လူ့ဘောင်သစ်ပါတီ၏ ဝေဖန်သုံးသပ်ချက် အမှတ်စဉ်(၄ /၂၀၁၀)အပေါ် ဘီဘီစီမှ မေးမြန်းချက်

>> Wednesday, March 3, 2010

ရက်စွဲ။ ။ 2.3.2010
သတင်ဌာန – ဘီဘီစီ/မေးမြန်းသူ – ကိုသိန်းမြတ်


ကိုသိန်းမြတ် ။ ။ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးပြဿနာဟာ ဒီကနေ့ကာလမှာ ရှေ့တန်းရောက်နေတဲ့ အရေးတကြီး နိုင်ငံရေးပြဿနာတခု ဖြစ်နေပါတယ်။ တချို့က တဖက်မှာဆွေးနွေးရင်းနဲ့ တဖက်က စစ်ရေးပြင်ဆင်လာတာတွေ ရှိနေသလို တချို့ကလည်း နယ်ခြားစောင့်တပ်ဖွဲ့ရေးကို မလိုလားကြပါဘူး။ ဒီလိုအခြေနေတွေကြောင့် ပြည်တွင်းစစ်မီး ပြန်လည်တောက်လောင် လာနိုင်တယ်လို့ သတိပေး ပြောကြားကြသူတွေလည်း ရှိပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ဒီကနေ့ ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှာ တိုင်းရင်းသားတွေနဲ့ အခြေနေတင်းမာနေပြီး ပြည်တွင်းစစ်ဖြစ်လာနိုင်တယ်လို့ သတိပေးရေးသားထားပါတယ်။ ပြည်တွင်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဗဟိုကော်မတီအစည်းဝေးခေါ်ယူဖို့ တိုက်တွန်းထားတာကိုလည်း တွေ့ရပါတယ်။ ဒီတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှူး ကိုခင်မောင်တင့်ကို ကျနော်ဆက်သွယ်မေးမြန်း ကြည့်ထားပါတယ်။ ပြည်တွင်းစစ်ဖြစ်နိုင်တယ်လို့ဆိုထားတာက ဘယ်အချက်တွေ ကြောင့် အခုလိုပြောတာပါလဲခင်ဗျ။

ကိုခင်မောင်တင့် ။ ။ ဗမာပြည်မှာရှိတဲ့ ပြည်တွင်းစစ်က မပြီးဆုံးသေးပါဘူး။ လတ်တလောအားဖြင့် ငြိမ်သက်နေတဲ့ အနေထားမှာပဲ ရှိပါတယ်။ အဲဒါတွေက ဘယ်လိုပုံစံနဲ့ တည်ရှိနေတာလဲဆိုတော့ဒီ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား အင်အားစုတွေဆိုတဲ့ပုံ သဏ္ဍာန်မျိုးနဲ့ တည်ရှိနေတာ ဖြစ်ပါတယ်။ ပြဿနာတွေပြေလည်အောင် နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ဘူးဆိုရင် နိုင်ငံရေးပြဿနာရဲ့ အဆက်ဖြစ်တဲ့ ဒီပြည်တွင်းစစ်ပေါ့ဗျာ ပြဿနာတွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းတဲ့ပုံစံတွေ ဖြစ်ပေါ်လာနိုင်ခြေရှိတယ်ဆိုတာကို ကျနော်တို့က ထောက်ပြထားတာပါခင်ဗျ။

ကိုသိန်းမြတ် ။ ။ ဒီဝေဖန်သုံးသပ်ချက်ထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီတွေပေါ့နော်၊ ဗဟိုကော်မတီတွေနဲ့ ဒီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေ အစည်းဝေးခေါ်ယူဖို့ ဆိုပြီးတော့လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။ အဲ့ဒါက ဒီပြည်တွင်းစစ် ဖြစ်နိုင်တာနဲ့ ဘယ်လိုပတ်သက်ပါသလဲခင်ဗျ။ ဟို(NLD)အနေနဲ့ ဘာလုပ်စေချင် တာပါလဲ။

ကိုခင်မောင်တင့် ။ ။ ဒီကနေ့ နအဖက မလိုရင်မလိုသလို ပုံစံမျိုးစုံနဲ့ဖိနှိပ်မှုတွေကြားကနေပြီးတော့ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် တည်ရှိအောင် ကြိုးစားနေရတာ။ တဖက်ကပြောရင် အခုဆိုရင်သူတို့ (EC) အဖွဲ့တိုးချဲ့တယ်။ နောက်တခါ ဗဟိုဦးစီးအဖွဲ့တွေ တိုးချဲ့တဲ့အနေထားကို ရောက်လာပါတယ်။ ရောက်လာတော့ ဒီလိုဗဟိုဦးစီးအဖွဲ့တွေတိုးချဲ့ တယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်က ကျနော်တို့ နားလည်တာကတော့ သူတို့ကိုင်စွဲထားတဲ့ ကနေ့ ရွေဂုံတိုင် ရပ်တည်ချက် ဆိုတာကို အားရှိရှိနဲ့ကိုင်စွဲဖို့ရယ် နောင်ဖြစ်ပေါ်လာမယ့် အခြေနေတွေကို တွက်ဆဖို့အတွက် ဒီဗဟိုဦးစီး အဖွဲ့ဝင်တွေ စုံညီပါတဲ့အဖွဲ့အစည်းဝေးကို ခေါ်ဖို့လိုပါတယ်။ အဲဒီလိုခေါ်တဲ့နေရာမှာ တိုင်းပြည်မှာဖြစ်ပေါ်လာနိုင်ချေရှိတဲ့ပေါ့ဗျာ အခုအလုပ်သမားတွေ ဆန္ဒပြနေတာတွေ မြို့ပေါ်မှာတခါ အပစ်ရပ်တိုင်းရင်းသား အင်အားစုတွေကြားမှာ ဖြစ်နေတဲ့ ပြဿနာတွေ အားလုံးကို စဉ်းစားပြီးတော့ တိုင်းပြည်နဲ့ လူထုကို တင်ပြပြီးတော့ အကောင်းဆုံးနည်းလမ်းကို ဆွေးနွေးညွှန်ပြနိုင်တယ်လို့ ကျနော်တို့ယူဆပါတယ်။

ကိုသိန်းမြတ်
။ ။ ဟိုအခုပြည်တွင်းစစ် ဖြစ်နိုင်တယ်ဆိုတဲ့ ကိစ္စရော၊ နောက်အခု အလုပ်သမားကိစ္စ အပါအ၀င်မြန်မာနိုင်ငံမှာဖြစ်တဲ့ ဟိုပြဿနာတွေအားလုံးကို အဓိကဖြေရှင်းဖို့ တာဝန်ရှိတာ နောက်ဖြေရှင်းနိုင်တာက လက်ရှိ အာဏာပိုင်အဖွဲ့စည်းဖြစ်တဲ့ ဟိုစစ်တပ်လို့ ကျနော်တော့ ယူဆပါတယ်ခင်ဗျ။ အဲဒီတော့ဟို စစ်တပ်ဘက်ကနေပြီးတော့ ဆောင်ရွက်လာအောင် နားထောင်လာအောင် စစ်တပ်ကို ပြောဆိုစည်းရုံးတဲ့ အလုပ်ကိုဘယ်သူများ လုပ်နိုင်မလဲခင်ဗျ။ ဘယ်သူတွေမှာတာဝန်ရှိမလဲခင်ဗျ။

ကိုခင်မောင်တင့် ။ ။ ဗိုလ်ချုပ်ကြီး တင်ဦးဆိုလို့ရှိရင် သူနေအိမ်အကျယ်ချုပ်ကနေ လွှတ်လာတာနဲ့တပြိုင်နက်ထဲ အရေးပါဆုံးဖြစ်တဲ့ တပ်မတော်သားတွေ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်တွေကို ပြည်သူလူထုဘက် မျက်နှာမူဖို့ ဒီမိုကရေစီကိုမျက်နှာမူဖို့ စစ်တပ်ရဲ့ မူလတာဝန်တွေဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းရွက်ဖို့ ဆိုပြီးသူချက်ချင်းပန်ကြားတာပါခင်ဗျ။ အဲ့ဒါသိပ်အရေးပါပါတယ်။ နောက်တခုဒီကနေ့ပြဿနာတွေကို ဘယ်လိုပြဿနာ တွေဖြေရှင်းနိုင်တာလဲ ဆိုတာတွေကို ကျနော်တို့လည်း အခုနက ကိုသိန်းမြတ်ပြောသလို သဘောတူတယ် နအဖရဲ့ သဘောအပေါ်မှာမူတည်တယ်။ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းတယ်ဆိုရင် တွေ့ဆုံဆွေးနွေးရေးပေါ်မှာပဲ။ အဲဒီလိုမဟုတ်ဘူး သေနတ်ကိုင်ပြီး အကြမ်းဖက်မယ်ဆိုရင်လည်း သေနတ်ကိုင်ပြီး ခုခံတော်လှန်မှုတွေဖြစ်လာနိုင်တာပဲ။

ကချင်ပြည်နယ်ကပြောသွားတဲ့ ကေအိုင်အိုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်ကပြောတာက ဒါဘယ်လိုအလားလာဖြစ်မယ် ဆိုတာရှင်းနေတာပါပဲ။ နောက် (၀သပ) ဘက်ကရေးတဲ့ ဂျာနယ်တခုမှာဆိုရင်လည်း ကိုယ့်အိမ်ကို ကာကွယ်ကြဖို့ ပြောနေတာတွေ ခေါင်းပြတ်ဗိုလ်ချုပ်အဖြစ်မခံနိုင်ဘူး တိုက်ရင်းအသေခံသွားမယ်ဆိုတဲ့ သဘောတွေ ပြောနေတာတွေဟာ နောက်ထပ်ပေါ့ဗျာ ပြည်တွင်းစစ်ကြီး ပိုပြီးတော့ တောက်လောင်နိုင်စရာရှိတဲ့ အခြေနေ အချက်လက်တွေလို ကျနော်တို့ မြင်ပါတယ်။

ကိုသိန်းမြတ်
။ ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့အထွေထွေအတွင်းရေးမှူး ကိုခင်မောင်တင့်ဖြစ်ပါတယ်။

Ref: မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP