ကြည့်မှန်ကွဲလေးတချပ်
>> Friday, April 9, 2010
(မှန်ဟုသုံးနှုန်းရာ၌ ပြဒါးပါသောကြည့်မှန်များကို ဆိုလိုခြင်းဖြစ်သည်)
မှန်သည် လူတို့နှင့် နေ့စဉ်ထိတွေ့နေရသော အသုံးပြုခံအရာဝတ္ထုတခု ဖြစ်သည်။ မရှိမဖြစ်ပစ္စည်း ဟုမဆိုအပ်သော်လည်း မဖြစ်မနေ အသုံးပြုနေကြရသည်။ မနက်မိုးလင်းအိပ်ရာထပြီး မျက်နှာသစ်၊ ရေချိုး၊ ခေါင်းဖီး၊ အလှပြင်သည့် အချိန်မှစ၍ ညအိပ်ရာဝင်သည့်အချိန်အထိ တချိန်မဟုတ်တချိန် အသုံးဝင်နေတတ်သည်။ ကုန်ကုန်ပြောရမည်ဆိုလျှင် မျက်မမြင်တယောက်သည် သူ့အတွက် မည်သို့မှအသုံးမ၀င်နိုင်သည့် မှန်ကိုကိုင်ကာ ၀မ်းနည်းကြေကွဲစွာ မျက်ရည်ဝဲနေသည့်အဖြစ်ကိုပင် ကြုံခဲ့ရဖူးသည်။
ကျနော်ငယ်ငယ်က ၄င်းမှန်များနှင့် ကစားခဲ့ဖူးသည်။ (စာဖတ်သူများလည်း ကစားခဲ့ကြဖူးမည် ထင်ပါသည်) အမေ၊ အမများ သနပ်ခါးလိမ်းရာတွင် အသုံးပြုသောမှန်ကို တိတ်တဆိတ်ယူ၍ နေရောင်တွင်ထားကာ သူငယ်ချင်းများ၏မျက်နှာပေါ်သို့ နေရောင်ကျပြီး မျက်စိကျိန်းစေရန် နောက်ပြောင်ကစားခဲ့ကြသည်။ အရိုက်ခံရဖန်၊ ခေါင်းအခေါက်ခံရဖန် များလာသည့်အချိန်တွင် အိမ်မှမှန်ကို ခြေဦးမလှည့်တော့။ လမ်းဘေးအမှိုက်ပုံများတွင် စွန့်ပစ်ထားသော မှန်ကွဲကလေးများကိုရှာကာ သူငယ်ချင်းတသိုက် ကစားခဲ့ကြသည်။ သို့သော် မှန်ကွဲများဖြစ်သောကြောင့် ခြေလက်ထိခိုက်ရှနာမည်ဟုဆိုကာ အရိုက်ခံရသည်မှ မလွတ်ခဲ့။
ထိုစဉ်တုန်းက မှန်ကွဲကလေးများသည် ကျနော့်အတွက် ကစားစရာပစ္စည်းတခု သက်သက်မျှသာ။
အရွယ်ရောက်လာသည့်အချိန်တွင်တော့ ထိုမှန်ကွဲကလေးများကို မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့သည်။ တချို့ကလေးများ မှန်ကွဲများနှင့် ကစားနေသည်ကို မြင်သည့်အခါကျမှသာ “ငါတို့လည်း ဒီလိုကစားခဲ့ဖူးကြတာပဲ” ဟု အမှတ်ထင်ထင်တွေးဖြစ်ခဲ့သည်။ ထို့ထက်ပို၍ မှန်နှင့်ပတ်သတ်သည့် အမှတ်ရစရာ ဘာမှမရှိခဲ့။ သို့သော် ထိုမှန်ကွဲလေးတချပ်သည် ကျနော့်ထံသို့ တွေးစရာတချို့ကို ယူလာပေးခဲ့သည်။ ကျနော့်ဘ၀တစိတ်တဒေသကို ပြောင်းလဲသွားစေရန် ထိုမှန်ကွဲကလေးက ဦးဆောင်လမ်းပြလုပ်ပေးခဲ့သည်။
တနေ့…………. ကလေးတသိုက် မှန်ကွဲများနှင့် တယောက်ကိုတယောက် နောက်ပြောင်ကစားနေသည်ကို ငေးကြည့်နေခဲ့သည်။ ကျနော်ကြည့်နေရင်းပင် ကလေးတယောက်နေရောင်တွင်ထား၍ ထိုးလိုက်သောမှန်မှအလင်းရောင်သည် အမှောင်ရိပ်ကျလျက်ရှိသော သစ်ပင်တပင်၏ သစ်ခေါင်းပေါက်အတွင်းသို့ တိုက်ရိုက်ကျရောက်သွားပြီး ထိုသစ်ခေါင်းပေါက်အတွင်းပိုင်းကို ရုတ်တရက် လင်းလင်းချင်းချင်း မြင်တွေ့လိုက်ရသည်။ ထို့နောက်တွင်တော့………………..
ကျနော်စာအနည်းငယ်သာ တတ်ပါသည်။ ရိုက်ထောင့်၊ ပြန်ထောင့်များ၊ အလင်းပြန်နိယာမများကို နားမလည်ပါ။ ထိုသည်များမှာ ရူပဗေဒနှင့်ပတ်သတ်လား၊ သင်္ချာဗေဒနှင့်ပတ်သတ်လား ဆိုသည်ကိုပင် ကွဲကွဲပြားပြား မသိပါ။ နေတွင် ကိုယ်ပိုင်အလင်းရောင်ရှိသည်ဟု ငယ်စဉ်ကဖတ်မှတ်ဖူးခဲ့သည်။ မှန်တချပ်တွင်တော့ ဘာအလင်းရောင်၊ ဘာပိုင်ဆိုင်မှုမှမရှိပါ။ ကိုယ်ပိုင်အလင်းရောင်မရှိသောမှန်သည် ကိုယ်ပိုင်အလင်းရောင်ရှိသောနေ မစွမ်းဆောင်နိုင်သည့်အရာကို သူ့အကူအညီဖြင့် စွမ်းဆောင်နိုင်ခဲ့သည်။ သူ့အား ကြားခံအကူပစ္စည်းတခုအဖြင့် နေရောင်ထဲတွင်ထားကာ နေရောင်မကျရောက်နိုင်သော နေရာများကို အလင်းရစေနိုင်သည်။
ထိုသင်ခန်းစာသည် ကျနော့်ဘ၀ကို ပြောင်းလဲစေခဲ့သည်။ ကျနော့်၌ အတတ်ပညာ၊ ပိုင်ဆိုင်မှု ဘာတခုမှမရှိပါ။ သို့သော် မှန်ကွဲလေးတချပ်သည် ကျနော်လျှောက်ရမည့် မှောင်နေသောလမ်းကို အလင်းရောင်ရစေခဲ့သည်။ လူတိုင်းက အားကျလေးစားတန်ဖိုးထားသည့် နေကဲ့သို့သော လူတယောက်ဘ၀ကို ကျနော်မမက်မောတော့ပါ။ မတွယ်တာတော့ပါ။ နေ၏အလင်းရောင်ကိုအလိုရှိနေသော အမှောင်ရိပ်များကို အလင်းရောင်ရစေရန်အတွက် ကြားခံပစ္စည်းလေးတခုအဖြင့် စတေးခံရသော နေပူထဲမှမှန်ကွဲလေးတချပ်ကို ကျနော်မြတ်နိုးခဲ့သည်။ ထိုမှန်ကွဲလေးအတိုင်း ကျင့်ကြံနေထိုင်ခဲ့သည်။
နေသည် သတ္တလောကအတွက် မရှိမဖြစ်သောအရာဝတ္ထုဖြစ်သည်။ မှန်သည် လူတို့မဖြစ်မနေအသုံးပြုကြသော်လည်း မရှိမဖြစ်မဟုတ်ပါ။ မှန်ကွဲတချပ်ဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပေ။ နေနှင့် မှန်ကွဲလေးတချပ်ကို နှိုင်းယှဉ်မည်ဆိုရင် နေကိုသာ လူများတမ်းတကြပါလိမ့်မည်။ လမ်းဘေးတွင် အသုံးမပြုတော့သည့်အတွက် စွန့်ပစ်ခံထားရသော မှန်ကွဲလေးတချပ်ကို သတိပင်ရကြမည်မဟုတ်ပါ။ ကျနော်သည် ထိုမှန်ကွဲလေးတချပ်သာ ဖြစ်ပါသည်။
မောင်ပါလ
0 comments:
Post a Comment