သြော်……..ဒုက္ခ……..ဒုက္ခ………

>> Friday, July 30, 2010


(မလေးရှားနိုင်ငံတွင်ခိုလှုံနေကြသော UN မှတ်ပုံတင်ခွင့်ရရန် နည်းမျိုးစုံဖြင့်ကြိုးစားနေကြသည့် အထောက်အထားမဲ့မြန်မာဒုက္ခသည်များ သတိပြုဆင်ခြင်ပြီး ချင့်ယုံနိုင်ကြစေရန်အတွက်သာ ရေးသားခြင်းဖြစ်ပါသည်။ )


တူ…….တူ………..တူ………တူ

မီးဖိုချောင်ထဲအလုပ်ရှုပ်နေခိုက် ဖုန်းက၀င်လာသည်။ နံပါတ်ကိုကြည့်လိုက်ပြီး ကြွေးရှင်မဟုတ်မှန်းသေချာတော့မှ…………..

“ဟယ်လို………”

“ဟယ်လို……….ကိုဂတုံးလားခင်ဗျ။ အကို့ဖုန်းနံပါတ်ကို သူငယ်ချင်းတယောက်ဆီကရတာ။ တခုလောက်မေးချင်လို့ပါအကို”

“ဟုတ်ကဲ့……… မေးပါခင်ဗျ။ သိတာဆိုရင်တော့ ပြောပြပါ့မယ်”

လက်ကမအားသဖြင့် ဖုန်းကိုပခုံးနှင့်ညှပ်ပြီးပြောနေရင်း ဒယ်အိုးကိုမီးဖိုပေါ်တင်ကာ ဂက်စ်ဖွင့်လိုက်သည်။ ကြက်သွန်ဖြူကိုဆီနည်းနည်းနှင့် ဆီသတ်လိုက်သည်။

“မနေ့ကကျနော် ……ရုံးကိုရောက်သွားပြီး UN မှတ်ပုံတင်ဖို့ကိစ္စအတွက် စကားသွားပြောဖြစ်တယ်အကို။”

“အဲဒီတော့……….”

“အဲဒီတော့…….. သူတို့က ရင်းဂစ် ၁၂၀၀ တောင်းတယ်အကို။ နောက်လရမယ်တဲ့။ မရရင် ပိုက်ဆံပြန်ပေးမယ်လို့ ပြောတယ်။ အဲဒါ ဖြစ်လားမဖြစ်နိုင်ဘူးလား သိချင်လို့ပါ”

ကြက်သွန်တူးမည်စိုးသဖြင့် ပြန်မပြောအား။ ခဏလေးညီ ဟုပြောကာ မီးနည်းနည်းလျှော့လိုက်သည်။ ထို့နောက် အသားနှင့် လိုအပ်သည့်အစာပလာများထည့်ကာ ရေအနည်းငယ်ထည့်လိုက်ပြီး မီးရှိန်ကိုပြန်မြှင့်လိုက်သည်။ ပြီးမှ………..

“နည်းနည်းမေးမယ်ညီ။ စောစောကမင်းပြောတာ ၁၂၀၀ ပေးရမယ်လို့ပြောတယ်နော်။ ဟိုအရင်က UN ရဖို့ဆိုပြီး ၃၁၀ ပေးရတာရောမင်းသိလား။ အဲဒီ ၃၁၀ ကို ပေးထားပြီးသားအပြင် ၁၂၀၀ ကိုထပ်ပြီးပေးရမလား။ အဲလိုလား။”

“မဟုတ်ဘူးအကို။ အရင် ၃၁၀ တုန်းက သူငယ်ချင်းတွေလုပ်ထားတာဆိုတော့ အဲဒီကိစ္စကျနော်သိတယ်။ အဲဒီတုန်းကတော့ ကျနော်မလုပ်ဘူး။ ခုမှ အသစ်လုပ်တာအကို”

“အေး……. မင်းသူငယ်ချင်းတွေလုပ်ထားတယ်ဆိုတော့ သူတို့မရသေးတာရော မင်းသိမှာပေါ့။ ဘာကြောင့်မရသေးတာလဲ။ အရင်လူတွေအတွက် ဘယ်လိုလုပ်ပေးမှာလဲဆိုတာရော မင်းမေးလိုက်သေးလား”

“ဟုတ်………မေးလိုက်တယ်ခင်ဗျ။ သူတို့ပြောတာကတော့ အရင်တခေါက်က တိုင်တဲ့လူတွေရှိလို့ UN ရုံးက မှတ်ပုံတင်ဖို့မချပေးတော့ဘူးတဲ့။ အဲဒါကြောင့် အရင်ကိစ္စက cancel ဖြစ်သွားပြီတဲ့။ ခုရမှာက အသစ်တဲ့။ မလေးရှားက ဘယ်အဖွဲ့ကိုမှမပေးဘဲ သူတို့တဖွဲ့တည်းပေးမှာတဲ့။ အဲလိုတော့ပြောတယ်။”

“cancel ဖြစ်သွားပြီဆိုတော့ အရင်ယူထားတဲ့ပိုက်ဆံတွေက ပြန်ပေးမှာပေါ့။”

“အဲဒါတော့ ဘာမှမပြောဘူးအကို။ ကျနော်လည်းမမေးမိဘူး”

ဒယ်အိုးထဲ၌ ရေခမ်းနေပြီဖြစ်သဖြင့် စကားစပြတ်သွားပြန်သည်။ အသင့်ချိန်ထားသောခေါက်ဆွဲကို ဒယ်အိုးထဲထည့်လိုက်ပြီး သမအောင်မွှေနေရသဖြင့် စကားပြန်မပြောဖြစ်သေး။ ကောင်လေးကလည်း စိတ်ရှည်လက်ရှည် စောင့်နေသည်။ ခဏအကြာ ခေါက်ဆွဲကို ပန်းကန်ထဲသို့ထည့်ပေးလိုက်ပြီး ဒယ်အိုးကိုဆေးရန်ရေစိမ်ထားလိုက်သည်။

“အိုကေ…..ရပြီညီ။ နောက်ဆုံးတခုတော့ မေးအုံးမယ်။ အဲဒီရုံးက ဘယ်သူနဲ့မင်းစကားပြောခဲ့ရတာလဲ”

“ဟို……..သူ့နာမည်တော့ ကျနော်မသိဘူးအကို။ အရပ်နည်းနည်းပုတယ်။ အသားနည်းနည်းမည်းတယ်။ ဆံပင်က ဂတုံးဆံတောက်ထက် နည်းနည်းရှည်တယ်အကို။ မိန်းမလည်းရှိတယ်။ သူ့ပုံစံကတော့ အညာသားပုံစံပဲ။ သူနဲ့ပြောခဲ့ရတာ”

“ဟုတ်ပါပြီလေ။ အေး……..အကိုပြောပြမယ်ညီ။ UN ရမှာဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလားဆိုတာတော့ အကိုလည်းမသိဘူး။ ရရင်လည်းရမယ်။ မရရင်လည်းမရဘူး။ အဲဒါက UN ရုံးကအရာရှိတွေနဲ့ပဲဆိုင်တယ်။ မင်းတို့ကို ပိုက်ဆံတောင်းနေတဲ့ရုံးကကောင်တွေလည်း သေချာမသိဘူး။ အကယ်၍ ရခဲ့လို့ရှိရင်လည်း သူတို့အရင်ပိုက်ဆံယူထားတဲ့လူတွေကို အရင်လုပ်ပေးရမယ်။ cancel လုပ်လို့မရဘူး။ မရရင်ပိုက်ဆံပြန်ပေးမယ်ဆိုတာက အရင်ကလည်း သူတို့ဒီလိုပဲပြောခဲ့တာပဲ။ နောက်ပြီးတော့ အရင်လုပ်ထားတဲ့လူတွေတောင် အခုမရတော့ဘူးလို့ပြောတယ်။ ဖုန်းမတ်ဆေ့ခ်ျပို့လိုက်၊ ဖုန်းဆက်လိုက်နဲ့ နက်ဖြန်၊ သဘက်ပဲရတော့မလိုလိုပြောတယ်။ Ipoh နယ်ဖက်မှာပဲ ပေးတော့မလိုလို သတင်းလွှင့်တယ်။ ဘာတခုမှမသေချာဘူး။ အခုဆိုရင် ပိုက်ဆံပြန်ရဖို့တောင် ၁၀၀% မသေချာတော့ဘူး။ ဒီကြားထဲမှာ မင်းက ယုံပြီး ၁၂၀၀ ပေးလိုက်ရင်တော့ ရရင်တော့ကောင်းတာပေါ့။ မရရင်တော့ မင်းအပြစ်လည်း တ၀က်ပါသွားပြီ။ သေချာစဉ်းစားပေါ့ညီ။ အကိုကတော့ ဒီလောက်ပဲမင်းကို အကြံပေးနိုင်တယ်”

ကျေးဇူးတင်ကြောင်း၊ နောက်လည်းမေးပါမည့်အကြောင်းပြောကာ ဖုန်းချသွားသည်။ သက်ပြင်းကိုလေးလေးတွဲ့တွဲ့ကြီးချရင်း ရေစိမ်ထားသည့်ဒယ်အိုးကို စိတ်မပါလက်မပါ ဆေးနေမိသည်။

သြော်………ဒုက္ခ………….ဒုက္ခ………..။

စားလို့ပဲမ၀နိုင်ကြတော့ဘူးလားကွယ်ရို့…………။

.............................................

ရင်းဂစ် ၁၂၀၀ ဆိုသည့်ငွေပမာဏက နည်းနည်းနောနောမဟုတ်။ မလေးရှား၌ တလရှာ၍မရနိုင်။ ယခင်အတိုင်းဖြစ်ခဲ့လျှင် ဘယ်သူတွေဆီက ဘာတွေကြားရအုံးမည်မသိ။ ခုအချိန်ထိရော ပေးပြီးတဲ့လူ ဘယ်နှယောက်ရှိနေပြီလဲ။ နောက်ဘယ်သူတွေ ဖုန်းဆက်ပြီး ပြောကြအုံးမည်လဲ။ ဒီအပူတွေနှင့်ဝေးရာ မီးဖိုချောင်လေးတခုတွင် ခိုလှုံမိကာမှ မီးဖိုမှအပူမီးနှင့်အပြိုင် ဒီအပူကလာတောက်လောင်ပြန်လေပြီ။

သြော်……..ဒုက္ခ……….ဒုက္ခ…………။

ဘယ်ကိုပြေးပြေး မလွတ်နိုင်ပါလား။

“ကိုထူး”

ဟဲ့……..ပလုတ်တုတ်။ အရေးကောင်းခါမှ ဒိန်းဒေါင်းဖျက်။ အတွေးကောင်းခါမှ မန်နေဂျာမမအသံကဖျက်ပြီ။

“ဧည့်သည်ဆီက complaint လာတယ်။ ခေါက်ဆွဲကငန်လို့တဲ့”

“ဟိုက်……. သေပြီဟ”

ဖုန်းပြောရင်းနဲ့ချက်လိုက်သည့်ခေါက်ဆွဲ။ ဆားနှစ်ခါထည့်လိုက်မိပြီထင်သည်။ မီးဖိုချောင်ထဲပြန်ရောက်လာသည့်ခေါက်ဆွဲကို နည်းနည်းစားကြည့်လိုက်တော့ ငန်ချက်ကကမ်းကုန်နေသည်။ ဧည့်သည်ကိုထွက်တောင်းပန်ပြီး ပြန်ချက်ပေးပါမည့်အကြောင်း မျက်နှာချိုသွေးပြောလိုက်ရသည်။

မန်နေဂျာမမ၏ မျက်စောင်းလှလှက နှလုံးသားကို ဒိုင်းကနဲလာဆောင့်သည်။ ရင်ခုန်လို့မှမဆုံးသေး၊ သူဌေး၏မျက်ထောင့်နီကြီးက မိုးကြိုးပစ်သလိုကျလာပြန်သည်။ casher ကိုင်သောတရုတ်မလေးက လကုန်လျှင် လခထဲမှ ခေါက်ဆွဲတပွဲဖိုးပြန်ဖြတ်ရန် ကွန်ပြူတာထဲတွင် မှတ်ချက်ရေးသည်ကို မျက်လုံးထောင့်မှ လှစ်ကနဲလှမ်းမြင်လိုက်ရသည်။ ဒီပုံစံအတိုင်းဆက်သွားပါက အလုပ်ပြုတ်ဖို့ကသေချာနေပြီ။

သြော်……….ဒုက္ခ………ဒုက္ခ…………….။

အဆုံးမရှိပါတကား……………….။

မောင်ပါလ
(၂၉၊ ၀၇၊ ၂၀၁၀)

6 comments:

ကိုဇော် July 30, 2010 at 5:28 PM  

သြော်. . .အခု အထည့်များသွားတဲ့ ဆားလို့ပေါ့လေ။
မထည့်မိလို့ မပါပြန်ရင်လည်း ပြဿနာ ဖြစ်ဦးမှာပါပဲ။
ကျနော်တို့ ဘဝတွေက ဆား ထည့်မိသလို ၊ ဆားမထည့်မိသလိုလို ဖြစ်နေရတဲ့ ဘဝတွေပေါ့ဗျာ။

Naung Taw Lay July 30, 2010 at 6:01 PM  

အကို စာတွေပြန်ရေးနေပြီ ။ အကို အဆင်ပြေပါစေ လို့ မပြည့်နိုင်ပေ မယ့်လည်း ဆုတောင်းပေးပါတယ်အကို ရေ ။

“ဇာနည်မျိုးမြတ်” July 30, 2010 at 9:35 PM  

NLD လို့ခေါင်းစဉ်တတ်ပြီး မလေးရှားမှာ လူလိမ်တစ်စု အလုပ်လုပ်စားနေတာကြာပြီ..လိမ်စားချင်ရင်လည်း ကိုယ့်နာမည်ကိုယ်တတ်မှပေါ့ဗျာ..ကိုပါလ ပြောသလိုပဲ တစ်ခါအလိမ်ခံရတာပဲကောင်းတယ် နှစ်ခါဆိုရင်တော့ အလိမ်ခံရသူမှာ အပြစ်ရှိသွားပြီ..အခုလို အားလုံးသိမြင်အောင် ရေးပေးတာ ကောင်းတယ်ကိုပါလရေ..မဟုတ်ရင် ဒီကောင်တွေ ထပ်ပြီးလုပ်စားနေအုံးမှာပဲ အရှက်မရှိကြဘူး..

khin oo may July 31, 2010 at 12:00 AM  

သြော်……….ဒုက္ခ………ဒုက္ခ…………….။

ခေါက်ဆွဲဘိုးဖြတ်တာစိတ်ထိခိုက်တယ်။

htakekhaungtin July 31, 2010 at 2:53 AM  

N = nutty
L = liar
D = dum

L = lower
A = attitude

M = misconduct
A = ali baba
L = lees
A = abnormal
Y = yeggmen
S = selfish
I = imposter
A = abuse

YE MIN TUN August 2, 2010 at 1:25 PM  

၁၂၀၀ ကိစ္စတော့ ....တောင်ဝေ ဝေ ဝေ .... ပလုံ .....


ခေါက်ဆွဲက တော်တော်အံ့သြတယ်
ဆိုင်ရှင်ကိုကမှားတာ မောင်ပါလက အရင်က ကြက်ဥတောင် ဖြောင့်အောင်ကြော်တက်တာ မဟုတ်ပါဘူး ...... သတိမေ့တက်တာထက် စိတ်တိုတက်တာ အလွန်ဘဲ တော်ကြာဒေါသထွက်ပြီး ဆိုင်ပါဆားထည့်ပြုတ်လိုက်ရင်တော့ ..
တရုတ်ငိုရမှာ..

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP