အစွဲတရားတွေနဲ့ လမ်းကြောင်းမမှားကြစေချင် (၁)
>> Tuesday, January 18, 2011
ကျနော် အွန်လိုင်းမ၀င်၊ မေးမဖတ်၊ ဘလော့ခ်မလည်၊ စာမရေးဖြစ်တာ တော်တော်လေးကြာပါပြီ။ ကိုယ့်ရှူးကိုယ်ပတ် ဂျာနယ်ကိစ္စနဲ့ နပန်းသတ်နေရလို့ လုပ်ချင်တာလေးတွေ၊ ရေးချင်တာလေးတွေ ခဏအောင့်နေရတယ်။ အွန်လိုင်းရောက် မေးလ်ဖတ်ဖြစ်တော့လည်း သတင်းတွေ မေးလ်တွေက အပုံကြီးဖြစ်နေတယ်။ အဲဒီထဲက ထူးထူးခြားခြား သတိထားမိတာက စစ်မှုမထမ်းမနေရဥပဒေ နဲ့ အရည်းကြီးဘုန်းကြီးရဲ့ စိတ်ဓာတ်မြှင့်တင်ရေးသင်တန်း သတင်းတွေရယ်၊ ကိုထွန်းအောင်ကျော်ရေးတဲ့ အဓိကရန်သူက ဘယ်သူလဲ ဆိုတာရယ်၊ စိုးမိုးကျော် မာတီပလိုင်းမှာ တင်ထားတဲ့ ဥာဏ်စမ်းပုစ္ဆာလေးတပုဒ် ရယ်ပါပဲ။
ဥာဏ်စမ်းပုစ္ဆာလေးရဲ့အဖြေကို စဉ်းစားရင်းနဲ့ စစ်မှုမထမ်းမနေရဥပဒေနဲ့ ဘုန်းကြီးရဲ့ စိတ်ဓာတ်မြှင့်တင်ရေးသင်တန်း သတင်းတွေဟာ ဥာဏ်စမ်းပုစ္ဆာထဲကအတိုင်း စစ်အစိုးရသွင်းပေးလိုက်တဲ့ နှပ်ကြောင်းတခုလေလားပေါ့။ ကိုထွန်းအောင်ကျော်ရေးတဲ့ အဓိကရန်သူက ဘယ်သူလဲ ဆိုတာကလည်း အစွဲတရား အမှားတွေကြောင့်လေလားပေါ့။ မတောက်တခေါက်ဥာဏ်၊ မစို့မပို့ဦးနှောက်လေးနဲ့ စဉ်းစားမိပါတယ်။
ပထမဆုံး ဥာဏ်စမ်းပုစ္ဆာလေးအကြောင်းပြောရရင် ဒီလိုမေးထားပါတယ်။
အဓိကပြောချင်တာကတော့ ဒီပုစ္ဆာရဲ့ အဖြေမဟုတ်ပါဘူး။ ဖြေတဲ့လူရဲ့ အစွဲရယ်၊ ပုစ္ဆာထဲမှာပါတဲ့ ပရိယာယ်နဲ့ လှည့်ကွက်ကိုပဲ ဖြစ်ပါတယ်။ ဖြေကြတဲ့လူ တော်တော်များများရဲ့ ပထမဆုံးအမှားကတော့ ၇၅ ကျပ်ဆိုတာကို ခေါင်းထဲက ထုတ်မပစ်နိုင်ကြဘူး။ အဲဒါဟာ အစွဲမှား၊ အယူမှားတာလို့ မြင်မိပါတယ်။ ဒုတိယအနေနဲ့ကတော့ အောက်မှာပေးထားတဲ့ ညီမျှခြင်းကလည်း မမှန်ပါဘူး။ ညီမျှခြင်းကို မှား၏ မှန်၏ အရင်မစဉ်းစားဘဲ ညီမျှခြင်းအတိုင်းပဲ လိုက်တွက်နေရင်လည်း အဖြေမှန်နဲ့က လမ်းကြောင်းလွဲနေမှာပါ။ ဒါကလည်း အဖြေမှန်ကို မရနိုင်အောင် နှပ်ကြောင်းသွင်းပေးထားတာလို့ မြင်မိပါတယ်။
စစ်မှုမထမ်းမနေရဥပဒေနဲ့ ဘုန်းကြီးရဲ့ စိတ်ဓာတ်မြှင့်တင်ရေးသင်တန်း သတင်းတွေဟာလည်း ဥာဏ်စမ်းပုစ္ဆာအတိုင်း စဉ်းစားကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်လွတ်လာတဲ့အချိန်မှာ ပြည်သူလူထုဟာ ထောင်မကြောက်၊ တန်းမကြောက် ဖြစ်လိုရာဖြစ်စေတော့လို့ သဘောထားကြပြီး အမျိုးသားခေါင်းဆောင်ကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ လွတ်လာပြီးနောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့အတူ နိုင်ငံရေးကို ဦးစားပေးစဉ်းစားလာကြတယ်။ တက်တက်ကြွကြွ လုပ်လာကြတယ်။ နိုင်ငံရေးစိတ်ဓာတ်တွေ နိုးကြားလာကြတယ်။ နိုင်ငံရေးဟာ စစ်အစိုးရလက်အောက်က လွတ်မြောက်ဖို့ တခုတည်းသော ထွက်ပေါက်လို့ ယုံကြည်လာကြတယ်။ ဒုတိယပင်လုံညီလာခံကို စုစုစည်းစည်းနဲ့ သွားဖို့ ဦးတည်လာကြတယ်။
ဒီအချိန်မှာ စစ်မှုမထမ်းမနေရဥပဒေကို မခေါ်ရသေးတဲ့လွှတ်တော်မှာ ပြဌာန်းမယ်ဆိုတဲ့ သတင်းတွေထွက်လာတယ်။ ပြည်တွင်းကလူတွေ ထိတ်လန့်တကြားဖြစ်ကုန်ကြတယ်။ သတင်းအပေါ်မှာ အုတ်အော်သောင်းနင်း ဝေဖန်ကုန်ကြတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပမှာရောက်နေတဲ့သူတွေက ပြည်တော်ပြန်မ၀င်ဖို့အကြောင်းပြောလာတယ်။ ဟိုနေရာလူစုစုမြင် ဒီအကြောင်းပြော၊ ဒီနေရာလူစုစုမြင် ဒီအကြောင်းပြောနဲ့ ဒီသတင်းအပေါ်မှာပဲ ပြည်သူတိုင်းက အာရုံစိုက်ကုန်ကြပြီး တက်ကြွနေတဲ့ နိုင်ငံရေးစိတ်ဓာတ်တွေ အနည်းနဲ့အများ ငုပ်လျှိုးကုန်ကြတယ်။
ယနေ့အချိန်မှာ မြန်မာပြည်သူတိုင်းက ကျပ်တည်းကျဉ်းမြောင်းလှတဲ့ လူနေမှုစနစ်ထဲမှာ မလူးသာ မလွန့်သာ ရုန်းကန်နေကြရတာပါ။ လက်ရှိစစ်အစိုးရဟာ ပြည်သူတွေကို စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ စားဝတ်နေရေး ချောင်ချောင်လည်လည်ဖြစ်အောင် ဘယ်တော့မှ လုပ်ပေးမယ့် အစိုးရမဟုတ်ပါဘူး။ ပြည်သူတွေချောင်လည်ကြရင် သူတို့ရဲ့ ရာဇပလ္လင်ကိုင်လှုပ်ခံရမယ်ဆိုတာကို ကောင်းကောင်းကြီး နားလည်ထားကြပါတယ်။ ပြည်သူတွေ ပူပန်သထက်ပူပန်၊ ကျပ်တည်းသထက် ကျပ်တည်းနေမှ သူတို့သက်တမ်းကြာရှည်မယ်ဆိုတာ သူတို့ကိုင်စွဲထားတဲ့ ဗျူဟာတခုပါ။ ဒါကြောင့်မို့ ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့စေမယ့်၊ အုတ်အော်သောင်းနင်းဖြစ်စေမယ့်၊ တွေဝေဒွိဟဖြစ်စေမယ့် သတင်းတွေကို အမြဲတမ်း ထုတ်လွှင့်နေကြမှာပါ။
ဒါ့အပြင် ပြည်သူတွေဟာ ထမင်းစားဖို့တောင် အနိုင်နိုင် ရုန်းကန်နေကြရတဲ့ခေတ်မှာ အပိုအလုပ်တခုဖြစ်တဲ့ စစ်ထဲဝင်ဖို့အရေးကို လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။ စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်း အကောင်အထည်ဖော်လိုက်တဲ့အချိန်မှာ ဖြစ်ပေါ်လာမယ့် လူထုအုံကြွမှုတွေကိုလည်း ကလိမ်ကကျစ်ဥာဏ် အလွန်များလှတဲ့ စစ်အစိုးရက မတွက်မိနိုင်စရာ မရှိပါဘူး။ ဥာဏ်စမ်းပုစ္ဆာထဲက ညီမျှခြင်းအမှားကြီးချပြထားသလို ပြည်သူတွေ ထိတ်လန့်စေမယ့် သတင်းတခုကို ချပြပြီး နိုးကြားနေတဲ့ နိုင်ငံရေးစိတ်ဓာတ်တွေကို ချိုးနှိမ်လိုက်တဲ့ စစ်အစိုးရရဲ့ စိတ်ဓာတ်စစ်ဆင်ရေးတခုအနေနဲ့ မြင်ကြည့်ကြရပါမယ်။
အလားတူပါပဲ ဘုန်းကြီးလုပ်တဲ့ စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းကြောင့်လည်း ကွန်မန့်တွေမှာ ဘလော့ခ်တွေမှာ ဘာသာရေးပုတ်ခတ်မှုတွေ ပေါ်ပေါက်လာပါတယ်။ သေသေချာချာပြန်သုံးသပ်ကြည့်မယ်ဆိုရင် ဒီပွဲကိုလာတက်ကြတဲ့သူတွေဟာ စစ်တပ်အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေသာ တော်တော်များများပါဝင်ပါတယ်။ အဓိက ဒီသင်တန်းကို ပြုလုပ်ခွင့်ပြုသူဟာလည်း စစ်အစိုးရသာဖြစ်ပါတယ်။ ဒီအရည်းကြီးဘုန်းကြီးဟာ စစ်အစိုးရကသာ ဖန်တီးထားတာဖြစ်ပြီး ဘာသာရေးအဓိကရုဏ်းဖြစ်ပေါ်လာအောင်လို့ စစ်အစိုးရကသာ သွေးထိုးလုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အရည်းကြီးတွေ ပြန်လည်ကြီးစိုးပြီး မိမိတို့နှမသားချင်းများ ပန်းဦးဆက်ခံရမည့်ဘေးမှ ကာကွယ်ရမှာဖြစ်သလို ဘာသာရေးအဓိကရုဏ်းတွေ ပေါ်လာအောင်လို့ သွေးခွဲရန်တိုက်ပေးနေတဲ့ စစ်အစိုးရရဲ လမ်းကြောင်းလွှဲ စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာကိုလည်း သတိထားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ စစ်မှုထမ်းဥပဒေ တကယ်ပြဌာန်းသည်ဖြစ်စေ၊ မပြဌာန်းသည်ဖြစ်စေ ကျနော်တို့ပြည်သူတွေ စိတ်ထဲမှတ်ယူထားသင့်တာက စစ်ထဲဝင်ဖို့ မ၀င်ဖို့သည် ကျနော်တို့အလုပ်မဟုတ်၊ ကျနော်တို့လျှောက်နေကြသော လမ်းကြောင်းများအတိုင်း ဆက်လျှောက်ကြရန်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်များရဲ့ သဘောထားအတိုင်း ဒုတိယပင်လုံညီလာခံကို ညီညွတ်စွာ ကျင်းပကြပြီး အာဏာရှင်စနစ် ဖြုတ်ချနိုင်ဖို့သာလျှင် ကျနော်တို့ရဲ့ပန်းတိုင်ဖြစ်ပါတယ်။
အပိုင်း (၂) ကို ဆက်ဖော်ပြပါမည်။
မောင်ပါလ
2 comments:
ဥာဏ်စမ်းကိုတော့ စိတ်ဝင်စားတယ်...အဖြေကကောဟင်...ကျမ စဉ်းစားမိတာလေး ပြောပြမယ်နော်..မမှန်ရင်တော့ ဟားတိုက်ရယ်မနေနဲ.ဦးနော်...၇၅ ကျပ်ကျတာကို ဆိုင်ရှင်က ၅ ကျပ်လျော့တော့ ၇၀... စားပွဲထိုးက ၂ ကျပ်ယူတော့ ၆၈ ကျပ် ....၃ ကျပ်ပြန်ပေးတယ်ဆိုတော့ ၃ ယောက်ကို ၆၅ ကျပ်ကျတာပေါ့...တယောက်စီဆိုရင်တော့ ၂၁ ကျပ်နဲ. ၆၇ ပြား ကျမှာပေါ့...မှန်မမှန်တော့ ပြန်ပြောဦးနော်...
လေးစားစွာဖြင့်
simple views
မေးခွန်းမှားနေပါတယ်။
အားလုံးပေါင်းမှ တယောက်ကို ၂၄ ကျပ်နဲ့ စုစုပေါင်း ၇၂ ကျပ်သာ ကုန်ကျပါတယ်။
(၁) ပေးငွေပေါင်း ၇၅ ကျပ် - ပြန်အမ်းငွေ ၅ ကျပ် = မုန့်ဖိုးငွေ ၇၀ ကျပ်။
(၂) မုန့်ဖိုးငွေ ၇၀ ကျပ် + စားပွဲထိုးဖြတ်ယူငွေ ၂ ကျပ် = ကုန်ကျစရိတ်ပေါင်း ၇၂ ကျပ်။
ကုန်ကျစရိတ်ပေါင်းက ၇၂ ကျပ်သာဖြစ်လို့ တယောက်ကို ၂၄ ကျပ်သာ ကျပါတယ်။
(သီးခြားခွဲတွက်မယ်ဆိုရင် မုန့်အတွက်တယောက်ကို ၂၃.၃၃ ကျပ်ကျသင့်ပြီး စားပွဲထိုးပေးငွေ တယောက်ကို ၀.၆၇ ကျပ် ကျသင့်ပါတယ်)
မရှိနိုင်တဲ့အဖြေအတွက် မမှန်တဲ့မေးခွန်းကိုဖန်တီးပြီး ဖြေသူ အလုပ်မရှုပ်ရှုပ်အောင် မေးထားတာပါ။
Post a Comment