ဒို့သမိုင်းကြမှ မရိုင်းကြစေနဲ့

>> Thursday, June 3, 2010

(မေးလ်းကတဆင့် ပြန်လည်ဖော်ပြတာပါ။ ပို့ပေးတဲ့ဗမာ့သွေးကိုလည်း ကျေးဇူးတင်ပါတယ်။)

သူငယ်ချင်းတို့ရေ ဒို့တိုင်းပြည်ရဲ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် ဘယ်လိုအရေးအခင်းဘဲဖြစ်ဖြစ် ဒို့ကျောင်းသားတွေက ဦးဆောင်ပြီးလုပ်ခဲ့တာဘဲ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာလည်း သူရဲ့နိုင်ငံရေးလှုပ်ရှားမှုကို တက္ကသိုလ်ကျောင်းသား ဘ၀ကစခဲ့တာပါဘဲ။ ၁၉၈၈ အရေးအခင်းမှာဆို အလယ်တန်းကျောင်းသား အဆင့်တောင် ပါဝင် ဆင်နွှဲခဲ့ကြတယ်။ ဒို့လက်ထက်ကျမှတော့ သမိုင်းအရိုင်းမခံကြနဲ့တော့ သူငယ်ချင်းတို့ရေ။ ငါတို့တွေလည်း မညံ့ဘူးဆိုတာပြကြဖို့ အချိန်ရောက်ပြီ သူငယ်ချင်းတို့ရေ။

ဒို့တွေဟာ မိဘရင်ခွင်မှ စွန့်ခွာကာ တက္ကသိုလ် ပညာကို သင်ကြားနေကြတဲ့ အရွယ်ရောက်ပြီး လူငယ်တွေဖြစ်တယ်။ ဒို့တွေဟာ အရင်တက္ကသိုလ်ကျောင်းသားဘ၀တွေနဲ့ နှိုင်းယှဉ်ရင် အင်မတန်မှ ဆိုးဝါးနေတဲ့ ပညာရေးကိုသင်ကြားနေရတာလည်း လူတိုင်းအသိပါဘဲ။ အခုဆို စစ်အစိုးရ ရဲ့နှိပ်ကွပ်မှုကြောင့် ဒို့တွေရဲ့ပညာရေးအဆင့်အတန်းဟာလည်း ရေစုန်မျောနေပြီ ။ ငါတို့ကိုဒုက္ခအမျိုးမျိုးရောက်အောင် ပညာရေးနဲ့ အလှမ်းဝေးအောင် ကျောင်းတွေကို မြို့ပြင်ထုတ်တယ်။ နိုင်ငံခြားကလာဖွင့်တဲ့ သူတို့အဖေတွေကျောင်းကြတော့ မြို့ထဲကအကောင်းဆုံးဆိုတဲ့နေရာတွေကိုပေးထားတယ်။ သူတို့၇ဲ့မျိုးဆက်တွေကြတော့ ဒို့တိုင်းသူပြည်သားတွေရဲ့ ချွေးနှဲစာရယ် ၊ တိုင်းပြည်ရဲ့သယံဇာတ တွေကိုရောင်းချပြီး နိုင်ငံခြားကပညာရေးတွေကို သင်ပေးနေကြတယ်။ ငါတို့တွေကျတော့ ဘွဲ့ရပြီးရင်တောင် အသိအမှတ်မပြုတဲ့ ပညာရေးကိုပေးနေတယ်။ ဘွဲ့ရပြီးရင်တော့ မြန်မာပြည်မှာ ပညာသင်ပြီး တိုင်းတပါးကိုထွက်ပြီး ကျွန်ခံဖို့အတွက် အခြားသင်တန်းတွေအတွက် တက်ရအုံးမယ်။ ကိုယ်တိုင်းပြည်မှာ လုပ်ပြန်တော့လည်း ထမင်းနပ်မှန်ဖို့အတွက်တောင် အမျိုးမျိုးလာဘ်စားကာ ဆင်းရဲသားလူတန်းစားတွေကို ဒုက္ခပေးရအုံးမယ်။

တွေးမိတိုင်းလည်း ရှက်မိတယ်။ အခုလိုဖြစ်နေတာ ဒို့တွေ ပျော့ညံ့လို့လဲပါတယ် ဆိုတာကိုစဉ်းစားမိတယ်။ ဒို့တွေ ဒီလိုဖြစ်နေရတာ ဒို့ကျောင်းသားတွေဖက် မားမားမတ်မတ်ရပ်တည်ပေးမယ့် အဖွဲ့အစည်းမရှိခဲ့လို့ဘဲ။ ဒီတော့ ဒို့တွေ ကျောင်းသားသမဂ္ဂပြန်ဖွဲ့မယ် ။ ဒို့ကို ခေါင်းဆောင်နိုင်မယ့် ကျောင်းသားခေါင်းဆောင်တွေကို ရှာမယ်။ လက်ရှိပညာရေးစနစ်ကိုဆန့်ကျင်ကြမယ်။ ထောင်ထဲရောက်နေတဲ့ ကျောင်းသားခေါင်ဆောင်တွေအတွက် တောင်းဆိုမှုတွေလုပ်ရမယ်။

ငါတို့လိုတက္ကသိုလ်ပညာသင်ကြားပြီး သက်ဆိုင်ရာမှာ ဘွဲ့အသီးသီးအပ်နှင်းခြင်းခံရတဲ့သူတွေတောင် အလုပ်တခုရ ဖို့ခက်နေရင် ပညာမသင်ကြားနိုင်တဲ့ ဆင်းရဲသားမိသားစုတွေရဲ့အနာဂါတ်ဆိုရင် မတွေးဝံ့စရာဘဲ သူငယ်ချင်းတို့ရေ။ တာဝန်ဆိုတာ ယူတတ်မှရတယ်။ ယနေ့ခေတ်ရဲ့ သမိုင်းပေးတာဝန်ကို ငါတို့ကျောင်းသားတွေယူရမယ် သူငယ်ချင်းတို့ရေ။

ပထမဆုံးမိမိတို့ သက်ဆိုင်ရာကျောင်းအလိုက် အဖွဲ့တွေဖွဲ့ရမယ်။ အားလုံးစုစည်းမှုရပြီးသွားရင် သတ်မှတ်ထားတဲ့နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတွေ့ဆုံပွဲကို တက်ကြမယ်။ အဲဒီမှာ ကျောင်းသားသမဂ္ဂပြန်ဖွဲ့မယ်။ ငါတို့ရဲ့ စည်းလုံးညီညွတ်မှု ခွန်အားတွေကိုပြမယ့် အကြံညဏ်တွေကိုဖလှယ်ကြမယ်။ ကျောင်းသားများအရေးသည် စစ်တပ်နှင့်မသက်ဆိုင်။ ကျောင်သားသမဂ္ဂနှင့်သာ ဆိုင်ရမည်။ လက်ရှိအစိုးရ၏ ပညာရေးစနစ်ကို အမြစ်လှန်ပြစ်ကြမယ်။ ငါတို့တွေဟာ သူတို့ ကြိုးဆွဲတိုင်းကတဲ့ရုပ်သေးရုပ်တွေ မဟုတ်ဘူးဆိုတာပြကြမယ်။ ကြာလာလေပိုဆိုးလေဘဲ သူငယ်ချင်းတို့ရေ ။ အခုဆိုထမင်းတောင်နပ်မမှန်တဲ့သူတွေများလာပြီ ရေတောင် သောက်စရာမရှိတာကို ထိုင်ကြည့်နေတဲ့အစိုးရ တိုင်းပြည်ကထွက်တဲ့ လျှပ်စစ်ကို သူတို့ကိုယ်ကျိုးအတွက်ရောင်းချပြီး တိုင်းပြည်ကို အမှောင်ချထားတဲ့အစိုးရ။ ငါတို့ကဘာကိုသွားပြီး အားကိုးရမှာလဲ။ ငါတို့တွေပညာသင်တယ်ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသုံးချဖို့။ အခုတော့သူတို့တွေ ဇိမ်ခံဖို့ငါတို့တွေကျွန်ခံရအုံးမယ်။။ ကဲသူငယ်ချင်းတို့ရေ မင်းတို့လဲ ငါ့တို့လိုဘဲ ခံစားရမယ်လို့ ထင်ပါတယ်။ မသိသေးတဲသူငယ်ချင်းတွေကိုလည်း ဖြန့်ဝေပေးကြပါနော်။

ပထမဆုံးအနေနဲ့ နီးစပ်ရာလူတွေကို တတ်နိုင်သလောက် အကူအညီပေးကြပါ။ ငါတို့သည် ပြည်သူများမှ ပေါက်ဖွားလာကြခြင်းဖြစ်သည်။ ထို့ကြောင့်ငါတို့သည် တိုင်းသူပြည်သားများ၏အရေးကို တတ်နိုင်သလောက် အကူအညီပေးကြမယ်။ ငါတို့ပတ်ဝန်းကျင်က မတရားမှုတွေကို ငါတို့ကျောင်းသားတွေ တတ်နိုင်တဲ့ဘက်က ကူညီဖြေချင်းပေးကြမယ်။

အထူးမှာကြားချင်တာကတော့ စည်းလုံးညီညွတ်ကြပါ။ ငါတို့တွေရဲ့စိတ်ဓါတ်ကို ပျက်စီးစေမယ့်စကားတွေရှောင်ကြဉ်ကြပါ။ ငါတို့ကိုသွေးခွဲမယ်လူတွေကို ဆန့်ကျင်ကြပါ။ ကျောင်းသားတစ်ယောက်၏အရေးသည် ကျောင်းသားတိုင်းနှင့်သက်ဆိုင်သည်။ ငါတို့ကျောင်းသားတွေကို စော်ကားရန်ပြုလာပါက အားလုံးဝိုင်းဝန်းတွန်းလှန်ပြစ်ရမယ်။ဘယ်နေရာကိုရောက်ရောက် ကျောင်းသားများသည် စည်းလုံးညီညွတ်ကာ မိမိတို့တိုင်းပြည်၏ရန်သူများအား တွန်းလှန်ဖယ်ရှားနိုင်သူများဖြစ်အောင် သက်သေပြရမယ်။

သိပ်မကြာခင်အချိန်တွင်းမှာ ကျောင်းသားပေါင်းစုံတွေ့ဆုံပွဲမှာ ပြန်ဆုံကြပြီး ငါတို့သမိုင်းမရိုင်းရအောင် သက်သေပြကြမယ် သူငယ်ချင်းတို့ရေ။ နိုင်ငံလုံးကျွတ်ဆန္ဒပြပွဲကိုလည်း ငါတို့ကျောင်းသားတွေ၊ ရဟန်းရှင်လူ ပြည်သူတွေနဲ့လက်တွဲပြီး နောင်အနာဂါတ်မှာ လူတိုင်းတမ်းတရတဲ့ သမိုင်းတစ်ခုဖြစ်အောင် ငါတို့ထုထောင်ကြမယ် သူငယ်ချင်းတို့။

အားလုံးကို ခင်မင်လေးစားလျှက်
အာကာ မိုးဝေ

1 comments:

Anonymous June 3, 2010 at 8:21 PM  

ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်က ဘွဲ့ ရထားတယ်။ မင်းတို့  ဘာကျောင်းသား လဲ ဘယ်က ကျောင်းသားလဲ။ ကိုယ့်မိဘ၊ ကိုယ့်မိသားစုကိုဘဲ ပြန်လည် ကျေးဇူးဆပ်ဖို့  ဆိုတဲ့ မိသားစုနိုင်ငံရေးကိုဘဲ အရင်လုပ်ပြပါအုံး။ လူငယ်တွေကို လမ်းမှား ရောက်အောင် ဘဝပျက်အောင် သေတွင်းရောက်အောင် လုပ်နေတဲ့ အလုပ်လောက် ယုတ်ညံ့ တာ မရှိဘူး။

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP