အမြစ်ပါ နှုတ်ရမယ့်ပွဲ
>> Sunday, March 7, 2010
ဗိုလ်နေဝင်း စတင်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဟာ ဗမာပြည်မှာ အမြစ်တွယ်ခဲ့တာ ဒီနေ့ဆိုရင် နှစ် ၅ဝ နားနီးလာခဲ့ပါပြီ။ သူ လက်လွှဲသယ်ဆောင်ခိုင်းခဲ့တဲ့၊ နဝတ တဖြစ်လဲ နအဖ စစ်အစိုးရပင် တိုင်းပြည်ကို ဗိုလ်ကျမင်းမူခဲ့တာ နှစ် ၂ဝ ကျော် လာခဲ့ပြီဘဲ။ ဒီလို စစ်အာဏာရှင်အဆက်ဆက် ကြီးစိုးခဲ့လို့ အရှေ့တောင်အာရှမှာ မူလက ရှေ့တန်းအရောက်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး မြေအောက် သယံဇာတတွေ ပေါကြွယ်ကာ အကောင်းဆုံး ကျွန်းသစ်၊ အကောင်းဆုံး ကျောက်စိမ်းနဲ့ အကောင်းဆုံး ပတ္တမြား စတာမျိုးတွေ ရှိနေလို့ ချမ်းသာကြွယ်ဝတယ်လို့ ကမ္ဘာပေါ်မှာ ကျော်ကြားခဲ့တဲ့ ဗမာပြည်ဟာ အခုအခါမှာ ခေတ်အနောက်ကျဆုံးနဲ့ ပြည်သူလူထုတွေ မွဲပြာကျနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။ အဖြေကတော့ ရှင်းပါတယ်။ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် အမြစ်တွယ်နေလို့ပါပဲ။
ဒါကြောင့် လက်တဆုပ်စာ စစ်အုပ်စုဝင် အဆက်ဆက်နဲ့ သူတို့ရဲ့ နောက်လိုက်တွေကတော့ စည်းစိမ်ဥစ္စာတွေ အချမ်းသာကြီး ချမ်းသာလာနေကြတယ်။ တိုင်းပြည်မှာ စစ်အုပ်စုရဲ့ ဦးပိုင်လီမိတက်နဲ့ သူတို့ရဲ့ အပေါင်းပါတစုပိုင် လုပ်ငန်းစုံလုပ်နေတဲ့ ကုမ္ပဏီကြီးတွေက တိုင်းပြည်ရဲ့ ဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းမှန်သမျှကို လက်ဝါးကြီးအုပ်ထားကြတယ်။ တချိန်တည်းမှာလည်း ဒီလက်ဝါးကြီးအုပ် ကုမ္ပဏီတွေက စစ်အာဏာရှင်တွေနဲ့ အပြန်အလှန် ချိတ်ဆက်ကာ လယ်သမားတွေရဲ့ မြေယာတွေကိုပါ လက်ဝါးကြီးအုပ် သိမ်းပိုက်လာနေသလို နအဖရဲ့ စစ်တပ်တွေကလည်း လယ်ယာမြေတွေကို တိုက်ရိုက်သိမ်းပိုက်လာနေတယ်။ အခုနောက်ဆုံး စစ်အုပ်စုဟာ ရေအားလျှပ်စစ် တည်ဆောက်ရေးလုပ်ငန်းကိုပါ ပုဂ္ဂလိကကုမ္ပဏီကြီးတွေကို လုပ်ပိုင်ခွင့် လွှဲအပ်နေတာ တွေ့ရပါတယ်။ စစ်အုပ်စုရဲ့ ထင်သလို ထုတ်ပြန်နေတဲ့ အမိန့်တွေနဲ့ စီမံကိန်းအမျိုးမျိုးကြောင့် တပြည်လုံးက ပြည်သူတွေသာ ဒုက္ခအဖုံဖုံ ကြုံတွေ့ရင်ဆိုင်နေကြရတယ်။ စစ်အာဏာရှင်စနစ်နဲ့ အမြီးချင်းဆက်ထားတဲ့ လက်ဝါးကြီးအုပ် ကုမ္ပဏီတသိုက်ကတော့ ပြည်သူလုထုဘဝအတွင်း ခြယ်လှယ်သွေးစုပ် အမြတ်ထုတ်လို့ ကောင်းနေ၊ ကြီးပွားနေပါတယ်။
တိုင်းပြည်နဲ့ ပြည်သူလူထုကြီးတရပ်လုံး ပိုင်တဲ့ မြေအောက်သယံဇာတများကိုလည်း စစ်အုပ်စုဟာ ကြိုက်သလို ထုတ်ယူသုံးစွဲကာ ရလာသမျှ ဘဏ္ဍာငွေများကို စစ်အုပ်စုပိုင်အဖြစ် မိမိတို့စိတ်ကြိုက် စီမံခန့်ခွဲ သုံးစွဲခဲ့၊ သုံးစွဲနေဆဲဖြစ်ပါတယ်။ ဥပမာ- ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ ရောင်းလို့ရသမျှ ငွေတွေဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းထောင်ချီ ဝင်နေပါတယ်။ ဒါတွေကို သူတို့အာဏာတည်မြဲရေး ဆက်လက်ထိန်းသိမ်းကာကွယ်သွားနိုင်ဖို့ စစ်တပ်တိုးချဲ့ရေး၊ စစ်လက်နက် တပ်ဆင်ရေးတွေကို အတင်းအဓမ္မ လုပ်ဆောင်နေတယ်။ အခုအခါ တရုတ်ပြည်သို့ ရခိုင်ကမ်းလွန်ဒေသမှ ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့များကို ရောင်းချခွင့်ရလိုက်လို့ တရုတ်ထံမှ ဒေါ်လာ ၃၃ ဘီလီယံ ရဖွယ်ရှိနေတယ်လို့ သတင်းတွေအရ ကြားသိရပါတယ်။
ဒီလောက်များတဲ့ ဘဏ္ဍာငွေကြေးကို စစ်အစိုးရဟာ တိုင်းပြည်နဲ့ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု အကျိုးအတွက် ဘယ်နေရာမှာ စီမံကိန်းရှိရှိ သုံးစွဲသွားမယ်လို့ သတင်းထုတ်ပြန်ထားတာမျိုး မကြားမိဖူးသေးပါဘူး။ လောလေဆယ်ဆယ်တော့ ရုရှားထံမှ MIG 29 တိုက်လေယဉ် အစီး ၂ဝ ဝယ်လိုက်တယ်လို့ ကြားသိရပါတယ်။ ဒါ သူ့စစ်တပ်အတွက် ခေတ်မီတိုက်လေယဉ်များ တပ်ဆင်လိုက်တာပါ။
သူ့စစ်တပ်တွေ ခေတ်မီရေး အဖက်ဖက်က တည်ဆောက်နေ၊ အင်အားတွေ တိုးချဲ့နေပေမယ့် စစ်တပ်အတွင်း အထက်အောက်ဆက်ဆံရေးမှာ ခွဲခြားမှုတွေ၊ ဖိနှိပ်မှုတွေ၊ တန်းမတူမှုတွေ ဒင်းကြမ်းရှိနေတယ်လို့ ကြားသိနေရပါ တယ်။ နေရေးထိုင်ရေး ဘဝတွေမှာလည်း အောက်ခြေ အရာရှိငယ်၊ အကြပ်တပ်သားတွေဟာ တပြည်လုံးက ပြည် သူလူထုကြီးတရပ်လုံးနည်းတူ အလွန်ခက်ခဲ ကြပ်တည်းလွန်းလို့ အမိန့်မနာခံတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါ တယ်။
ဒီလိုပါပဲ အရပ်သား နိုင်ငံတော်ရဲ့ ဝန်ထမ်းတွေမှာလည်း ကုန်ဈေးနှုန်းတွေက တက်ပြီးရင်း တက်နေလို့ ရတဲ့ လုပ်ခလစာနဲ့ မကာမိဘဲ ဒုက္ခမျိုးစုံ ကြုံတွေ့ရင်ဆိုင်နေရပါတယ်။ စစ်အုပ်စုက ဒီပြဿနာတွေကို မှန်ကန်စွာ ကိုင်တွယ်မဖြေရှင်းနိုင်ခဲ့ပါဘူး။ ကုန်ဈေးနှုန်းတက်လိုက် လုပ်ခလစာ တိုးပေးလိုက်နဲ့ ငါးပွက်ရာ ငါးစာချနည်းနဲ့ ဖြေရှင်းပေးနေလို့ ကုန်ဈေးနှုန်းက တက်ပြီးရင်း တက်နေပါတယ်။ နအဖစစ်အုပ်စု သက်တမ်းအတွင်း လုပ်ခလစာ တိုးပေးရေး နည်းနဲ့ ဖြေရှင်းခဲ့တာ ၅ ကြိမ် ရှိသွားခဲ့ပါပြီ။ အကျိုးဆက်ကတော့ ပြည်သူလူထုကြီးရဲ့ ဘဝက “အနေကျပ် အသေကျပ် ဘဝ” ရောက်နေရပါတယ်။
တကယ် လုပ်ခလစာတိုးပေးရာမှာလည်း စစ်အုပ်စုထိပ်သီးများဟာ “အသားလိုလို့ အရိုးတောင်း” ဆိုသလိုပါပဲ။ အရပ်သားဝန်ထမ်းများအဖို့တော့ ဘာမှ မထူးလှပါဘူး။ သူတို့ စစ်အုပ်စု ထိပ်သီးများမှာသာ အကျိုးထူးတွေ ခံစားပြီးရင်း ခံစားနေရတာပါ။ အရပ်သား ဝန်ထမ်းများအတွက် အမြင့်ဆုံး လုပ်ခလစာမှာ (၂၂ဝဝဝဝ) ကျပ်သာ ရှိပေမယ့် စစ်အုပ်စုထိပ်သီး ဗိုလ်ချုပ်မှူးကြီးရဲ့ လစာမှာ ၁၂ သိန်းအထိ ရှိနေတာကို တွေ့ရပါတယ်။ အနိမ့်ဆုံး အရပ်သား ဝန်ထမ်းတဦးရဲ့လစာ (၄ဝဝဝဝ) နဲ့ နှိုင်းယှဉ်ရင် အဆ ၃ဝ ကွာနေတာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးတို့အတွက် အိမ်မှာနေရင်း ပင်ပန်းကြမ်းတမ်းမှုနဲ့ သက်စွန့်ဆံဖျားစရိတ် တလ ၅ ထောင်ဆိုတာမျိုးကိုလည်း ကြံကြံဖန်ဖန် ခံစားခွင့်ပြုထားတာ တွေ့ရပါတယ်။ ဒါတွေအပြင် အကြောင်းအမျိုးမျိုးကြောင့် ဘေးပန်း ဝင်ငွေများကလည်း ထုနဲ့ဒေးပါပဲ။ ဒါကြောင့် စစ်အုပ်စုအဆက်ဆက်ဟာ စိန်ရွှေတွေ သီးနေခဲ့ပါတယ်။ သွားလေသူ စစ်အုပ်စုဝင်တဦးရဲ့ သမီးဟာ အခမ်းအနားတခုမှာ ခြေထောက်မှာတောင် စိန်ဆင်ထားတယ်ဆိုတာမျိုး၊ ဗိုလ်သန်းရွှေ သမီးရဲ့ မင်္ဂလာဆောင်မှာ စိန်တွေ တလက်လက် ဖြစ်နေလို့ ဗီဒီယိုအခွေတွေ ထွက်လာတာမျိုးအထိ ဖြစ်ခဲ့ရတာပါ။
အခုအခါမှာတော့ စစ်အုပ်စုဟာ အကြောင်းအမျိုးမျိုးပြ အာဏာသိမ်းထားရာကနေ လူထုရွေးကောက်ပွဲနဲ့ အနိုင်ရထားတဲ့ ဒီချုပ်အား အာဏာ ပြန်လည်အပ်နှင်းပေးရေးကို လုံးဝ ထည့်သွင်းမစဉ်းစားနိုင်တော့ပါဘူး။ အာဏာ ဆက်လက် ထိန်းသိမ်းထားနိုင်ရေးအတွက် သူတို့ဘာသာ ရေးဆွဲထားတဲ့ လမ်းပြမြေပုံအတိုင်း ဆက်လက်ချီတက်ရေးကိုသာ စိုင်းပြင်း နေပါတယ်။ လမ်းပြမြေပုံရဲ့ အဆင့် ၅ ဖြစ်တဲ့ ရွေးကောက်ပွဲ ကျင်းပရေးဆိုတာကို ၂ဝ၁ဝ မှာ လုပ်မယ်လို့ ကြေညာထားပါတယ်။ စစ်အုပ်စုက ရွေးကောက်ပွဲကို စက်တင်ဘာမှာ လုပ်မယ်ဆိုတဲ့ အသံတောင် ပေးလာနေပါပြီ။ အဲဒီလို ကြေညာနေပေမယ့် ၉ဝ ခုနှစ်ရွေးကောက်ပွဲမှာ လူထုကြီးက ရွေးကောက်တင်မြှောက်ထားတဲ့ ဒီချုပ်က တင်ပြတောင်းဆိုထားတဲ့ “ရွှေဂုံတိုင်ကြေညာချက်” ကို လျစ်လျူရှုထားပါတယ်။ နိုင်ငံတကာက တောင်းဆိုနေတဲ့ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ရေးဆိုတာကိုလည်း ဂရုမစိုက်ပါဘူး။ ငါ့မြင့်ငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုသလို လုပ်ဖို့ စိုင်းပြင်းနေတာတွေကို အထင်းသား တွေ့နေရပါတယ်။
တချိန်တည်းမှာလည်း နအဖ ပြည်ထဲရေးဝန်ကြီး မောင်ဦးက မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမှာ “ရွေးကောက်ပွဲကို စက်တင်ဘာမှာ ပြုလုပ်မှာဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာအလိုက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတည်ပြုခဲ့တဲ့အတိုင်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ ဝန်ထမ်းများထံမှ ကြိုတင်မဲများ ရယူသွားမှာဖြစ်ကြောင်း” ပြောကြားခဲ့သလို “နိုင်ငံတော် ဝန်ထမ်းတွေအနေနဲ့ လစာတိုးပေးခဲ့တာကို သဘောပေါက်ဖို့လိုကြောင်း၊ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝန်ထမ်းတွေအနေနဲ့ အစိုးရက အလိုရှိတဲ့အတိုင်း မဲထည့်ကြဖို့” ဆိုတာကို အရှက်မဲ့စွာ မြောက်ပြဆန်တောင်း လုပ်သွားခဲ့တဲ့ သတင်းကို ဟိုလေးတကျော် ကြားနေရပါတယ်။
နအဖစစ်အစိုးရရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဘာရည်ရွယ်ချက်ဆိုတာ ရှင်းပြီးရင်း ရှင်းလာနေပါတယ်။
၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ လူထုကြီးက ရွေးကောက်တင်မြှောက်လိုက်တဲ့၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီချုပ်အဖွဲ့ အနိုင်ရတာကို စစ်အစိုးရက အသိအမှတ်မပြုနိုင်ဘူး။ အဲဒီရွေးကောက်ပွဲရလဒ်ကို ခြေဖျက်ဖို့ ကြိုးစားတယ်။
တိုင်းပြည်တွင်းမှာ ရှိနေတဲ့၊ ဒီချုပ်အဖွဲ့ခေါင်းဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေအပါအဝင် တိုင်းရင်းသား အင်အားစုတွေက အမျိုးသားရင်ကြားစေ့ရေးကို တောင်းဆိုတင်ပြပေမယ့် စစ်အစိုးရက အမှန်တကယ် လုပ်လိုတဲ့ဆန္ဒ မရှိဘူး။
တိုင်းပြည်တွင်းမှာ ရှိနေတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေမပါဘဲ သူတို့စိတ်ကြိုက် လမ်းပြမြေပုံဆိုတာကို သူတို့ဘာသာ ရေးဆွဲအတည်ပြုခဲ့တယ်။ ဘယ်ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်း သားအင်အားစုကမှလည်း အသိအမှတ် မပြုဘူး။ လက်မခံဘူး။
နအဖ ဦးစီးကျင်းပခဲ့တဲ့ ၁၃ နှစ်ကြာ ဟန်ပြအမျိုးသားညီလာခံ ဆိုတာက ရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုတာကို တိုင်းပြည်မှာ သေရေးရှင်ရေးပေါ်နေတဲ့ နာဂစ်မုန်တိုင်း အန္တရာယ်ကာလမှာ သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း အတည်ပြုဆန္ဒခံယူပွဲ လုပ်ခဲ့တယ်။ အဲဒီ ၂ဝဝ၈ မှာ အတည်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ဘယ် ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသား အင်အားစုကမှလည်း အသိအမှတ်မပြုပါဘူး။ လက်မခံနိုင်ပါဘူး။
ဘယ်ဒီမိုကရေစီ အင်အားစုနဲ့ တိုင်းရင်းသားအင်အားစုကမှ အသိအမှတ်မပြုတဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအရ လုပ်လာမယ့် ရွေးကောက်ပွဲကို ဒီချုပ်က ရွှေဂုံတိုင်ရပ်တည်ချက်အရ ညှိနှိုင်းဆွေးနွေးသင့်တာများကို ဆွေးနွေးဖြေရှင်းရန် တင်ပြထားတာကို အခုအထိ ဘာမှ တုံ့ပြန်လာတာ မရှိသေးဘူး။ (တိုင်းရင်းသားအင်အားစုများကလည်း ရွှေဂုံတိုင်ကြေညာချက်ကို ထောက်ခံကြတယ်။)
နိုင်ငံတကာ အင်အားများက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင် စတဲ့ နိုင်ငံရေး အကျဉ်းသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး (အားလုံး) ကို ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးရေးနဲ့ ရွေးကောက်ပွဲမှာ အင်အားစုအားလုံးပါဝင်ရေး တောင်းဆိုချက်ကို ဂရုမစိုက်ပါဘူး။
ဒါကြောင့် ၂ဝ၁ဝ မှာ လုပ်လာမယ့် ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသား အင်အားစုများနဲ့ နိုင်ငံတကာအင်အားစုများရဲ့ တောင်းဆိုတင်ပြချက်များကို ဘာမှဂရုမစိုက်ဘဲ မိမိစစ်အာဏာရှင်စနစ်ကို တိုင်းပြည်မှာ ဆက်လက် တည်တံ့ရေးအတွက်သာ လုပ်ဆောင်နေတာဖြစ်ကြောင်း ထင်ရှားပါတယ်။
စစ်အုပ်စိုအကျိုးသာ လုပ်ဆောင်တယ်ဆိုတာ ရှင်းနေတာမို့ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူကြီးနဲ့ တိုင်းပြည်အတွက်တော့ ဘာမှ အကျိုးထူး ရှိလာမှာ မဟုတ်ပါဘူး။
တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးနဲ့ ဒီမိုကရေစီအင်အားစုများ အားလုံး စည်းလုံးညီညွတ်စွာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သွားရုံမှတပါး တခြားလမ်း မရှိတော့ပါဘူး။
တချိန်တည်းမှာလည်း စစ်အာဏာရှင်စနစ်အောက်မှ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးရဲ့ အဖိနှိပ်ခံ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ဘဝမှ လွတ်မြောက်ရေးနဲ့ တိုင်းပြည် ခေတ်နောက်ကျကာ အာရှနာတာရှည် လူနာကြီးဘဝမျိုး ကျရောက်နေမှုမှ ရုန်းထွက်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ပါ ဆွဲနှုတ်ပစ်နိုင်ဖို့ နည်းသဏ္ဌာန်မျိုးစုံနဲ့ ဆက်လက် တိုက်ပွဲဝင်သွားရုံမှတပါး တခြားနည်းလမ်း မရှိတော့ပါဘူး။
ဒါကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ဆွဲနှုတ်ပစ်နိုင်ရေးအတွက် တိုင်းရင်းသားပေါင်းစုံ၊ လူ့အလွှာပေါင်းစုံ၊ ရဟန်းသံဃာတော်များ၊ ကြည်း ရေ လေ တပ်မတော်အတွင်းမှ တပ်မှူးတပ်သားများ၊ အလုပ်သမား/လယ်သမားများ၊ ကျောင်းသားလူငယ်များ၊ ဝန်ထမ်းများအားလုံး ဒီမိုကရေစီအင်အားစုအသီးသီးနဲ့ ပူးပေါင်းလက်တွဲ စည်းလုံးညီညွတ်စွာ တဆင့်တိုး တိုက်ပွဲဝင်သွားကြပါစို့။
ကျော်ဆွေ
Ref: လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
0 comments:
Post a Comment