စစ်အာဏာပိုင်များ၏ စိန်ခေါ်မှုများအား ပြည်သူ့အင်အားစုများက သဏ္ဍာန်မျိုးစုံဖြင့် တုန့်ပြန်ရင်ဆိုင်ကြလိမ့်မည်

>> Tuesday, September 7, 2010

နအဖစစ်အစိုးရက ၄င်းတို့ကိုယ်တိုင် ကျင်းပပေးခဲ့သည့် ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဘေးချိတ်ပြီး ရွေးကောက်ပွဲ အသစ်တခု ထပ်လုပ်ရန် ကြေညာလိုက်ကတည်းက ကျနော့်ခေါင်းထဲမှာ ရွာက ရှေးလူကြီးသူမများ ပြောခဲ့ဘူးသော အဖြစ်အပျက်ကလေးတခု ပြေးသတိရမိသည်။

အဖြစ်အပျက်မှာ ဟိုတချိန်က ကျနော်တို့ရွာတွင် မိုးလေဝသမှန်ရင် အထူးအထွက်ကောင်းသည့် ရွာရင်း လယ်ကွက်ကြီးတစ်ကွက် အကြောင်းပြု၍ ဦးကံလှဆိုသည့် ဘိုးတော်ကြီးတစ်ဦးနှင့် ရွာက နောက်တစ်ဦး သူပိုင်ငါပိုင် အငြင်းပွားမှုပြဿနာ ဖြစ်ကြသည်တဲ့။ ဦးကံလှက ဒီကိစ္စ ကံဆိုးကံကောင်း မဲနှင့် ဆုံးဖြတ်ရမယ် ပြောလို့ ဒီမှာတင် နှစ်ဘက်သဘောတူ မဲနိုက်ကြသည်။ ဖြစ်ချင်တော့ ဦးကံလှ မဲမပေါက်ဘဲ ပြိုင်ဘက်လူ မဲပေါက်သွားသည်။

ဒီတော့ ဦးကံလှက စကားတွေများ၊ မကြေမနပ်ဖြစ်ပြီး မဲပြန်နှိုက်ရမယ် လုပ်ပြန်ပါလေရော။ ဒါနဲ့ မတတ်နိုင်တဲ့အဆုံး နောက်တစ်ချီ မဲပြန်နိုက်လိုက်တဲ့အခါ လယ်ကွက်ကြီးကို ဦးကံလှလည်း မဲပေါက်သွားသည်။ ဒီအခါ ဦးကံလှ ဘာမှမပြောတော့ဘဲ သူအပိုင်ယူလိုက်ရောတဲ့။ အဖြစ်အပျက်က ဒါပါပဲ။

ဘယ်အချိန် ဘယ်ကာလမှာ ဖြစ်ပျက်ခဲ့သည်ကို အတိအကျ မသိနိုင်သော်လည်း ရွာရင်းလယ်ကြီး သူမရမချင်း မဲနှင့် ဦးကံလှ ညစ်ယူခဲ့သည့် အဖြစ်အပျက်ကတော့ ရွာမှာ သားစဉ်မြေးဆက် မကောင်းသည့် လုပ်ရပ်ဆိုးတစ်ခုအဖြစ် ပြောစမှတ် တွင်ကျန်နေရစ်တော့သည်။

ယခုလည်း နအဖစစ်အစိုးရ ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်ပုံကိုက ဦးကံလှအချိုးအတိုင်း ဖြစ်နေသည်။ သူအပိုင်ရအောင် ရွေးကောက်ပွဲ နောက်တစ်ချီ ထပ်လုပ်ခြင်းဖြစ်ကြောင်း လူတိုင်းနားလည်သည်။ လူထုထောက်ခံမှု ရနေသည့် အတိုက်အခံခေါင်းဆောင်ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် အရင်ဆုံး အကွက်ဆင် ဖမ်းဆီးချုပ်နှောင်ရုံမျှနှင့် အားမရသေးဘူး၊ တသက်လုံး ရွေးကောက်ပွဲဝင်မရအောင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ယုတ်ယုတ်ကန်းကန်း ရေးဆွဲတားဆီးထားသည်။

ရွေးကောက်ပွဲတွင် ဝင်အရွေးခံမည့် အာဏာပိုင် စစ်ဗိုလ်ထွက်များနှင့် သူတို့နောက်လိုက်များအတွက် အာဏာသုံး၊ အခွင့်ထူးယူ၍ ကျန်အတိုက်အခံများအား ငွေအား လူအား မယှဉ်သာအောင် ညစ်နည်းမျိုးစုံသုံး ကန့်သတ်ထားသည့် ရွေးကောက်ပွဲဥပဒေကို ပြဌာန်းသည်။

စစ်အုပ်စုစိတ်ကြိုက် ရေးဆွဲထာသည့် မတရားသည့် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအကြောင်း အများသိနေကြပြီးဖြစ်၍ အထူးမရေးတော့ပါဘူး။ ရွေးကောက်ခံစရာမလိုဘဲ စစ်တပ်က လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်း ယူထားပြီး၍ ကျန်နေသည့် လွှတ်တော်နေရာ ၇၅ ရာခိုင်နှုန်းကို ယှဉ်ပြိုင် အရွေးခံပိုင်ခွင့် ရပါမည့်အရေး ရွေးကောက်ပွဲဝင်လိုသည့် နိုင်ငံရေးပါတီများအား စစ်အုပ်စု၏ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို မဆန့်ကျင်ရ၊ ကာကွယ် စောင့်ထိမ်းရမည့်အပြင် ပိုဆိုးသည်မှာ စစ်အုပ်စု အတိုက်အခံ လူထုခေါင်းဆောင်ကိုပါ အဖွဲ့အစည်းမှ ထုတ်ပစ်ရန် နင့်နင့်သီးသီး တောင်းဆိုထားသည်။

ဒါဟာ တနည်းအားဖြင့် ရွေးကောက်ပွဲဝင်မည့် ပါတီများအား စစ်အာဏာရှင်စနစ်ကို ထောက်ခံရန် ရွေးကောက်ပွဲဥပဒေဖြင့် ဝန်ခံလက်မှတ် ထိုးခိုင်းထားခြင်းဖြစ်သည်။ ဤမတရားသည့် ဥပဒေကို လက်မခံသည့် နိုင်ငံရေးပါတီအား တရားဝင် တည်ရှိခွင့် မပေးနိုင်ဟု စိန်ခေါ်ထားပြန်သည်။

ဤသည်မှာ စစ်ဗိုလ်တွေ၊ စစ်ဗိုလ်ထွက်တွေ အကောင်အထည်ဖေါ်နေသည့် စစ်အာဏာရှင်စနစ် ဆက်လက်ကျင့်သုံးရေး နမူနာဖြစ်သည်။ ပြည်သူတွေ ဖြတ်သန်းခဲ့သည့် မြန်မာ့သမိုင်းကြောင်းသည် စစ်အုပ်စု ပြုသမျှ နုနေမည့် သမိုင်းကြောင်းမျိုးမဟုတ်။ ပြည်သူများအား စိန်ခေါ်နေသည့် စစ်အာဏာရှင်များကို သဏ္ဍာန်မျိုးစုံဖြင့် အန်တု တုန့်ပြန်ကြမှာ မြေကြီးလက်ခတ်မလွဲပေ။ ။

ဒီလိုအခြေအနေမျိုးမှာ နအဖ၏ ရွေးကောက်ပွဲနည်းကို နိုင်ငံရေးထွက်ပေါက်ဟု ပြောနေသူများ၊ ရေးနေကြသူများ ရှိနေသည်။ ထိုသူတွေအတွက် ‘ရေမရှိတဲ့ချောင်း နှာခေါင်းဖေါ်သေဖို့ ကောင်းသူတွေ’ ဟု ပြောရလျှင် လွန်မည်မထင်ပေ။ စစ်အာဏာရှင်တွေဟာ ဒီမိုကရေစီတို့၊ နိုင်ငံရေးလုပ်ပိုင်ခွင့်တို့ ဆိုသည့် ပြည်သူလူထု ရပိုင်ခွင့်မျာကို အလေးထားသူများမဟုတ်ပါ။

လူကြားကောင်းရုံ ရွေးကောက်ပွဲစကားတွေပြော၊ ဝါဒဖြန့်နေခြင်းဖြစ်ပြီး လက်တွေ့မှာ သူတို့အာဏာတည်မြဲရေး လုပ်ဆောင်နေခြင်းဖြစ်သည်။ ပြည်သူလူထုအနေနှင့်လည်း ၂ဝ၁ဝ ရွေးကောက်ပွဲကို ဒီမိုကရေစီနိုင်ငံရေး အပြောင်းအလဲ ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားကြပါ။ စိတ်ဝင်စားမှုလည်း နဲကြသည်။

လူတချို့သာ ကိုယ်ကျိုးစီးပွားအတွက်၊ ကိုယ် မျက်နှာသာ ရရေးအတွက် နအဖအလိုကျ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ရေးပြီး အာဏာရ စစ်အုပ်စုကို ဖားနေကြသည်။ စစ်အာဏာရှင်စနစ် အဆိပ်ပင် ရေလောင်းပေးနေသူများပင် ဖြစ်သည်။ အလွန်တာဝန်မဲ့ပြီး ဒီမိုကရေစီအရေး သစ္စာဖောက်နေသူများဖြစ်သည်။

လက်ရှိ အခြေအနေအရ တကယ်တမ်း ဖြစ်ရမှာက ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး ရှေ့ရှုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD က ကမ်းလှမ်းနေသော စစ်အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေး အပြန်အလှန်လေးစားမှုဖြင့် လက်တွေ့ တက်တက်ကြွကြွ လုပ်ကြရမှာပါ။ ဤနည်းသာလျှင် မြန်မာ့နိုင်ငံရေး ထွက်ပေါက်ဖြစ်သည်။

ပြည်သူတရပ်လုံးနှင့် ဒီမိုကရေစီ အင်အားစုအသီးသီး၊ တော်လှန်ရေးအင်အားစုများ၊ လူမျိုးစု အဖွဲ့အသီးသီးတို့ကလည်း နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို မျှော်လင့်ချက်ထားကြသည်။ အမျိုးသားပြန်လည်ပေါင်းစည်းရေး ဖြစ်စေမည့် တကယ့်လမ်းကြောင်းမှန်ဟု မြင်ကြသည်။

အများ မျှော်လင့်ချက်ထားသည့် တိုင်းပြည်လိုအပ်ချက်ကို ငြင်းဆန်ပယ်ချနေသူများမှာ အာဏာရ စစ်အုပ်စုသာဖြစ်သည်။ ခေါင်းမာနေသူများမှာ လက်တစ်ဆုပ်သာ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ပြည်သူအများ၏ မျှော်လင့်ချက်ကို ငြင်းပယ်ရုံသာမက စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် ဒီမိုကရေစီ လိုလားသော ရဟန်းရှင်လူ ပြည်သူအများကို ဖမ်းဆီးထောင်ချ၍ လူ့တစ်သက် လွတ်ရက်မရှိသည့် ပြစ်ဒဏ်များဖြင့် ကမ်းကုန်အောင် ရက်စက်ပြသည်။

ပြည်သူလူထု ဆန္ဒသဘောထားကို ထည့်မတွက်ဘဲ တစ်ဘက်သတ် ရေးဆွဲထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံဖြင့် ချည်တုပ်ထားပြီး စစ်အာဏာရှင်စနစ် သဏ္ဍာန်ပြောင်း ကျင့်သုံးရေး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရေး မျှော်ကိုးချက်များဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပရန် လုပ်လာခြင်းဖြစ်သည်။

စစ်အုပ်စု မျှော်ကိုးသလို မှန်းချက်နှင့် နှမ်းထွက်ကိုက်မည် မဟုတ်ပေ။ နအဖ၏ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံက ပြည်သူတွေ လိုလားသည့် ဒီမိုကရေစီ နိုင်ငံရေးထွက်ပေါက်ကို ပိတ်ဆို့ထားပြီး ဖြစ်နေသည်။ ထို့ကြောင့် ဒီမိုကရေစီ တော်လှန်ရေး ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ တိုက်ဖျက်ရေးလုပ်ငန်းသည် မရှိမဖြစ် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ်သည်။

နအဖစစ်အုပ်စုသည် နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းသည့်နည်းဖြင့် တိုင်းပြည်ပြဿနာ ဖြေရှင်းရေးနည်းကို ငြင်းပယ်နေရုံဖြင့် ရပ်မနေဘူး။ ပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသား ရပ်တည်သည့် လူထုခေါင်းဆောင်နှင့် နိုင်ငံရေးပါတီများကိုပါ ရန်သူလို သဘောထားပြီး အပြတ်ချေမှုန်းပစ်ရန် လုပ်ဆောင်လာနေသည်။

အဓိကကျသည့် နိုင်ငံရေးပါတီများအနေဖြင့် တရားဝင် ရပ်တည်ခွင့် ဖျက်သိမ်းခံနေရပြီး နိုင်ငံရေး အကျဉ်းသားများကိုလည်း လွှတ်ပေးမည့် အရိပ်အရောင် မတွေ့ရသေး။ ပြည်သူလူထုအနေဖြင့် ထိခိုက်နာကျင်မှု သိပ်များနေပါပြီ။ အစီအစဉ်ရှိရှိ တုန့်ပြန်ရင်ဆိုင်နိုင်ရန် ရှေ့လုပ်ငန်းစဉ်အတွက် စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် ဒီမိုကရေစီအင်အားစုအသီသီး အရေးတကြီး ထည့်သွင်းစဉ်းစားရမည့် ပြဿနာဖြစ်သည်။

ဒီမိုကရေစီရေး လှုပ်ရှားမှုသည် လူထုလှုပ်ရှားမှုဖြစ်သည်။ တစ်ဖွဲ့တစ်သင်း ကိုယ်နည်းကိုယ်ဟန်နှင့် တစ်သီးတစ်ခြားခွဲ လှုပ်ရှားနေရုံဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း နဝတ/နအဖစစ်အုပ်စု နှစ် ၂ဝကျော် အာဏာတည်မြဲနေခြင်းက သက်သေပြနေသည်။ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လုပ်လာအောင် မစည်းရုံးနိုင်လျှင် ဒီမိုကရေစီတော်လှန်ရေး အောင်မြင်လိမ့်မည် မဟုတ်ပါ။

ပြည်သူလူထု ပါဝင်နိုင်မှုကို သံသယရှိနေလျှင် ဘာမှ ထိရောက်အောင် လုပ်နိုင်မည်မဟုတ်ပါ။ ထိုကြောင့် ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်သည့် လုပ်ငန်များကို အသေအခြာ ပြင်ဆင်၍ ဇောက်ချလုပ်နိုင်ရန်အတွက် စည်းလုံးညီညွတ်သည့် ရှေ့ဆောင်အင်အားစုတစ်ရပ် ဖော်ဆောင်ရေး လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

x x x x x

မောင်စိန်သော်
(၁၂.၈.၂၀၁၀)

Ref : လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP