သူသေကိုယ်ရှင် ဆက်လက်တိုက်ပွဲဝင်သွားကြစို့ …

>> Saturday, May 15, 2010

ကျော်ဆွေ
၅ ဧပြီ၊ ၂ဝ၁ဝ

နအဖ စစ်အစိုးရက သူတို့အာဏာတည်မြဲရေးအတွက် ချမှတ်ထားတဲ့ လမ်းပြမြေပုံရဲ့ အဆင့် (၅) ဖြစ်တဲ့ ရွေးကောက်ပွဲလုပ်ဖို့ ရွေးကောက်ပွဲဥပဒေများကို မတ်လ (၈) ရက်က စတင် ထုတ်ပြန်လိုက်ပါတယ်။ အာဏာရမက် ငန်းငန်းတက်တက်နေတဲ့ စစ်အုပ်စုဟာ ဟန်မဆောင်နိုင်တော့ဘဲ မင်းသားခေါင်းစွပ် ပြုတ်ကျသွားရုံမက မာန်စွယ်တငေါငေါ ထုတ်ပြလိုက်ပါတော့တယ်။

တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံးရဲ့ သဘောထားဆန္ဒတွေ၊ တောင်းဆိုချက်တွေကို မျက်ကွယ်ပြုပြီး ပြည်သူလူထုကြီးတရပ်လုံးကို အတိအလင်း စိန်ခေါ်လိုက်ပါပြီ။

ဗမာပြည် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးက မဆလ စစ်အာဏာရှင်စနစ်ကို ၁၉၈၈ ခုနှစ်၊ သြဂုတ်လအတွင်းမှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တိုင်းပြည်တဝန်းလုံးက လမ်းပေါ်ထွက် ဆန္ဒပြ တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒီအရေးတော်ပုံကြီးရဲ့ အောင်သီးအောင်နှံအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ရှစ်လေးလုံး နိုင်ငံရေးမျိုးဆက်အင်အားစုများနဲ့ တိုင်းရင်းသားလူမျိုးစု ဒီမိုကရေစီအင်အားစုများဟာ တက်ကြွတဲ့ ဒီမိုကရေစီအင်အားစုများအဖြစ် ပေါ်ထွန်းခဲ့တယ်။ ၁၉၉ဝ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပေါ်ထွန်းခဲ့ရတယ်။ ဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၈ဝ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် နိုင်ခဲ့ပေမယ့် အဲဒီတုန်းက နဝတ စစ်အစိုးရက အာဏာလွှဲအပ်မပေးဘဲ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်နဲ့ ဆက်လက် အုပ်ချုပ်ခဲ့တယ်။ နဝတက နအဖအဖြစ် အမည်ပြောင်းပြီး အုပ်ချုပ်လာခဲ့တာ ဒီနေ့အထိပဲ။ အနှစ် ၂ဝ ကျော်သွားခဲ့ပါပြီ။

ဒီအနှစ်ကျော်ကာလအတွင်း စစ်အစိုးရဟာ အာဏာရှင်အစိုးရပီပီ လိမ်ညာမှိုင်းတိုက်မှု၊ အကြမ်းဖက်နှိပ်ကွပ်မှုများဖြင့် တိုင်းပြည်ကို စီမံအုပ်ချုပ်ခဲ့တယ်။ အဓိကအားဖြင့် အကြမ်းဖက်နှိပ်ကွပ် အုပ်ချုပ်ခဲ့တာပါ။ တိုင်းပြည်မှာ ဒီမိုကရေစီအခွင့်အရေးများ၊ လူ့အခွင့်အရေးများ ဆိတ်သုဉ်းကာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားတက်ကြွသူများကို မတရားဖမ်းဆီး၊ နှိပ်ကွပ်၊ နှစ်ရှည်ထောင်ချပစ်ခဲ့ပါတယ်။ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင်များကို အနှစ် ၆ဝ ကျော်အထိတောင် ထောင်ချပစ်ခဲ့တယ်။ တိုင်းရင်းသားခေါင်းဆောင် ရှမ်းဒီချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကိုလည်း ဝေးလံတဲ့အရပ်ပို့၊ နှစ်ရှည်ထောင်ချထားတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အဖွဲ့ဝင်များကိုလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းဆီးနှိပ်စက်ကာ နှစ်တိုနှစ်ရှည် ထောင်ချခဲ့ပါတယ်။ ယခုအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်များဟာ စစ်အစိုးရ အကျဉ်းထောင်အသီသီးမှာ ၄ဝဝ ကျော် အဖမ်းခံထားရဆဲလို့ သိရပါတယ်။

ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးထောင်ချခဲ့တယ်။ အခုအခါ နဝတ၊ နအဖစစ်အစိုးရ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်အထိ အမြဲလိုလို ရှိနေပါတယ်။ ဘယ်ခေတ်နဲ့မှမတူဘဲ နဝတ၊ နအဖစစ်အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသား အများဆုံးပဲလို့ ဆိုနိုင်ပါတယ်။

တိုင်းပြည်ဟာ ၁၉၆၂ ခုနှစ်က စတင်ပြီး စစ်ဖိနပ်သံခွာအောက် ကျရောက်နေခဲ့ရတာ ဒီနေ့ဆိုရင် အနှစ် ၄ဝ ကျော်၊ ရာစုနှစ်ဝက်နီးပါး တိုင်ပါတော့မယ်။ ဒီအနှစ် ၄ဝ ကျော် ၅ဝ နီးပါးဆိုတာ တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစုံတရာအတိုင်းအတာအထိ လုပ်ဆောင်နိုင်တဲ့ အချိန်အတိုင်းအတာလို့ ဆိုနိုင်ပါတယ်။ ဒီအချိန်အတွင်း ရှေ့တန်းမရောက်တောင်မှ နောက်တန်းမကျန်ရစ်အောင် တိုင်းပြည်ထူထောင်ရေးတွေ လုပ်ဆောင်နိုင်ပါတယ်။ ဗမာပြည်ဟာ မြေအောက်သယံဇာတပေါကြွယ်၊ ရာသီဥတုကလည်း ကောင်း၊ မြေရိုင်းမြေလွတ်တွေလည်း ပေါ၊ လူဦးရေလည်း မနည်းမများ၊ လူသားအရင်းအမြစ် ကြွယ်ဝတဲ့ တိုင်းပြည်မျိုးလည်းဖြစ်လို့ တိုင်းပြည်ထူထောင်ရေးမှာ အကျိုးရှိနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနေ့ တိုင်းပြည်ဟာ ခေတ်နောက်ကျပြီး တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးမှာ ဆင်းရဲတွင်းနက်သထက် နက်လာနေတယ်။ စစ်အုပ်စုဝင်များနဲ့ သူတို့ရဲ့ အပေါင်းအပါ လက်တဆုပ်စာ လူနည်းစုကတော့ တိုင်းပြည်ရဲ့ မြေအောက်သယံဇာတ မှန်သမျှကို သူတို့ဘိုးဘွားပိုင်များလို လက်ဝါးကြီးအုပ် ရောင်းချ၊ အပိုင်စီး၊ အမြတ်ထုတ်နေကြလို့ ချမ်းသာပြီးရင်း ချမ်းသာကြွယ်ဝလာနေတယ်။

ထွက်သမျှ သဘာဝဓာတ်ငွေ့များကို ထုတ်ရောင်းချနေသလို ရေအရင်းမြစ်ကို အသုံးချကာ လျှပ်စစ်စွမ်းအင်များထုတ်ပြီး တိုင်းတပါးကို ရောင်းချဖို့ စီမံကိန်းများ အကြီးအကျယ် ချမှတ်ပြင်ဆင်နေပါတယ်။ ပြည်တွင်းမှာတော့ ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးများမှာတောင် လျှပ်စစ်အလုံအလောက်မရ၊ ရေအလုံအလောက်မရနိုင်လို့ အကြီးအကျယ် ဒုက္ခကြုံနေရပေမယ့် ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်ပါဘူး။ စစ်အုပ်စုထိပ်သီးများ ရုံးစိုက်ရာ နေပြည်တော်မှာတော့ လျှပ်စစ်မီးဟာ ၂၄ နာရီလုံး၊ ထိန်ထိန်လင်းနေပါသတဲ့။ နေပြည်တော်ဟာ နတ်ဘုံနတ်နန်းတမျှလို ဖြစ်နေပေမယ့် မြို့တော်ရန်ကုန်နဲ့ ဒုတိယမြို့တော် မန္တလေးလူထုမှာတော့ မီးမရ၊ ရေမရလို့ နေရထိုင်ရခက်ကာ အရှင်လတ်လတ် ငရဲရောက်နေသလို ဖြစ်နေကြရပါတယ် ဆိုတဲ့ သတင်းတွေဟာ မကြားချင်အဆုံးပါပဲ။

ဒီမြို့တွေတင်လားဆိုတော့ မဟုတ်ပါဘူး။ ကျန်တဲ့ မြို့ငယ်မြို့လတ်တွေမှာလည်း နေထိုင်မှုဘဝရဲ့ အခြေခံပြဿနာဖြစ်တဲ့ ရေမီးကိစ္စဟာ အဆင်မပြေကြပါဘူး။ ဒီလို အဆင်မပြေဖြစ်နေရတဲ့ စစ်အစိုးရခေတ်မှာ ကုန်ဈေးနှုန်းတွေဟာ တက်ပြီးရင်းတက်နေတာမို့ အောက်ခြေဝန်ထမ်းများရဲ့ ခြစားမှု၊ ဒေသအာဏာပိုင်များရဲ့ အာဏာပြ အနိုင်ကျင့်မှုအမျိုးမျိုးကြောင့် ဒုက္ခအဖုံဖုံ ကြုံနေရပါတယ်။

ကျေးလက်နေ တောင်သူလယ်သမားများလည်း စစ်အစိုးရနဲ့ သူ့နောက်လိုက် ကုမ္ပဏီကြီးများရဲ့ စီမံကိန်းအမျိုးမျိုးနဲ့ တပ်ရင်းတပ်ဖွဲ့များရဲ့ အနိုင်ကျင့်၊ မြေယာသိမ်းပိုက်မှုများကြောင့် မြေယာလက်လွတ်ဆုံးရှုံးသွားရတဲ့ တောင်သူလယ်သမားအရေအတွက် တိုးပြီးရင်း တိုးလာနေတယ်လို့လည်း ကြားသိနေရပါတယ်။ တချိန်တည်းမှာလည်း တပ်ရင်းတပ်ဖွဲ့များနဲ့ စစ်အာဏာရှင်များရဲ့ နောက်တော်ပါများရဲ့ အတင်းဓမ္မ လုပ်အားခေါ်ယူခိုင်းစေမှုများကိုလည်း ကြုံတွေ့နေရပါတယ်။

စစ်အစိုးရကတော့ သူတို့ခေတ်မှာ ဘယ်ခေတ်နဲ့မှမတူအောင် တံတားဆောက်၊ လမ်းဖောက်၊ ကျောင်းဆောက်၊ ဆေးရုံတွေ ဆောက်နေတယ်ဆိုပြီး ကိန်းဂဏန်းတွေ ထုတ်ပြနေပါတယ်။

လက်တွေ့မှာတော့ တိုင်းပြည်ဟာ ဘက်အသီးသီးမှာ ဘယ်ခေတ်နဲ့မှမတူအောင် ခေတ်နောက်အကျကြီးကျနေတယ်။

တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးမှာလည်း ဘယ်ခေတ်နဲ့မှမတူဘဲ ဆင်းရဲတွင်းနက်နေရပါတယ်။

ဒါတွေရဲ့ တကယ့်တရားခံဟာ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အစိုးရတို့ပါပဲ။

၈ လေးလုံးအရေးတော်ပုံ ပြီးသွားတဲ့နောက်၊ ဒီအနှစ် ၂ဝ အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် စစ်အစိုးရဟာ တိုင်းရင်းသားလူမျိုးစုံ လက်နက်ကိုင်အင်အားစုများနဲ့ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်နိုင်လိုက်ပါတယ်။ ဒီအဖွဲ့တွေကို လက်နက်ကိုင်ဆောင်ခွင့် ဆက်လက်ပေးထားပြီး အထူးဒေသများအဖြစ် အမည်ပေးကာ ဒေသဖွံ့ဖြိုးရေးဆိုတာတွေကို လုပ်ဆောင်စေခဲ့တယ်။

နိုင်ငံရေးပြဿနာကို နောက်တက်လာတဲ့ အစိုးရနဲ့မှ ဆွေးနွေးဆိုပြီး နိုင်ငံရေးအရ ဖြေရှင်းရေးကို မလုပ်ဘဲ ချန်ထားခဲ့တယ်။

ဒါပေမဲ့ ဒီအဖွဲ့တွေကို မနှစ်က ၂ဝဝ၉ ဖေဖော်ဝါရီကစပြီး နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေးကို တောင်းဆိုလာပါတယ်။ အင်အားသေးတဲ့ အဖွဲ့တွေကို အတင်းဖိအားပေး နယ်ခြားစောင့်တပ်အဖြစ် ပြောင်းခိုင်းပြီး မတရားအနိုင်ယူ ဝါးမြိုပစ်ခဲ့တယ်။ အင်အားကြီးတွေဖြစ်တဲ့ ဝအမျိုးသားသွေးစည်းညီညွတ်ရေးအဖွဲ့၊ အထူးဒေသ ၄ မုံးလားအဖွဲ့၊ ကေအိုင်အေအဖွဲ့၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့၊ မွန်ပြည်သစ်ပါတီတပ်မတော် စတာတွေနဲ့ ဆွေးနွေးဖြေရှင်းနေပေမယ့် အဆင်မပြေပါဘူး။ ဒီအခါ စစ်အစိုးရဟာ အဲဒီဒေသတွေဆီကို စစ်ရေးအင်အားတွေ တိုးဖြည့်ရင်ဆိုင်တာ၊ ဗုံးကြဲလေယာဉ်ပျံတွေ တက်ဆင်းပျံသန်း ခြိမ်းခြောက်ပြတာတွေ လုပ်လာနေပါတယ်။ အခု နောက်ဆုံးမှာ ခေါ်ယူညှိနှိုင်းတယ်ဆိုပြီး ဧပြီ (၂၈) မှာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းပေး၊ မပေးရင် မတရားသင်း ကြေညာမယ်။ မင်းတို့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြ ဆိုတဲ့ တဖက်သတ် ရာဇသံပေးတာမျိုး လုပ်သွားခဲ့ပါတယ်။

ဒါဟာလည်း မဆန်းပါဘူး။ လိမ်ညာမှိုင်းတိုက်လို့ရရင်ရ၊ မရရင် အကြမ်းဖက်နှိပ်ကွပ်နည်း သုံးတာဟာ အာဏာရှင်တို့ရဲ့ လက်သုံးနည်းပါပဲ။

နဝတ စစ်အစိုးရလက်ထက် ၉ဝ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထုကြီးက တခဲနက် ထောက်ခံပုံအော မဲပေးလိုက်လိုက်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြခဲ့ပြီးပါပြီ။

ဒါပေမဲ့ စစ်အာဏာရှင်များက အာဏာကို ဆက်လက်ဆုပ်ကိုင်ပြီး ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သဏ္ဌာန်အမျိုးမျိုးနဲ့ နှိပ်ကွပ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲချုပ်နဲ့ ဒီမိုကရေစီအင်အားစု အားလုံးကတော့ တိုင်းပြည်ရဲ့ ပြဿနာများကို အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးကာ ငြိမ်းချမ်းတဲ့ စားပွဲဝိုင်းနည်းဖြင့် ဖြေရှင်းသွားရေးကို တစိုက်မတ်မတ် တင်ပြတောင်းဆိုခဲ့တယ်။ ၉ဝ ရွေးကောက်ပွဲကို တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရေးကို တင်ပြတောင်းဆိုခဲ့တယ်။ သင်ပုန်းချေရေးအထိ တင်ပြတောင်းဆိုခဲ့သလို ပူးတွဲလုပ်ဆောင်နိုင်သမျှတွေကို ပူးတွဲလုပ်ဆောင်ရေးအတွက် ညှိနှိုင်းသွားရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အခုနောက်ဆုံးအထိ တင်ပြခဲ့ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံမှ ဒီမိုကရေစီမကျတဲ့ အချက်တွေကို ပြင်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးတို့ကို တင်ပြတောင်းဆိုခဲ့ပါတယ်။ စစ်အစိုးရက ဘာတခုမှ ဖြေရှင်းဖို့ မလုပ်ပါဘူး။

တကယ်တော့ ဗမာပြည်ရဲ့ ပြဿနာဟာ ရွေးကောက်ပွဲတခါလုပ်ပြီး ထပ်မံဖြေရှင်းရမယ့် အနေအထားမျိုး မဟုတ်သေးပါဘူး။ အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံးဆွေးနွေး၊ အပြန်အလှန်ညှိနှိုင်း၊ အပေးအယူလုပ် အဖြေရှာရမှာမျိုးပါ။ စစ်အုပ်စုမှာသာ တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ် တကယ်ရှိနေရင် ဒီမိုကရေစီအင်အားစု အားလုံး၊ တိုင်းရင်းသားလူမျိုးစု အားလုံး အဆင့်ဆင့် စားပွဲဝိုင်းထိုင် ညှိနှိုင်းဖြေရှင်းလိုက်ရုံပါပဲ။ ဒီနေ့လို ခေတ်ကာလမျိုးမှာ ဆွေးနွေးညှိနှိုင်းဖြေရှင်းလို့မရစရာ ဘာအခက်အခဲမှ မရှိနိုင်ပါဘူး။ အခုတော့ အပ်နဲ့ထွင်ရမယ့် ပြဿနာဟာ ပုဆိန်နဲ့ ပေါက်ရမယ့်ကိန်း ဆိုက်လာနေပါပြီ။ (တကယ်တမ်း အဲဒီလိုဖြစ်လာရင်တော့ စစ်အုပ်စုတာဝန်သာ ဖြစ်ပါတယ်)။

အခုတော့ စစ်အုပ်စုဟာ ပြည်သူလူထုကြီးက ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကို နည်းနည်းမှ အသိအမှတ်မပြုနိုင်ဘဲ၊ ၉ဝ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို တဖက်သတ် နင်းချေပစ်လိုက်ပါပြီ။ ပြည်သူလူထုကြီးနဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို လုံးဝသစ္စာဖောက်ကာ အာဏာရှင်လမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းသွားပြီဆိုတာ အထင်အရှား တွေ့နေရပါပြီ။

နအဖစစ်အုပ်စုဟာ သူ့စစ်အုပ်စုနဲ့ သူ့နောက်လိုက် လက်တဆုပ်စာ လက်ဝါးကြီးအုပ် အရင်းရှင်လူတန်းစားများရဲ့ အကျိုးကိုသာ မျက်နှာမူပြီး တိုင်းပြည်နဲ့ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးရဲ့ အကျိုးစီးပွားကို ပြန်လှည့်မကြည့်တမ်း ကျောခိုင်းသွားပါပြီ။ တိုင်းပြည်ကို စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ်အရင်းရှင်စနစ် လမ်းကြောင်းပေါ်ကို တွန်းတင်လိုက်ပါပြီ။

တိုင်းပြည်ရဲ့ အနာဂတ်ဟာ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် အရင်းရှင်လူတန်းစားများသာ ခြယ်လှယ်သွေးစုပ်မြဲ သွေးစုပ်နေဦးမှာမို့ ကောင်းမွန်လာဖို့ မရှိတော့သလို ပိုဆိုးသွားဖို့သာ ရှိပါတော့တယ်။

ဒါကြောင့် ပြည်တွင်းပြည်ပရှိ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များ၊ ဒီမိုကရေစီအင်အားစုများ၊ ရဟန်းသံဃာများ၊ ကျောင်းသားကျောင်းသူများ၊ တိုင်းချစ်ပြည်ချစ် တပ်မတော်သားများ၊

အလုပ်သမားလယ်သမားများနဲ့ အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူတရပ်လုံးအနေနဲ့ အရပ်သားအဖြစ် အသွင်ပြောင်းလာမယ့် စစ်အာဏာရှင်၊ စစ်ဗျူရိုကရက်များနဲ့ သူ့နောက်လိုက် လက်ဝါးကြီးအုပ် အရင်းရှင်လူတန်းစားများနဲ့ သူသေကိုယ်ရှင် ဆက်လက် တိုက်ပွဲဝင်သွားကြရပါလိမ့်ဦးမယ်။ အသွင်ပြောင်းပေါ်ထွက်လာမယ့် စစ်အာဏာရှင်စနစ်ကို မြေမြှုပ်သင်္ဂြိုဟ်ပစ်ရပါလိမ့်ဦးမယ်။ ဒါမှသာ

တိုင်းပြည်ဟာ ဒီမိုကရေစီရှိတဲ့၊ ငြိမ်းချမ်းတဲ့၊ စည်းလုံးညီညွတ်တဲ့၊ လူ့အခွင့်အရေးများ အပြည့်အဝရရှိတဲ့ ဒီမိုကရေစီ သမ္မတနိုင်ငံတော်သစ်ဆီကို တက်လှမ်းနိုင်ပါလိမ့်မယ်။

ဒီအတွက် အမျိုးသားညီညွတ်ရေး အင်အားစုကြီးတရပ် ဝိုင်းဝန်းထူထောင်သွားရန် အခြေအနေက တောင်းဆိုနေပါပြီ။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားပေါင်းစုံပြည်သူလူထုကြီးနဲ့ လူ့အလွှာပေါင်းစုံ အဖိနှိပ်ခံ ပြည်သူလူထုကြီးအနေနဲ့ သွေးစည်းညီညွတ်ရေးကို မျက်လုံးအိမ်သဖွယ် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သွားပြီး ဒီမိုကရေစီရေးအတွက် စစ်အာဏာရှင်စနစ်ကို ဆက်လက် ဆန့်ကျင်သွားရေးအတွက် ခိုင်ခိုင်မြဲမြဲ လက်တွဲသွားရန် အရေးတကြီး လိုအပ်နေပါပြီ။ ။

Ref : လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP