှုန်းပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
“တိုင်းပြည်အတွက် စိုးရိမ်နေသူတွေကို ဘာလို့ အကျဉ်းထောင်ထဲမှာ ချုပ် နှောင်ထားတာလဲ” တဲ့။
အီဂျစ်လူငယ်ထုရဲ့ မေးခွန်းထုတ်တောင်းဆိုနေသံတွေ….
မူဘာရက်အတွက် အာဏာကိုလက်လွတ်ဆုံးရှုံးလိုက်ရသည်အထိ ပြင်း ထန်အားကောင်းလာခဲ့ပါတယ်။

သောတရှင်တို့လည်း အိပ်မက်တွေကို အန္တရာယ်ကင်းကင်း ထုဆစ်နိုင်ကြ ပါစေ။

အောင်မိုးဝင်း

Ref : နေ့သစ်

1 comments:

Angelhlaing(May everybody be happy and healthy! February 22, 2011 at 7:33 PM  

Angelhlaing.....မသိသေးတဲ့သဘောတရားလေးတွေ သိခွင့်ရလို့ ကျေးဇူးပါနော်...

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP