ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

>> Thursday, April 1, 2010

တခုသောညအခါ၌ အင်တာနက်စာမျက်နှာများပေါ်မှ သတင်းများ၊ အတင်းများ ဖတ်ရင်း ငြီးငွေ့လာသဖြင့် ငိုက်မျဉ်းသည်၏အဆုံး အိပ်ပျော်ခြင်းသို့ရောက်သည်ဖြစ်၍ ဖော်ပြလတ္တံ့သော ဗမာပြည်နိုင်ငံရေးနှင့်ပတ်သတ်သည့် အိပ်မက်ရှည်ကြီးကို အစီအစဉ်အတိုင်း စီကာပတ်ကုံး မြင်မက်လေတော့သည်။

နအဖစစ်အစိုးရသည် သူ၏ထိန်းချုပ်မှုကို ကလန်ကဆန်လုပ်နေသော အပစ်ရပ် “၀”တပ်မတော်အား ထိုးစစ်ဆင်ရန်အလို့ငှာ ဟန်ရေးတပြပြနှင့် စစ်ပြင်လျက်ရှိ၏။ “၀”လူမျိုးများသည်လည်း နအဖထိုးစစ်ကို အချိန်မရွေးခုခံနိုင်ရန်အတွက် ရှိရှိသမျှ ၀ စစ်သားများကိုပုံအောကာ ခုခံစစ်ကိုပြင်ဆင်ထားကြ၏။ ထို့ပြင် နအဖ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိုလက်မခံသော တိုင်းရင်းသားအပစ်ရပ်အဖွဲ့များနှင့်လည်း အကြေအလည်ဆွေးနွေးကာ သဘောတူညီမှုကိုရယူကုန်၏။ အကယ်၍ နအဖစစ်တပ်က “၀”ကို ထိုးစစ်ဆင်မည်ဆိုလျှင် ကျန်သောအပစ်ရပ်အဖွဲ့များကလည်း တပြိုက်နက် လက်နက်ကိုင်တော်လှန်စစ်ကို စတင်ရန်ဖြစ်၏။ ထို့ကြောင့် ဗမာပြည်တ၀ှမ်း အပစ်ရပ်လက်နက်ကိုင်များအားလုံးသည် နအဖအားတစုတဝေးတည်တော်လှန်ကြရန် တစည်းတလုံးတည်း စစ်ပြင်လျက်ရှိကြကုန်၏။

ထိုမျှမက အပစ်ရပ်အဖွဲ့ခေါင်းဆောင်များသည် ပြည်ပရောက် ဗမာ့နိုင်ငံရေးအင်အားစုများနှင့် တော်လှန်ရေးအင်းအားစုများမှ ခေါင်းဆောင်များနှင့်ဆက်သွယ်ကာ ပြည်တွင်းလက်နက်ကိုင်စစ်ဆင်နွဲရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ပြည်ပလက်နက်ကိုင်တော်လှန်ရေးသမားများအနေနှင့်လည်း မိမိတို့နှင့်အတူ နအဖအားတပြိုင်နက်တည်း တော်လှန်ကြရန်ကမ်းလှမ်းလာခဲ့၏။ တော်လှန်ရေးအင်အားစုများကလည်း ၀မ်းမြောက်ဝမ်းသာသဘောတူကာ နိုင်ငံတကာရှိဒီမိုကရေစီအင်အားစုများအား တော်လှန်ရေးနယ်မြေများသို့ လာရောက်ပူးပေါင်းကြပါရန် ဖိတ်ခေါ်ကုန်၏။ နိုင်ငံတကာမှ မြန်မာ့ဒီမိုကရေစီလိုလားကြသူများ၊ နအဖအားနည်းအမျိုးမျိုးဖြင့် တော်လှန်ရန်ကြိုးစားနေကြသော ပြည်ပမှဘလော့ခ်ဂါယောက်ျား၊ မိန်းမအပေါင်း ကြီးကြီးငယ်ငယ်ဟူသမျှတို့သည် လက်နက်ကိုင်တိုက်ပွဲဆင်နွဲကြရန် တော်လှန်ရေးနယ်မြေများဖြစ်သော ဗမာပြည်နယ်စပ်သို့ တဖွဲဖွဲလာရောက်ကြကုန်၏။ အချို့သူများသည်လည်း ပြည်တွင်း NLD ပါတီနှင့်အတူ ပြည်သူများအားစည်းရုံးရန် ပြည်တွင်းသို့ဝင်ကြကုန်၏။

ပြည်တွင်း NLD ပါတီသည်လည်း လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲကို တပြိုင်နက်ဆင်နွဲနိုင်ရန်အတွက် ပြည်သူများအားနည်းအမျိုးမျိုးဖြင့် စည်းရုံးကြကုန်၏။ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများအားလုံးတို့သည်လည်း NLD အားဝန်းရံဆောင်ရွက်ကြကုန်၏။ ပြည်သူပြည်သားအပေါင်းတို့သည်လည်း ရှေ့ဆောင်ပါတီ NLD နှင့်အတူ တညီတညွတ်တည်း ရှိကြကုန်၏။

အထက်ပါအတိုင်း အိပ်မက်မက်ပြီး နိုးလတ်၍ အနုလုံပဋိလုံ ပြန်စဉ်းစားသည်ရှိသော် ဗမာပြည်နိုင်ငံရေးသည် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးသမားအတိုက်အခံများကိုသာ အားကိုးနေရုံဖြင့် ရနိုင်မည်မဟုတ်။ ပြည်တွင်းနိုင်ငံရေးသမားများမှာ ထောင်ကျခံနေရသူများနှင့် ထောင်ပြင်ပ၌လည်း ပါးစပ်ချုပ်၊ လက်ချုပ်၊ ခြေထောက်ချုပ် အကုန်လုံးအချုပ်ခံထားရပြီး မည်သို့မှလှုပ်ရှားခွင့်မရကြ။ ၈၈၈၈-အရေးတော်ပုံ၏ တ၀က်တပျက်အောင်မြင်မှုရလဒ်ပေါ်မူတည်၍ ပေါ်ပေါက်လာသော လွှတ်တော်အမတ်၊ စင်ပြိုင်ဝန်ကြီး စသည့် ရာထူးစည်းစိမ်များအပေါ် သာယာယစ်မူးနေသည့် ပြည်ပရောက် အထည်ကြီးပျက်နိုင်ငံရေးသမားများကို အားကိုး၍လည်း ရနိုင်စရာမရှိ။ စိတ်ရောကိုယ်ပါမြှပ်နှံ၍ ဗမာပြည်အရေးကို စိုက်လိုက်မတ်တပ် လုပ်နေကြသူများအတွက်လည်း ပြည်ပမှနေ၍လုပ်နေခြင်းမှာ အကျိုးသက်ရောက်မှု ထင်သလောက်ရနိုင်မည်မဟုတ်။

ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာရန် အော်နေကြသည်မှာလည်း စစ်အစိုးရအတွက် ကျွဲပါးစောင်းတီး မျှသာဖြစ်သည်။ မဟတ္တမဂန္ဒီ၏ အကြမ်းမဖက်ရေးမူတခုတည်းကြောင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မဟုတ်သလို ဗမာပြည်အရေးသည်လည်း ငြိမ်းချမ်းစွာဖြေရှင်း၍ ပြီးနိုင်မည်မဟုတ်ကြောင်း၊ အကြမ်းမဖက်လူထုတိုက်ပွဲသည် ငြိမ်းချမ်းရေးနိုဗယ်ဆုနှင့်သာ ထိုက်တန်ပါကြောင်း၊ ဗမာပြည်နိုင်ငံရေးအတွက် လုံလောက်မှုမရှိပါကြောင်းတို့ကို နိုင်ငံရေးဝါရင့်သူများ သဘောပေါက်မိပြီထင်ပါသည်။

ယခုအချိန်တွင် ပြည်တွင်း၌ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံသော အပစ်ရပ်အဖွဲ့များနှင့် နအဖစစ်အစိုးရတို့ အခြေအနေတင်းမာလျက်ရှိသည်။ နအဖအစိုးရ၏ လက်ရှိစစ်အင်အားသည် မည်သည့်အပစ်ရပ်အဖွဲ့ တဖွဲ့ချင်းစ်ီကိုမဆို လွယ်ကူစွာချေမှုန်းနိုင်သည့် အနေအထားတွင်ရှိနေပါသည်။ တဖွဲ့ချင်းစီ စစ်ပြင်ကာ နအဖအားခုခံရန် စိုင်းပြင်းနေကြသည်ထက် တဖွဲ့ကိုထိက ငါတို့နှင့်လည်းချရမည် ဆိုသည့် ပင်လုံထုံး နှလုံးမူကာ ညီညီညွတ်ညွတ်နှင့် နအဖထိုးစစ်အား တပြိုက်နက်ခုခံကြရန် ပြင်ဆင်ထားသင့်သည်။ ထို့ပြင် ပြည်ပရှိ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့်လည်း နအဖအား တချိန်တည်းတော်လှန်ကြရန် မဟာမိတ်ပြု ကမ်းလှမ်းထားသင့်သည်။

ပြည်ပနိုင်ငံရေးသမားများ၊ ဒီမိုကရေစီလိုလားသူများအားလုံး ၀န်းရံရမည်မှာ ပြည်တွင်း NLD ကိုမဟုတ်။ ပြည်တွင်းရှိ NLD သည် သူ့အလုပ်သူလုပ်နေမည်ဖြစ်သည်။ ပြည်ပမှဝန်းရံပါသည် ပြောနေ၍လည်း ပြည်တွင်း NLD အတွက် အကျိုးသက်ရောက်မှုရှိမည်မဟုတ်။ ပြည်ပရောက်များအားလုံးဝိုင်းရံလုပ်ဆောင်ရမည်မှာ လက်နက်ကိုင်တော်လှန်ရေးကို ပြန်လည်အားဖြည့်ဖို့ပင်ဖြစ်သည်။ သို့မှသာလျှင် ပြည်တွင်းရှိအပစ်ရပ်အဖွဲ့များအား နအဖစစ်အစိုးရထိုးစစ်စသည်နှင့် အချိန်ကိုက်ဆိုသလို နယ်စပ်လက်နက်ကိုင်တော်လှန်ရေးကိုလည်း မိမိတို့ဖက်မှစတင်နိုင်မည်ဖြစ်သည်။

ပြည်တွင်း NLD အားဝိုင်းရံချင်ပါသည်ဆိုသော ဒီမိုကရေစီလိုလားသူများသည် မလွဲမသွေ ဗမာပြည်အတွင်း ပြန်လည်ဝင်ရောက်ရမည်ဖြစ်သည်။ NLD အားဝန်းရံပြီး မြို့ပြသူပုန်များအဖြစ် မြို့ပြပြောက်ကျားစစ်ကို ဆင်နွှဲရမည်ဖြစ်သည်။ သို့မှသာ လိုအပ်သည့်အချိန်တွင် လူထုတိုက်ပွဲဖော်ဆောင်နိုင်ရန် စီစဉ်ခြင်း၊ လှုံ့ဆော်ခြင်း၊ အစုအဖွဲ့သမဂ္ဂများဖွဲ့စည်းခြင်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ပြီး အာဏာရှင်များ၏ အုပ်ချုပ်ရေးယန္တရားများကို လူထုတိုက်ပွဲများနှင့် ရပ်တန့်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။

ဗမာပြည်နိုင်ငံရေးသည် လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲကို တပြိုက်နက်တည်း ပေါင်းစပ်လှုပ်ရှားနိုင်မှသာ အောင်မြင်နိုင်သည့် အလားအလာရှိသည်။ အပစ်ရပ်အဖွဲ့များ၏နယ်မြေဖြစ်သော ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပြည်ပရောက်တော်လှန်ရေးနယ်မြေများဖြစ်သော အိန္ဒိယနယ်စပ်တကြောနှင့် ထိုင်းနယ်စပ်တလျှောက်အားလုံးတို့ကို စစ်မျက်နှာဖွင့်တိုက်ရမည်ဆိုလျှင် နအဖအစိုးရ မလွဲဧကန် မျက်ဖြူဆိုက်တော့မည်ဖြစ်သည်။ ထိုအခွင့်အခါကောင်းနှင့်တပြိုင်နက် NLD နှင့်တကွ ပြည်တွင်းရှိအဖွဲ့အစည်းများအားလုံးတို့သည် ပြည်သူ၏အင်အားကိုရယူကာ နအဖ၏၀မ်းဗိုက်အား ထိုးဖောက်ဝင်ရောက်သကဲ့သို့ လူထုတိုက်ပွဲများကို ဖော်ဆောင်နိုင်ကြမည်ဆိုလျှင် နအဖစစ်အစိုးရသည် ခြေ၊ လက်များ မရပ်မနားလှုပ်ရှားနေရသောသူ ရုတ္တရက် ဗိုက်အောင့်လာသည့်အခါ ဘာလုပ်ရမှန်းမသိသကဲ့သို့ဖြစ်ပြီး အာဏာရှင်စနစ်လုံးဝချုပ်ငြိမ်းနိုင်သည့် အခြေအနေသို့ဆိုက်ရောက်နိုင်ပေမည်။

အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲကို အကောင်အထည်ဖော်ရန်မှာ အဓိကအားဖြင့် အပစ်ရပ်တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်ပရောက်တော်လှန်ရေးခေါင်းဆောင်များနှင့် ပြည်တွင်းရှိနိုင်ငံရေးခေါင်းဆောင်များ တိုင်ပင်ညှိနှိုင်းပြီး ပြင်ဆင်သင့်သည်များပြင်ဆင်၊ လုပ်ဆောင်စရာရှိသည်များလုပ်ဆောင်ရမည်ဖြစ်သည်။ ပြည်တွင်းရှိပြည်သူလူထုသည် တိုက်ပွဲဝင်ရန်နှင့် အာဏာရှင်မင်းဆိုးမင်းညစ်အား ဖြုတ်ချရန် အမြဲတမ်းအဆင်သင့်ဖြစ်နေမည်မှာ သေချာပါသည်။ ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွား ဆိုသကဲ့သို့ပင် ခေါင်းဆောင်များမှ တညီတညွတ်တည်းလုပ်ဆောင်ကြမည်ဆိုလျှင် ပြည်ပရောက် ဒီမိုကရေစီလိုလားသူများအားလုံးသည်လည်း ဖြောင့်ဖြောင့်လိုက်ကြမည်ဟု ယုံကြည်မိပါသည်။

မည်သို့ဆိုစေ……..
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

မောင်ပါလ

3 comments:

Zaw Myo Lwin April 2, 2010 at 2:31 AM  

"If the non-violent struggles for democracy goes nowhere, will the people resort to taking up arms to get result?" (Bulbir Singh, Seremban/ The Star Newspaper, December 8th 2002)

ခြေလှမ်းသစ် April 2, 2010 at 9:56 AM  

ပြိုင်တူတွန်းလျှင် ရွေ့နိုင်တာပေါ့ဗျာ ဒါပေမယ့် ကျနော်တို့လူတွေက ပြိုင်တူမှ မတွန်းကြပဲဗျ တယောက်တွန်းလျှင် တယောက်က အချောင်ခိုနေကြတာကိုးဗျ ...... ဖတ်ရတာတော့ အရမ်းကောင်းဗျို့ ဒီတိုင်းပဲ လူတွေ တကယ်လုပ်ပြီး တကယ်ဖြစ်လာပါစေလို့တော့ ဆုတောင်းပါတယ်ဗျာ ..

ံဟင်နရီ December 2, 2010 at 7:29 PM  

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်..ဆိုတဲံ့ ခေါင်းစဉ်က နာမည်ကြီး စာရေးဆရာ တစ်ယောက်ရဲံ့ ခေါင်းစဉ် ဖြစ်နေပါတယ်..
ဦးဝင်းငြိမ်း စီစဉ်ထုတ်ဝေတဲ့ မြန်မာနိုင်ငံက နာမည်ကြီး မဂ္ဂဇင်းဖြစ်တဲ့
ရွှေအမြုတေ ထဲက ဖြစ်ပါတယ်..

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP