မတရားမှု/မမျှတမှုတွေအတွက် တောင်းသံ/ဆိုသံတွေ

>> Tuesday, May 11, 2010

သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၆/၂၀၁၀)
(၂၀၁၀ ခုနှစ်၊ မေလ ၉ ရက်)

ကျနော်တို့၏ ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၅/၂၀၁၀) တွင် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်”၊ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ”၊ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” တို့တွင် ဖေါ်ပြထားသည့် ပြဌာန်းထားချက်များ၏ မတရားမှုများကို ဝေဖန်သုံးသပ် ဖေါ်ထုတ်ဖွင့်ချခဲ့ပါသည်။

ဝေဖန်သုံးသပ်ချက်၏ နိဂုံးပိုင်းတွင်လည်း “(နအဖ)စစ်အစိုးရ ပေးသည့် စပေ့ (ဝါ) ဒီမိုကရေစီအခွင့်အရေးဆိုသည်မှာ အပ်နဖားပေါက်ထဲ ကုလားအုပ်ဝင်ရမည့်ကိန်း ဖြစ်နေပြီ” ဟု ရေးသားဖေါ်ပြခဲ့ပါသည်။

သိပ်ကြာကြာမစောင့်လိုက်ရပါ။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (၅) ခု ထုတ်ပြန်ပြီး (၂) လတင်းတင်း ပြည့်ပြီးသောအခါ အသံတွေ စီစီညံညံ ကြားလာရပါသည်။

မတရားမှု/မမျှတမှုတွေအတွက် တောင်းသံ/ဆိုသံတွေ ထွက်လာသည်။

ပြည်ပက အသံတွေကိုတော့ ခဏထားကြပါဦးစို့။ ယခုထွက်လာသည့် အသံတွေမှာ ပြည်တွင်းက အသံတွေဖြစ်ပါသည်။ ပြည်တွင်းက အသံတွေထဲတွင် မှတ်ပုံတင်လျှောက်ထားသူများထံက အသံတွေ ဖြစ်နေသည်။

အချို့ကဆိုလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာရေးတောင်းဆိုနေကြသည်။ အချို့ကတော့ မီဒီယာများတွင် ရင်ဖွင့်နေကြသည်။

(နအဖ) စစ်အုပ်စု၏ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကား နိဒါန်းအစမှာပင် ရင်ခံနေကြရပြီ၊ ရင်ဖွင့်နေကြရပြီ။

အမတ်လောင်းတစ်ဦးအတွက် ရွေးကောက်ပွဲမှတ်ပုံတင်ကြေး ကျပ် ၅ သိန်း သတ်မှတ်ထားချက်ကို လျှော့ပေါ့ပေးရန်နှင့် အမတ်လောင်းတစ်ဦးဟာ မဲပေးသူရဲ့ အနည်းဆုံး ၁၀% ထောက်ခံမဲရခဲ့ရင် မှတ်ပုံတင်ကြေး ပြန်လည်ထုတ်ယူခွင့်ပေးဖို့ တောင်းဆိုထားပါသည်။

“လူတစ်ယောက်ကို ကျနော်တို့ကိုက ဝင်ကြေးငွေ ငါးသိန်းတင်ရမယ်ဆိုလျှင် လွှတ်တော်နှစ်ရပ်ပေါင်းမှာ ကျနော်တို့ဝင်ရွေးရမယ့် အမတ်ပေါင်း ၄၉၈ ယောက်ရှိတယ်။ ၅၀၀ မှာ ၂ ယောက်ပဲ လျှော့တယ်ဆိုတော့ အဲဒီ ၅၀၀ နဲ့တွက်ရင် ဝင်ကြေးတင် ကျနော်တို့က သိန်းပေါင်း ၂၅၀၀ လိုနေတယ်” တဲ့။

“အမတ်လောင်းတစ်ဦးအတွက် မှတ်ပုံတင်ကြေး ငါးသိန်းက များတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရမယ့် ပါတီအတွက် ဆိုလို့ရှိရင် လွှတ်တော်သုံးခုမှာ စုစုပေါင်း ၁၁၄၈ ဦးရှိတယ်၊ တစ်ယောက်ကို ငါးသိန်းဆိုလျှင် သိန်း ၅၀၀၀ ကျော်၊ ဒါတော့ ဘယ်ပါတီမှ တတ်နိုင်မှာမဟုတ်ဘူး” တဲ့။

“မဲဆွယ်တဲ့ စရိတ်တွေ ရှိသေးတယ်။ ရွေးကောတ်ပွဲပြင်ဆင်ဖို့ စရိတ်က သိန်း ၅၀၀၀၊ ရွေးကောတ်ပွဲဝင်ဖို့ မှတ်ပုံတင်ကြေးက သိန်း ၂၅၀၀၊ အနည်းဆုံး ပါတီတစ်ခုက ငွေကျပ်သိန်းပေါင်း ၇၅၀၀ လိုတယ်” တဲ့ ။

ဒီလိုဖြစ်နေရင် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတိုင်းက သူတို့ဆန္ဒရှိသလောက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြပါမည်လော။ တရားမျှတတဲ့ ရွေးကောက်ပွဲရော ဖြစ်ပါ့မလားဟု ဖွင့်ဟတောင်းဆိုနေကြပါသည်။

သူတို့ တွက်ချက်ပြထားမှုတွေအရ ပါတီတစ်ခုဟာ ရွေးကောက်ပွဲဝင်နိုင်ရေးအတွက် အစုစု ကုန်ကျစရိတ်ဟာ ကျပ်သိန်းပေါင်း ၇၅၀၀ လောက် လိုအပ်နေပါသည်။ သို့အတွက် ပါတီတိုင်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ဆိုရာမှာ ဒီအဆင့်မှာတင်ပဲ အခက်အခဲဖြစ်နေပါပြီ။

ဒါပေမယ့် ဒီလို အခက်အခဲကို မမှုတဲ့၊ ဘာကိုမျှ ဂရုမစိုက်သည့် ပါတီရှိသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်ပါ (၂၇) ဦး ခေါင်းဆောင်တဲ့ “ကြံ့ဖွံ့ပါတီ” ဖြစ်ပါသည်။

ကြံဖွံ့ပါတီကြီးရဲ့ အနေအထားနဲ့ပတ်သက်ပြီး မှတ်ပုံတင်ဘက် ပါတီအချို့ထံက အသနားခံသလိုလို၊ ဝေဖန်သလိုလို အသံတွေ သဲ့သဲ့ သဲ့သဲ့ ကြားလာနေရသည်။

“ပါတီခေါင်းဆောင်ဆိုသူတွေကအစ အရှင်မွေး နေ့ချင်းကြီးဆိုသလို နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေဖြစ်နေတာ၊ အဖွဲ့ဝင်အများစုကလည်း နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်နေတာ၊ ဒါ့အပြင် နိုင်ငံတော်ပိုင် ငွေကြေးတွေနဲ့ အဆောက်အဦးပိုင်ဆိုင်မှုတွေ ရှိနေတာ” စတဲ့ အချက်တွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းရှိအောင်၊ ပြည်သူတွေသိအောင် အခြားမှတ်ပုံတင်ဘက်ပါတီတွေက သင်္ကာရှင်းသွားအောင် “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်” က ကော်မရှင်ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ပြောသံဆိုတာတွေ ကြားနေရသည်။

ငွေကြေးအခက်အခဲကြောင့် (တစည) လို ပါတီကတောင် နေရာစေ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ကြောင်း ပြည်ပမီဒီယာတစ်ခုသို့ ပြောသံကြားရပါသည်။

(တစည) ကတော့ ညီတော်(ကြံ့ဖွံ့ပါတီ)ရဲ့ (ငွေကြေး/ရုပ်ဝတ္တု/စည်းရုံးဖွဲ့စည်းထားမှု) အဖက်ဖက်က အသာစီးယူထားမှုများကို ဝေဖန်ဝံ့လိမ့်မည်မထင်ပါ။ ညောင်မြစ်တူးလျှင် ပုတ်သင်ဥတွေ တစ်ထမ်းကြီး ပေါ်လာလိမ့်မည်။ (တစည)ကိုယ့်ရှူးကိုယ်ပတ်သလို ဖြစ်ပြီး (တစည) သည် “ခွေးကိုက်ခံရသော သူခိုး” ကဲ့သို့ ဖြစ်နေပါလိမ့်မည်။ လက်ရှိစစ်အုပ်စုကလည်း (တစည) ကို လိုအပ်မှသာ သုံးတော့မည်။ ယခုတော့ စွန့်ပစ်ထားလိုက်ပြီ။

ထို့အပြင် ထူးခြားချက်က (တစည) ခေါင်းဆောင်စုသည် လက်ရှိ (နဝတ-နအဖ) စစ်အုပ်စုထက် ဝါရင့်သူတွေ ဖြစ်သည်။ (န၀တ-နအဖ) စစ်အုပ်စု၏ ရှေ့က ဆရာသမားများဖြစ်သည်။ (ကြံ့ဖွံပါတီ) ကတော့ (တစည)နှင့်မတူ၊ (န၀တ-နအဖ)၏ လောလောဆယ် မီးသေနေသေးသည့် လက်ရင်း လက်မရွံ့တပည့်ကျော်များဖြစ်သည်။

ယင်းအချက်ကြောင့်ပင် (နအဖ) စစ်အုပ်စုသည် ကော်မရှင်ဥပဒေကို ပမာမထားဘဲ ဝန်ကြီးချုပ်လုပ်နေဆဲ (နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဆဲ) မှာပဲ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခိုင်းသည်။ ဘယ်သူတွေ ဘာပြောရဲသလဲ။ မိုက်ရင်ထွက်ခဲ့ဆိုသည့် လူမိုက်လုပ်ဟန်အပြည့်ဖြင့် လုပ်ပြနေခြင်းဖြစ်သည်။

မှတ်ပုံတင်ထားသည့် ပါတီများအနေဖြင့် မတရားမှုတွေကို ရဲရဲဝံ့ဝံ့ ကျယ်ကျယ်လောင်လောင် ထုတ်ပြောတာ ကြားချင်ပါသည်။

အရင်းစစ် အမြစ်မြေက ဆိုသလိုပင် ယင်းမတရားမှု/မမျှတမှုများသည် (နအဖ) စစ်အုပ်စုက ဖန်တီးပေးလိုက်သည့် “ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) နှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (၅) ရပ်” မှ ပေါက်ပွားလာခြင်းဖြစ်သည်ကို မှတ်ပုံတင်လျှောက်ထားကြသည့် ပါတီများ အထူးသတိပြုစေလိုပါသည်။

ပြည်တွင်းပြည်ပရှိ “စပေ့”ရှာကျွမ်းကျင်ဆရာများနှင့် မြေညီကွင်းတွင် လယ်ဗယ်ညှိကြမည့် ဆရာများထံမှ ဒီဘိတ်များကို ကြားချင်ပါသေးသည်။

Ref : လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP