စစ်သားဖြစ်ချင်ခဲ့သော ကျနော့်စိတ်ကူး

>> Saturday, March 27, 2010

(၆၅-နှစ်မြောက် တော်လှန်ရေးနေ့ အမှတ်တရ)

ကျနော်ငယ်ငယ်ကစစ်သားဖြစ်ချင်ခဲ့သည်။ ကလေးသဘာဝကစားကြလျှင်ပင် စစ်တိုက်တမ်းသာကစားချင်ခဲ့ပြီး စစ်သားနေရာမှပင် အမြဲတမ်းကစားတတ်ခဲ့သည်။ စစ်ယူနီဖောင်းအပြည့်ဝတ်ထားသော စမတ်ကျကျစစ်ဗိုလ်၊ စစ်သားများကို အားကျစိတ်ဖြင့် ငေးမောကြည့်ခဲ့ဖူးသည်။ ကျနော့်အဖေလုပ်ပေးထားသော သစ်သားသေနတ်ကလေးကို မြတ်နိုးယုယစွာကိုင်တွယ်ခဲ့ဖူးသည်။ အိပ်လျှင်ပင် အိပ်ရာဘေးနားထားအိပ်သည်အထိ စွဲလမ်းမက်မောခဲ့ဖူးသည်။ သေနတ်တိုကလေး ခါးကြားထိုးကာ စစ်ဗိုလ်တဦး၏ဟန်ပန်အတိုင်း ရွာရိုးကိုးပေါက် လမ်းသလားခဲ့ဖူးသည်။ (ထိုသေနတ်မှာ ရွာမှအမေ့အိမ်လေးတွင် ယခုအချိန်ထိ ရှိနေအုံးမည်ထင်သည်။ ကျနော့်ကိုယ်ပွားအဖြစ် အမေသိမ်းထားမည်ထင်ပါသည်။) ထိုသို့ စစ်သားဖြစ်ချင်စိတ်ပြင်းပြခဲ့ရလောက်အောင်လည်း အားကျစရာကောင်းသည့် ဗမာ့တပ်မတော်တို့၏သမိုင်းကြောင်းနှင့် အတုယူစရာကောင်းလှသည့် စစ်သားတို့၏အတ္ထုပ္ပတ္တိများကလည်း ဗမာ့သမိုင်းတွင် ရှိခဲ့ဖူးသည်လေ…………..

ကျောင်းစာသင်ခန်းများတွင် သင်ယူခဲ့ရသည့်သင်ခန်းစာများအနက် မြန်မာ့သမိုင်းကို ကျနော်အထူးစိတ်ဝင်စားခဲ့သည်။ ကိုယ့်ထီး ကိုယ်နန်း ကိုယ့်ကြငှန်းနှင့် နေလာခဲ့သည့် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် စသည့်မြေရှင်ပဒေသရာဇ်ခေတ်အဆက်ဆက်မှသည် ကိုလိုနီစနစ်အောက်ကျရောက်ခဲ့ရသည့် အင်္ဂလိပ်ကိုလိုနီခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်အထိ ဗမာ့တပ်မတော်တို့၏ ကျူးကျော်သူနယ်ချဲ့ရန်သူများကို ရဲဝဲ့စွန့်စားစွာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ကြပုံကို ဂုဏ်ယူစွာ နားထောင်သင်ယူခဲ့ဖူးသည်။ အလောင်းဘုရား၏ နိုင်ငံပြန်လည်ထူထောင်ပုံ၊ တပင်ရွှေထီး၏ သူရဲကောင်းရွေးချယ်ပုံ၊ ဘုရင့်နောင်၏ နောင်ရိုးတိုက်ပွဲတွင် နောက်မဆုတ်တမ်း ဖောင်ဖျက်တိုက်ပွဲများအကြောင်းတို့ကို ကြက်သီးထဖွယ် သင်ယူခဲ့ရသည်။ ကျူးကျော်လာသော နယ်ချဲ့များကို ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်နိုင်ခဲ့သော ဗမာ့တပ်မတော်၊ နယ်ပယ်ချဲ့ထွင်ရာတွင် အားရစရာကောင်းလောက်အောင် ထက်မြက်ခဲ့သည့် ဗမာ့တပ်မတော်သည် ဟိုးယခင်မြေရှင်ပဒေသရာဇ်ခေတ်များကာလကပင် မြန်မာရာဇ၀င်၊ မြန်မာ့သမိုင်း၌ အခိုင်အမာတည်ရှိနေခဲ့သည်။ ထိုထိုသော မြန်မာ့တပ်မတော်ထဲမှ စစ်သားကောင်းများသည် ကျနော့်အိပ်မက်ထဲမှ သူရဲကောင်းများဖြစ်ခဲ့သည်။

နယ်ချဲ့လက်အောက်ကျရောက်ခဲ့သော အင်္ဂလိပ်နယ်ချဲ့ကိုလိုနီခေတ်တွင်လည်း သူ့ကျွန်မခံလိုသော သခင်အောင်ဆန်းခေါင်းဆောင်သည့် ဗမာကျောင်းသားလူငယ်တစုတို့၏ အခက်အခဲ အကြပ်အတည်းမျိုးစုံတို့ကြားမှ ဗမာတပ်မတော်ကိုပြန်လည်ထူထောင်ခဲ့ကြပုံ၊ ဂျပန်နှင့်ပေါင်းကာ အင်္ဂလိပ်တို့အား မောင်းထုတ်ခဲ့ကြပုံ၊ ထို့အပြင် အစွယ်ထုတ်ကာ ဘီလူးရုပ်ပေါ်ခဲ့ကြသော ဖက်ဆစ်ဂျပန်တို့အား တပ်မတော်မှဦးဆောင်ကာ တမျိုးသားလုံးအင်အားဖြင့် တိုက်ထုတ်ခဲ့ကြပုံများသည် ကျနော်၏စစ်သားဖြစ်ချင်သည့် ဆန္ဒအားပိုမိုတွန်းအားပေးခဲ့သည်။

သို့သော်………………….
ရာဇ၀င်ထဲမှာ တပ်မတော်ကိုထားရစ်ခဲ့ ဟုပြောရလောက်အောင်ပင် ကျနော်မျက်မြင်ဒိဋ္ဌကြုံတွေ့ခဲ့ရသည့် တပ်မတော်သည်ကား………. ၁၉၈၈-ခုမတ်လအတွင်း လက်နက်ဆို၍ တုတ်တိုတချောင်းပင် ကိုင်မထားခဲ့သည့် ကျောင်းသားလူငယ်များအား ရက်စက်စွာပစ်သတ်ခဲ့သည့် တပ်မတော်၊ ၁၉၈၈-အရေးတော်ပုံကာလအတွင်း အပြစ်မဲ့တိုင်းသူပြည်သားများအား လူမဆန်စွာ ပစ်သတ်ခဲ့သည့်တပ်မတော်၊ သံဃာကိုပင်သတ်ရဲလောက်အောင်မိုက်ရိုင်းကြသည့် အာဏာရှင်တို့၏လက်အောက်မှ ဘာသာတရားနားမလည်သော တပ်မတော်၊ ထိုတပ်မတော်သည်သာ လက်ရှိဗမာ့တပ်မတော်ဖြစ်နေခဲ့သည်။ တိုင်းသူပြည်သားတရပ်လုံးက အော့နှလုံးနာရွံရှာစရာကောင်းလောက်အောင်ပင် အာဏာရှင်လက်အောက်မှ တပ်မတော်သည် မိုက်ရိုင်းရမ်းကားခဲ့သည်။ ရာဇ၀င်၊သမိုင်းထဲမှ တပ်မတော်နှင့် လက်ရှိတပ်မတော်တက်တက်စင်အောင် ကွာခြားခဲ့သလို ကျနော့်စိတ်ကူးအိပ်မက်လည်း မွမွကြေခဲ့သည်။

ကျနော်ငယ်ငယ်ကစစ်သားဖြစ်ချင်ခဲ့သည်။ ယခုအချိန်အထိလည်း ဖြစ်ချင်နေပါသေးသည်။ သို့သော်ကျနော်ဖြစ်ချင်သောစစ်သားမျိုးမှာ ကျောင်းသားများကိုပစ်သတ်၊ အပြစ်မဲ့ပြည်သူကိုပစ်သတ်၊ သံဃာတော်တွေကိုပစ်သတ် စသည့် ကံကြီးထိုက်နိုင်လောက်သော ပြစ်မှုမျိုးကို ကျူးလွန်နေကြသော တပ်မတော်ထဲမှ စစ်သားမျိုးမဟုတ်၊ ပြည်သူမှပေါက်ဖွားပြီး ပြည်သူ၏ကျေးဇူးသစ္စာကိုနာမလည်သော ကျွေးသောလက်ကို ပြန်ကိုက်သည့် ခွေးကဲ့သို့သောစစ်သားမျိုးမဟုတ်၊ အာဏာရူးတစုတို့ချကျွေးထားသော အရိုးအရင်းများအပေါ် သာယာယစ်မူးကာ သခင်အားရကျွန်ပါးဝလုပ်နေကြသော အာဏာရူးများ၏လက်ပါးစေစစ်သားမျိုးမဟုတ်။ အာဏာရူးတစုတို့၏ ခုတုံးလုပ်အသုံးချခံနေရသော၊ ထားရာနေစေရာသွားဘ၀ရောက်နေရသော တပ်မတော်ထဲမှစစ်သားမျိုးမဟုတ်ပေ။

ကျနော်စစ်သားဖြစ်ချင်ပါသေးသည်။ ပြည်သူကရွေးကောက်တင်မြှောက်သော ပြည်သူအစိုးရတရပ်၏လက်အောက်တွင် ပြည်သူနှင့်အတူ တသားတည်းရှိနေပြီး လူထုတရပ်လုံးက ချစ်ခင်အားကိုးတန်ဖိုးထားသော တပ်မတော်ထဲတွင် ရိုးရိုးသာမန်ရဲဘော်လေးတဦးအနေနှင့် တိုင်းပြည်ကိုအလုပ်အကျွေးပြုကာ ပေးအပ်လာသောတာဝန်ကို စွမ်းစွမ်းတမံထမ်းရွက်ချင်ပါသေးသည်။ စစ်ယူနီဖောင်းအပြည့်အစုံဝတ်ကာ သေနတ်ကိုပခုံးတွင်ထမ်းပြီး “ဗမာစစ်သားကွ” ဟု ဂုဏ်ယူဝံ့ကြွားစွာ ဟစ်ကြွေးချင်ပါသေးသည်။

မောင်ပါလ

1 comments:

Nge Naing March 29, 2010 at 9:55 AM  

ငယ်ငယ်က ဖြစ်ချင်တဲ့ဆန္ဒက ကျွန်မနဲ့ ထပ်တူကျနေပါလား။ ကျွန်မငယ်ငယ်ကဆို မင်္ဂလာဒုံ စစ်ဆေးရုံမှာ ပြည်သူ့တပ်မတော်သားတွေကို ဆေးကုပေးတဲ့ စစ်ဗိုလ်မကြီးလုပ်ပြီး လုပ်ပြီး နိုင်ငံခြားမှာလည်း ပညာတော်သင် သွားလိုက်ဦးမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ အိမ်က ကျွန်မ ချီပိုးထိန်းကျောင်းလာတဲ့ ကျွန်မမောင်လေးတွေကို မောင်လေးရေ ကြီးလာရင် ဘာလုပ်မလဲဆိုရင် စစ်ဗိုလ်ကြီးလုပ်မယ်ဆိုပြီး ဖြေရမယ်လို့ သင်ထားပေးလို့ ကျွန်မမေးတိုင်း အဲဒီလိုပဲ ဖြေပေမဲ့ တခြားသူတွေမေးရင်တော့ စွန်လွှတ်ကစားမယ်တို့ ဘောလုံးကစားမယ်လို့ သူတို့ထက်နည်းနည်း ကြီးတဲ့ကလေးတွေ ကစားတာကိုပဲ ကြည့်ပြီးလိုက်ပြောတယ်။ စစ်ဗိုလ်ကြီးလုပ်မယ်ဆိုတာ ကျွန်မကလွဲပြီး တခြားလူတွ မေးရင် တခါမှ မဖြေဘူး။ စစ်သားကိုရွံတဲ့အချိန်လည်း အတူတူပဲ။ စစ်တပ်က သူ့အလုပ်သူပြန်လုပ်တဲ့အချိန်ကျရင် ပြည်သူလူထု ချစ်တဲ့ မြန်မာ့တပ်မတော်ဆိုတာ ပြန်ဖြစ်လာမှာပါ။ မောင်ပါလှရေ အတွေ့အကြုံတွေ ခံစားချက်တွေ တူလို့ ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်။

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP