News Diary (သတင်းဒိုင်ယာရီ) January 8-14
>> Saturday, January 16, 2010
နှစ်ရှည် နိုင်ငံရေး အကျဉ်းသားများ ထပ်တိုး
07 January 2010
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလလောက်က အဖမ်းခံခဲ့ကြရတဲ့ မြင်းခြံ၊ ကျောက်ပန်းတောင်းနဲ့ ညောင်ဦးမြို့တို့က သံဃာတော်တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တွေဟာ စစ်ကြောရေး ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ကြရပြီး ထောင်ဒဏ်တွေ လည်း နှစ်ရှည်ချမှတ်ခံခဲ့ရတယ်လို့ မိသားစု အသိုင်းအ၀ိုင်းက ပြောပြပါတယ်။
ရေပိုင်နက်ကိစ္စ ဆွေးနွေးဖို့ မြန်မာအဖွဲ့ ဘင်္ဂလားဒေ့ရှ်ရောက်
07 January 2010
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား အချေအတင် အငြင်းပွားနေတဲ့ ရေပိုင်နက် ပြဿနာကို ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတာမှာ တိုးတက်မှုတွေ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် အရာရှိတွေက ပြောပါတယ်။ ပြဿနာဖြစ်နေတဲ့ ရေပိုင်နက်ကိစ္စကို ဆွေးနွေးဖို့ မြန်မာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်လာတဲ့အချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။
မြန်မာ့အရေးကို ဗြိတိန် ဦးစားပေး စဉ်းစား
07 January 2010
စစ်အစိုးရက ဒီနှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေချိန် ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအရေးဟာ ဗြိတိန်အစိုးရ နိုင်ငံခြားမူဝါဒ ရေးရာတွေမှာ ဦးစားပေးနေရာမှာ ရှိတယ်လို့ ဗြိတိန်အစိုးရက ပြောလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေကြတဲ့ ဗြိတိန် ပါလီ မန်အမတ်တွေနဲ့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာန မြန်မာနိုင်ငံရေးရာဝန်ကြီး အိုင်ဗင် လူးဝစ်စ် (Ivan Lewis) တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
ဟီလာရီ ကလင်တန် အာရှခရီး မြန်မာ့အရေး ဆွေးနွေးဖို့ရှိ
08 January 2010
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ နောက်သီတင်း ပတ် အတွင်းမှာ အာရှ ၄ နိုင်ငံကို ခရီးထွက်ဖို့ရှိပြီး အဲဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တော့လည်း ပြောဆိုဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထိပ်တန်း တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ရှေ့သီတင်းပတ် အတွင်းမှာပဲ ဟာဝိုင်ယီကျွန်း၊ ပါပူဝါနယူးဂီနီ၊ နယူးဇီလန်နဲ့ သြစတြေးလျ နိုင်ငံ တွေကို သွားရောက်မှာ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အတည်ပြု ပြောဆိုပါတယ်။
စစ်အစိုးရ ရွေးကောက်ပွဲ အောက်တိုဘာလမှာ ကျင်းပမယ့် သတင်းထွက်
08 January 2010
မြန်မာစစ်အစိုးရက ဒီနှစ်မှာ ပြုလုပ်မယ်လို့ ဆိုထားတဲ့ ရွေးကောက်ပွဲတွေကို လာမယ့် အောက်တို ဘာလမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ ဂျပန်နိုင်ငံက သတင်းစာကြီးတစောင်က ပြောဆိုလိုက်ပါ တယ်။ ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရ အကြီး တန်း အရာရှိတွေလည်း ရာထူးကထွက်ပြီး ပါဝင် နိုင်ဖို့ အခုလို နှစ်ကုန်ပိုင်းကို ရွေးချယ်ခဲ့တာ ဖြစ်တဲ့ အကြောင်းကို လည်း ဂျပန်နိုင်ငံထုတ် အဆာ ဟိ ရှင်ဘွန်း သတင်းစာက စစ်အစိုးရနဲ့နီးစပ်သူ အသိုင်းအ၀န်းကို ကိုးကားပြီး ဇန္န၀ါရီ ၇ ရက်နေ့ က ဖော်ပြခဲ့ပါတယ်။ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို လာမယ့် ဧပြီလ လောက်မှာ ထုတ်ပြန်ပြီး ရွေး ကောက်ပွဲတွေကိုတော့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျင်းပ ပေးလိမ့်မယ်ဆိုပြီး အဆာဟိ ရှင်ဘွန်းရဲ့ အင်တာနက် သတင်းမှာ ဖော်ပြလိုက်တာပါ။
ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်အတွင်းကေအိုင်အိုအား ယူနီဖောင်း ဝတ်ခွင့်မပြု
08 January 2010
ယခုလ (၅) ရက်မှ (၁၁) ရက်အထိ မြစ်ကြီးနားမြို့တွင် ကျင်းပနေသည့် (၆၂) နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်းအ မှတ် ပွဲတော်အတွင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အား ၎င်းတို့၏စစ်ယူနီဖောင်းဝတ်ခွင့် နအဖဘက်က တားမြစ်ပိတ်ပင်ထားသည်။ ယမန်နှစ်က ကချင် ပြည်နယ်နေ့ အထိမ်းအမှတ်၊ မနောပွဲများတွင် စစ်ယူနီဖောင်းဝတ်ဆင် ထားသည့် ကေအိုင်အို တပ်ဖွဲ့ဝင် (၁,ဝဝဝ) ကျော် ပါဝင်ဆင်နွှဲနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ယခုကဲ့သို့ ပိတ်ပင်ထား သဖြင့် လူအင်အား (၁ဝဝ) ခန့်သာ တက်ရောက်မည်ဟု ကေအိုင်အိုအဖွဲ့နှင့် နီးစပ်သူ မြစ်ကြီးနား ဒေသခံတဦးက ပြော သည်။
အန်အယ်လ်ဒီက ဗဟိုအလုပ်အမှုဆောင်များ ထပ်တိုး
08 January 2010
အဓိက နိုင်ငံရေးပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် သစ် (၇) ဦးမှ (၉) ဦးအထိ ထပ်တိုးဖွဲ့စည်းမည်ဖြစ်သည်။နှစ်ပေါင်း (၂၀) ကျော် နိုင်ငံအာဏာကို သိမ်းယူထားသည့် စစ် အစိုးရက စစ်သား (၄) ပုံ (၁) ပုံ ပါသည့် အစိုးရသစ်ကို အာဏာလွှဲပြောင်းမည်ဆိုသည့် ယခုနှစ်တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ အန်အယ်လ်ဒီက ပါတီလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုး ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။ “စီအီးစီ (၇) ဦး၊ ဒါမှမဟုတ် (၉) ဦး ထပ်တိုးဖွဲ့စည်းမှာ ဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့ အစည်းအ ဝေးမှာ အတည်ပြု ခန့်အပ်မှာပါ” ဟု အန်အယ်လ်ဒီ ပြန်ကြား ရေးတာဝန်ခံ ဦးခင်မောင်ဆွေက အတည်ပြုပြောကြားသည်။
မွန်အမျိုးသားနေ့ ပိုစတာပါ စာသား ဖြုတ်ခိုင်းမှု နအဖအား မွန်အမျိုးသားများ ဝေဖန်
08 January 2010
လာမည့် ဇန်နဝါရီ (၃၀) ရက်တွင် ကျရောက်မည့် (၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်း အမှတ် မြေစိုက်ပိုစတာပါ စာသားများအား နအဖအာဏာပိုင်တို့က ဖြုတ်ခိုင်းခြင်းသည် တိုင်းရင်း သားတို့၏ အခြေခံရပိုင်ခွင့် အခွင့်အရေးတို့ကို လျစ် လျူရှုလိုက်ခြင်းဖြစ်ကြောင်း ဝါရင့် မွန်နိုင်ငံ ရေးသမားတဦးက ပြောကြားသည်။ ၎င်းက “သမိုင်းဖြစ်ရပ်မှန်တရပ် အထိမ်းအ မှတ်ပိုစတာမှာ ဖော်ပြလိုက်တာကို နအဖက ပြန်ဖြုတ်ခိုင်းနေတာဟာ တိုင်းရင်းသားတို့ရဲ့ မွေးရာပါအခွင့် အရေး ဖြစ်တဲ့ စာပေယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ပိုင်ခွင့်နဲ့ ပြောဆိုရေးသားပိုင်ခွင့်ကို ပိတ်ပစ်တာ ဖြစ်တယ်။ သမိုင်းအမှန် ကို အမှန်အတိုင်းရေးတာ ပိတ်ပစ်တယ်။ ဒါဟာ ကျနော်တို့ တိုင်းရင်း သားတွေရဲ့ အခွင့်အရေးကို တန်ဖိုးမထားဘဲ လျစ်လျူရှုလိုက်တာ ဖြစ်တယ်” ဟု ပြောသည်။
မြန်မာ့အလင်းသတင်းစာ အရောင်ဖြင့်ထုတ်ဝေမည်
08 January 2010
မြန်မာ့အလင်းသတင်းစာကို လာမည့်ဖေဖော်ဝါရီလအတွင်း အရောင်ဖြင့်ထုတ်ဝေနိုင်ရန် စီစဉ် လျက်ရှိကြောင်း အဆိုပါ သတင်းစာတိုက်မှ အယ်ဒီတာတဦးက ပြောသည်။ ၎င်းက “လူကြီးတွေ က သတင်းစာ အရည်အသွေးမြှင့်ဖို့အတွက် လွန်ခဲ့ တဲ့ ၂၀၀၉ ခုနှစ် နှစ်လယ်လောက်က အရောင် စုံ ထုတ်ဝေခွင့် ပြုထားပါတယ်။ ဒါကို မကြာခင် အကောင်အထည် ဖော်မှာ ဖြစ်တယ်” ဟု ပြော သည်။ မြန်မာ့အလင်းကို အရောင်စုံဖြင့် ထုတ်ဝေမည်ဆိုသော်လည်း ကြေးမုံသတင်းစာနှင့် The News Light of Myanmar ကိုမူ ထုတ်ဝေမည့် အစီအစဉ် ရှိမရှိ မသိရသေးကြောင်း ၎င်းက ပြောသည်။
ဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမများ စိုးရိမ်ဖွယ်ရာအခြေအနေနှင့်ကြုံနေရ
08 January 2010
ဂျော်ဒန် နိုင်ငံ မြို့တော် အမ္မန်မြို့အနီးရှိ Century Miracle Co.Ltd အထည်ချုပ်စက်ရုံတွင် ဘင်္ဂလားဒေ့ရှ် အလုပ်သမား များ၏ စတင်ရန်ရှာမှုနှင့်ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားရာမှ ဆန္ဒပြခဲ့ သည့် မြန်မာ အလုပ်သမ ၆၀၀ ကျော်သည် ဖိအားပေး အကျပ်ကိုင်မှုများ၊ စိုးရိမ်ဖွယ်ရာ အခြေအ နေများနှင့် ရင်ဆိုင်နေရကြောင်း သတင်း ရရှိသည်။ ထိုစက်ရုံမှ ဘင်္ဂလားဒေ့ရှ် အလုပ်သမား များ သည် မြန်မာအလုပ်သမ များကို တွေ့သည့်နေရာ၌ ရန်မူနေ သဖြင့် အလွန်တရာ စိုးရိမ်နေရ ကြောင်း မြန်မာအလုပ်သမ တဦးဖြစ်သူ မအိအိခင်က သို့ ယနေ့ တွင် ပြောသည်။ အဆိုပါစက်ရုံ တွင် မြန်မာအလုပ်သမ ၆၀၀ ကျော် ထဲမှ အလုပ်သမားကြီးကြပ်ရေးမှူး (စူပါ) အဆင့်ရှိ သူ လေး ဦး ရှိကြောင်း၊ ယင်းစူပါလေးယောက်ကို အလုပ်သမားများ အား အလုပ်ပြန်ဆင်းရန် အတင်း အဓမ္မ ဖိအားပေး စေခိုင်းနေသော်လည်း အလုပ်သမများက မဆင်းဟု တင်းခံနေသဖြင့် စူပါ လေးဦးမှာ ရှောင် တိမ်းနေသည် ဟုလည်း ဆိုသည်။အဆိုပါ Century Miracle Co.Ltd အထည်ချုပ်စက်ရုံတွင် မြန်မာ နိုင်ငံမှ လာရောက် အလုပ်လုပ်သော အမျိုးသားတဦးမျှမရှိဘဲ မြန်မာ အမျိုးသမီးများသာရှိကြောင်း သိရသည်။
နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုအတွက် သေဒဏ်များ ချမှတ်
08 January 2010
ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်နဲ့ နိုင်ငံခြားရေးဌာန ၀န်ထမ်းတဦးဖြစ်တဲ့ ဦးသူရကျော်တို့ကို နိုင်ငံ တော်လျှို့ဝှက်ချက် ပေါက်ကြားမှုတွေနဲ့ သေဒဏ်ချမှတ်လိုက်ပါတယ်။ နောက်ထပ် ၀န်ထမ်း တဦးဖြစ်တဲ့ ဦးပျန်စိန်ကိုတော့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။ ဒီလူတွေကို နောက်ထပ် မလုပ်ရဲအောင်လို့ အခုလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်တယ်လို့ မြန်မာ့တပ် မတော် ဗိုလ်ကြီးဟောင်း တဦးကလည်း သုံးသပ်ပါတယ်။
ဗိုလ်မှူးဝင်းနိုင်ကျော်တို့ သေဒဏ် ဥပဒေနဲ့ မကိုက်ညီ
09 January 2010
မြန်မာစစ်အစိုးရရဲ့ လျှို့ဝှက်သတင်းတွေ ပေါက်ကြားမှုကြောင့် စစ်တပ်ဝန်ထမ်းဟောင်း ဗိုလ်မှူး ၀င်းနိုင်ကျော်နဲ့ နိုင်ငံခြား ရေး ၀န်ကြီးဌာနက ၀န်ထမ်း ဦးသူရကျော်တို့ကို အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့ သေဒဏ်စီရင်ချက် ချလိုက်တာ ဟာ လက်ရှိ တရားစီရင်ရေး ဥပဒေတွေ အရ လွဲမှားနေတယ်လို့ အာရှလူ့အခွင့်အရေး အဖွဲ့ရဲ့ ရှေ့နေက ထောက်ပြပါ တယ်။ အပြည့်အစုံ ကို မသင်းသီရိက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။ စစ်တပ်အရာရှိဟောင်း ဗိုလ်မှူး ၀င်းနိုင်ကျော်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ထမ်း ဦးသူရကျော်တို့ကို သေဒဏ် ချမှတ်လိုက်တဲ့ အရေးပေါ်စီမံချက် အက် ဥပဒေ ပုဒ်မ ၃ ဟာ နိုင်ငံမှာ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ အချိန်မှသာ အရေးယူရမယ့်ပုဒ်မ ဖြစ်တာမို့ ဒီစီရင် ချက်ဟာ လွဲချော်နေတယ်လို့ ဟောင်ကောင် အခြေစိုက် AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။
မြန်မာဒုက္ခသည် ဂျပန် စတင် လက်ခံတော့မည်
09 January 2010
ထိုင်း၊ မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းက မြန်မာစစ်ပြေးဒုက္ခသည် ၃၀ ကို ဂျပန်နိုင်ငံက ပထမဦးဆုံး အကြိမ်အဖြစ် ဒီနှစ်အတွင်းမှာ စတင်ခေါ်ယူတော့မှာ ဖြစ်တဲ့အကြောင်း၊ လူတွေ့ စစ်ဆေးမှုတွေကို မကြာခင်မှာ လုပ်သွားတော့မှာ ဖြစ်ကြောင်း ထိုင်း၊ မြန်မာနယ်စပ် မယ်လဒုက္ခ သည်စခန်းက ကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြောက်ကိုရီးယား တောင်းဆို
11 January 2010
အမေရိကန်နဲ့ ငြိမ်းချမ်းရေး စကားပြောဖို့ မြောက်ကိုရီးယားက တနင်္လာနေ့က တောင်းဆိုလိုက် ပါတယ်။ ပိတ်ဆို့ အရေးယူထားတာတွေကို ရုပ်သိမ်းဖို့လည်း တောင်းဆိုလိုက်ပြီး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ မစမီ ဒီအချက်တွေဟာ ဖြည့်ဆည်းရမယ့် အခြေအနေတွေ ဖြစ်တယ်လို့ ပြောပါတယ်။
NLD ဗဟိုအလုပ် အမှုဆောင် တိုးချဲ့ရေး ဆွေးနွေး
11 January 2010
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးရေ တိုးချဲ့ဖွဲ့စည်း ဖို့ ဆွေးနွေးကြတဲ့ အစည်းအဝေးကို ရန်ကုန်မြို့ NLD ပါတီ ဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။ အသစ် တိုးချဲ့ ဖွဲ့စည်းတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှာ ဘယ်သူတွေ ပါဝင်တယ်ဆိုတာ ချက် ချင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒီလို တိုးချဲ့ဖွဲ့စည်းတာဟာ မြန်မာစစ်အစိုးရက ကြေ ညာထားတဲ့ ဒီနှစ်လုပ်မယ့် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်တာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
အဓမ္မ လုပ်အားပေးစာချုပ် သက်တမ်းတိုးရေး ILO မြန်မာပြည် သွားမည်
11 January 2010
ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ရဲ့ အမှုဆောင် ဒါရိုက်တာ မစ္စတာ ကာရီ တာပီယိုလာ (Kari Tapiola) ဟာ လာမယ့် သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။ အဓမ္မ လုပ် အားပေး ခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီးတော့ နားလည်မှု စာချွန်လွှာ သက် တမ်းတိုးဖို့ စာချုပ် ချုပ်ဆိုဖို့အတွက် လာရောက်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ဌာနေကိုယ် စားလှယ်က ပြောပါတယ်။မြန်မာနိုင်ငံအတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးစစ်သား ပပျောက်စေမှုအပြင် ILO ကို တိုင်ကြားမှုနဲ့ ဆက်နွယ်ပြီး ထောင်ဒဏ်ပြစ်ဒဏ်တွေ ကျခံနေရသူ တွေနဲ့ ဒီပြစ်ဒဏ် ကျခံသူတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဦးဖိုးဖြူတို့နဲ့ ပတ် သက်ပြီးတော့လည်း ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။
အီရန်ကို အရေးယူဖို့ အမေရိကန်နဲ့ အင်အားကြီး ၅ နိုင်ငံ စည်းဝေးမည်
12 January 2010
အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ အမေရိကန် ပြည်ထောင်စုနဲ့ တခြား အင်အားကြီး ၅ နိုင်ငံက ကိုယ်စားလှယ်တွေဟာ ဒီသီတင်းပတ် နှောင်းပိုင်းကျရင် နယူးယောက်ခ် မြို့မှာ တွေ့ဆုံဆွေးနွေးကြလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ကြေညာလိုက်ပါတယ်။ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမဏီ နိုင်ငံတို့ အီရန်အရေး ဆွေးနွေးကြမယ့် အကြောင်းကို သူ့ရဲ့ အာရှ၊ ပစိဖိတ် ခရီးစဉ်ကို လိုက်ပါ လာကြတဲ့ သတင်းထောက်တွေကို ၀န်ကြီး ကလင်တန်က လေယာဉ်ပေါ်မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
နယ်စပ်မှာ တရုတ်က နယ်မြေခိုးယူမှု လုပ်သည်ဟု အိန္ဒိယ စွပ်စွဲ
12 January 2010
တရုတ်နဲ့ အိန္ဒိယတို့ရဲ့ နယ်စပ်နယ်မြေ ပိုင်ဆိုင်မှု ဒေသက အိန္ဒိယ အရာရှိတွေက ပြီးခဲ့တဲ့ ၂၅ နှစ် အတွင်းမှာ အိန္ဒိယရဲ့ နယ်မြေ အများအပြား တရုတ်ဘက်ကို ဆုံးရှုံး ရောက်ရှိသွားနေတယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။ဂျမူးနဲ့ ကက်ရှ်မီးယားက လာဒတ် ဒေသခံ အရာရှိတွေက တရုတ် တပ်ဖွဲ့တွေဟာ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာ နေသူတွေကို အိန္ဒိယနယ်မြေထဲကို ပိုပိုပြီး တွန်းလွှတ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။အဲဒီဒေသမှာ တရုတ်တပ်ဖွဲ့တွေဟာ ဒေသခံ အရပ်သားတွေကို နှုတ်နဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှစ်မျိုးလုံးဖြစ်စေ ကျူးလွန်စော် ကားနေတယ်လို့ ဒေသခံ အရာရှိတွေက အိန္ဒိယ ဗဟိုအစိုးရ ပြည်ထဲရေး ၀န်ကြီးဌာနကို တင်ပြ တဲ့ အစီရင်ခံစာမှာ ရေးသား ဖော်ပြထားပါတယ်။
အာရှ ပစိဖိတ်ဆိုင်ရာ အမေရိကန် မူဝါဒမိန့်ခွန်း ၀န်ကြီး ကလင်တန် ပြောမည်
12 January 2010
ဟာဝိုင်ယီမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) နဲ့ ဒီနေ့ တွေ့ဆုံတဲ့အခါ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲချက်တွေကို အာရုံစိုက် ဆွေးနွေးမှာ ဖြစ်ပါတယ်။ဝန်ကြီး ကလင်တန်ရဲ့ အာရှ၊ ပစိဖိတ်နိုင်ငံ ခရီးစဉ်တွေမှာ သြစတြေးလျ၊ နယူးဇီလန်နဲ့ ပါပူဝါနယူးဂီနီ နိုင်ငံတို့ကို ပထမ သွား ရောက်မှာ ဖြစ်ပါတယ်။အာရှနဲ့ ပစိဖိတ်ဒေသမှာ အမေရိကန် ပြည်ထောင်စုရဲ့ အရေးအကြီးဆုံး မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးဟာ အနှစ် ၅၀ ပြည့်ခဲ့ပြီမို့ ခေါင်းဆောင်တွေ တွေ့ဆုံ ကြတာ အရေးကြီးတယ်လို့ ၀န်ကြီး ကလင်တန်က မနေ့က ပြောပါတယ်။
လွတ်လပ်မှု မရှိဆုံး နိုင်ငံတွေထဲမှာ မြန်မာပါနေဆဲ
12 January 2010
အာရှနိုင်ငံတွေထဲမှာ လွတ်လပ်ခွင့်တွေ သိသိသာသာ တိုးတက်လာတာ တွေ့ခဲ့ရပေမဲ့ တရား ဥပဒေ စိုးမိုးမှုနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စတဲ့ အခြေခံကျတဲ့ နယ်ပယ်တွေမှာတော့ ရုန်းကန်နေရဆဲ တွေ့ရတယ်လို့ အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့် ကြည့်တဲ့အဖွဲ့က ပြောဆိုလိုက်ပါတယ်။ တရုတ်၊ တိဘက်၊ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သိပ်ကို စိုးရိမ်ရတဲ့ အဆင့်မှာ ရှိနေတယ်လို့ Freedom House ရဲ့ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ နှစ်ပတ်လည် အစီရင်ခံစာ စစ်တမ်းမှာ ဖော်ပြလိုက်တာပါ။မြန်မာနိုင်ငံမှာ ဒီမို ကရေစီ ပြန်လည်ထွန်းကားလာအောင် နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ ကြိုးပမ်းမှုတွေဟာလည်း မအောင်မြင်ခဲ့တာကြောင့် လွတ်လပ်မှုမရှိဆုံး နိုင်ငံတွေထဲမှာ၊ မတိုးတက်ဘဲ တန့်နေတဲ့ နိုင်ငံတွေ ထဲမှာ ရပ်တည်နေရဆဲ ဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။လွတ်လပ်မှု ကင်းမဲ့တယ်ဆိုတဲ့ ကမ္ဘာတ၀န်း ၄၇ နိုင်ငံ စာရင်းထဲမှာမှ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ ၉ နိုင်ငံနဲ့ နယ်မြေဒေသ တခု တို့ဟာ နိုင်ငံရေး အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေးတွေမှာ အနိမ့်ဆုံးအဆင့် ရှိနေတယ်လို့ Freedom House အဖွဲ့က စစ်တမ်းကောက်ယူ ပြုစုပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အပြီးသတ် လျှောက်လဲချက်ကိစ္စ ဒေါ်စုနဲ့ ရှေ့နေများ တွေ့ဆုံ
12 January 2010
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ အကျိုးဆောင်ရှေ့နေ ၂ ဦးဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေး ခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဆက်ချပြီး အရေးယူထားတဲ့ ကိစ္စဟာ ဥပဒေနဲ့ မညီညွတ်တဲ့အကြောင်း တရားရုံးကို တင်ပြလျှောက်ထားတဲ့ အမှုမှာ လာမယ့် ၁၈ ရက်နေ့ကျရင် ပြင်ဆင်မှု အပြီးသတ် လျှောက်လဲချက် တင်နိုင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။
သောကြာနေ့ နေကြတ်မှု ထောင်စုနှစ်သစ်မှာ အကြာဆုံးဖြစ်မည်
13 January 2010
အခုလာမယ့် သောကြာနေ့ ဇန်န၀ါရီလ ၁၅ ရက်နေ့ကြရင် မြန်မာပြည် အပါအ၀င် အာရှနိုင်ငံ တချို့မှာ နေကြတ်လိမ့်မယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ မနေ့က ဖော်ပြထားပါ တယ်။မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီခွဲအထိ စုစုပေါင်း ၃ နာရီခွဲလောက် ကြာမှာဖြစ်လို့ ဒါဟာ ဒီရာစုနှစ်အတွင်း အချိန်အကြာဆုံး နေကြတ်တာ ဖြစ်ပါလိမ့်မယ်။ အရင် အကြာဆုံး နေကြတ်ခဲ့ဖူးတာက ၁၁ မိနစ်နဲ့ ၈ စက္ကန့်ပဲ ရှိခဲ့ပါတယ်။ အခုလာမယ့် နေကြတ်မှုဟာ အာဖရိက အလယ်ပိုင်းကစပြီး အိန္ဒိယသမုဒ္ဒရာကို ဖြတ်လာပြီး အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ သီရိ လင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တရုတ်နိုင်ငံတွေမှာ နေကြတ်မှုဖြစ်မှာ ဖြစ်ပါတယ်။ နေကြတ်တာ ကို မြန်မာပြည်မှာ ထင်ထင်ရှားရှား မြင်တွေ့နိုင်မယ့် နေရာတွေကတော့ စစ်တွေ၊ ရွှေဘို၊ မန္တလေး မုံရွာ၊ မေမြို့နဲ့ လားရှိုးမြို့တွေ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးတို့ မြန်မာပြည်အကြောင်း ဆွေးနွေး
13 January 2010
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ သူ့ရဲ့ အာရှ ပစိဖိတ်ဒေသ ခရီးစဉ် ပထမ ခရီးတထောက်အဖြစ်နဲ့ အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း ဟိုနိုလူလူမှာ ဂျပန် နိုင်ငံခြား ရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) နဲ့ ဒေသတွင်းနဲ့ တခြားကိစ္စရပ်တွေကို ဆွေးနွေးကြတဲ့အခါမှာ မြန်မာနိုင်ငံအကြောင်းလည်း ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ မနေ့က နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် ဂေါ်ဒွန် ဒူးဂွစ်ဒ် (Gordon Duguid) က သတင်းထောက်တွေကို ပြောကြားခဲ့ပါ တယ်။ “မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် စစ်အစိုးရက သူ့ရဲ့ နည်းဗျူ ဟာ ကို ပြောင်းလဲပြီး အတိုက်အခံတွေကို လက်ခံ စကားပြောလာအောင် ကျနော်တို့အနေနဲ့ စစ် အစိုးရနဲ့ ဘယ်လို စကားပြောနိုင်မလဲ၊ ဘယ်လိုထိတွေ့ ဆက်ဆံနိုင်မလဲဆိုတဲ့ ကိစ္စတွေကို ကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ အသေးစိတ်အနေနဲ့ ပြောရမယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့အနေနဲ့ ဘယ်လို ထောက်ပံ့ပေးသွားနိုင်လဲ ဆိုတဲ့ကိစ္စကို ဆွေးနွေးမှာပါ။”
ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း နအဖ ၏ ကမ်းလှမ်းမှုကို ဝတပ်ဖွဲ့ပယ်ချ
13 January 2010
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ပေါက်ယူချန်း အား တွေ့ဆုံ ဆွေးနွေးလိုကြောင်း စစ်ဘက်ရေးရာလုံခြုံရေးဌာန (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ် ကြီး ရဲမြင့်၏ မကြာသေးမီရက်ပိုင်းက ကမ်းလှမ်းလာမှုကို ဝတပ်ဖွဲ့က ပယ်ချထားသည်။ ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ သို့မဟုတ် တန့်ယန်းမြို့သို့ ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်း လာရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စရပ်များအား ဆွေးနွေးရန် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ကမ်းလှမ်းထားသည်ကို မဖြစ်နိုင်သည့်အကြောင်း ပြန်လည်ပြောဆိုထားသည်ဟု အမည်မဖော် လိုသည့် ဝအရာရှိတဦးက ပြောသည်။
ညီညီအောင် လွတ်မြောက်ရေး ဆောင်ရွက်ရန် အမေရိကန်အမတ် တိုက်တွန်း
14 January 2010
မြန်မာနိုင်ငံမှာ ၂၀၀၉ ခုနှစ် စက်တင်ဘာလကတည်းက ဖမ်းဆီးခံရပြီး နိုင်ငံခြားငွေ ကိုင်ဆောင် မှု၊ စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ မှတ်ပုံတင် ဥပဒေတွေနဲ့ တရားစွဲဆို ခံနေရတဲ့ အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင် ပြန်လွတ်လာရေးအတွက် အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) အနေနဲ့ ဖြစ်နိုင်သမျှ သံတမန်ရေး နည်းတွေ သုံးပြီး ဆောင်ရွက်ဖို့ အမေရိကန် ပြည်ထောင်စု ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် ဂျိုးပစ်တ်စ် (Joe Pitts) က တိုက်တွန်းလိုက်ပါတယ်။
NLD ဗဟိုကော်မတီ တိုးချဲ့စာရင်း ထုတ်ပြန်
14 January 2010
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို လက်ရှိ ရှိနေတဲ့ အဖွဲ့ ၀င် ၉ ယောက်အပြင် လက်ရှိ အဖွဲ့ဝင်တွေထက် အသက်ငယ်သူ နောက်ထပ် ၉ ယောက်နဲ့ တိုးချဲ့ဖွဲ့စည်းလိုက်တာပါ။ အားလုံး နဂိုက ၉ ယောက်ရှိတယ်။ အခု ၉ ယောက် ထပ်တိုးချဲ့လိုက် တော့ ၁၈ ယောက် ဖြစ်သွားတယ်။ အသစ် တိုးချဲ့ဖွဲ့လိုက်တဲ့ အဖွဲ့ဝင်တွေကတော့ ဒေါက်တာ သန်းငြိမ်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဝင်းနိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးသိန်းညွန့်၊ ဒေါက်တာမေ၀င်းမြင့် တို့ဖြစ်ပါတယ်။ ပါတီ အထွေထွေ အတွင်းရေး မှူး ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့တုန်းက အသက်အရွယ် ကြီးရင့်နေ ကြပြီ ဖြစ်တဲ့ ပါတီခေါင်းဆောင် ၃ ယောက် ဖြစ်ကြတဲ့ ဦးအောင်ရွှေ၊ ဦးလွင်နဲ့ ဦးလွန်းတင်တို့ကို စစ်အစိုးရက သွားရောက် ဂါရ၀ပြုခွင့် ပေးခဲ့တဲ့ အချိန်တုန်းက အခုလို ပါတီကို တိုးချဲ့ဖွဲ့စည်းဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တောင်းဆိုခဲ့တာကို သူတို့အနေနဲ့ သဘောတူတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး မကြာခင်မှာဘဲ ဦးလွင်က ပြောခဲ့ပါတယ်။
လွတ်လပ်မျှတမယ့် ရွေးကောက်ပွဲ ဖြစ်မယ်လို့ စစ်အစိုးရ ကတိပေး
14 January 2010
မြန်မာစစ်အစိုးရက ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ့် ရွေး ကောက်ပွဲပါလို့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ကတိပေးလိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးမှာ မနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။ ဘယ်နေ့ကျင်းပမယ် ဆိုတာကို မသတ်မှတ်ရသေးပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လုပ် စရာရှိတာတွေ အကုန်လုံး လုပ်နေပါတယ်လို့ ဆိုပါတယ်။
ကချင်အထူးဒေသ (၁) အထူးအစည်းအဝေးပွဲ ကျင်းပ
14 January 2010
ဦးဆခုံတိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ (၁) ၏ အထူး အစည်းအဝေးပွဲတရပ်ကို ဇန် နဝါရီ (၁၃) ရက်နေ့မှစပြီး မြစ်ကြီးနားမြို့တွင် ကျင်းပနေကြောင်း တက်ရောက်နေသည့် ကိုယ် စားလှယ်များက ပြောသည်။ အစည်းအဝေး တက်ရောက်နေသည့် ကိုယ်စားလှယ်တဦးက “ဒီအစည်းအဝေးမှာ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်း၊ ဒု-ဥက္ကဋ္ဌ ဦးဝေါ့လော်ဟောင်းခေါင်နဲ့ ငြိမ်းချမ်း ရေးကောင်စီဝင်တွေ၊ အထူးဒေသထဲမှာ တာဝန်ယူနေကြတဲ့ ဒုတိယအဆင့် ခေါင်းဆောင်တွေ၊ မြို့ပေါ်က စီးပွားရေး ဆိုင်ရာဌာနနဲ့ ကုမ္ပဏီအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိ တွေ စုစုပေါင်း (၆ဝ) လောက်တက်ကြတယ်။ အန်ဒီအေ (ကချင်) တပ်ဖွဲ့ကို နယ်ခြားစောင့် တပ် ဖွဲ့စည်းပြီး နောက်ပိုင်း အထူးဒေသ (၁) အနေနဲ့ ရှေ့ဆက် ဘာလုပ်မလဲဆိုတာကို ဆွေးနွေးကြတဲ့ အရေးကြီးတဲ့ အစည်းအဝေး ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာ့အရေးမှာ ထိတွေ့ဆက်ဆံရေးမူသည် အကောင်းဆုံးဟု အဘီဆစ်ပြော
15 January 2010
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပြောင်းလဲ ကျင့်သုံးခဲ့တဲ့ နည်းလမ်းဟာ တိုးတက်မှုတွေ ပေါ်ပေါက်လာအောင် တွန်းအားပေးနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ထိုင်း ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က ပြောဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးတာဟာ အကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်တဲ့ အကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝက ပြောပါတယ်။ “မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ ချဉ်းကပ်မှုတွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း သိသိသာသာ ပြောင်း လဲလာခဲ့ပြီး ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးဖို့ ပြောင်းလဲ စဉ်းစားလာခဲ့တဲ့အကြောင်း၊ အရေး ယူပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ အလုပ်မဖြစ်တဲ့အတွက် သူ့အနေနဲ့တော့ ထိတွေ့ ဆက်ဆံရေး မူ ကသာ တိုးတက်မှုတွေ ရှိမယ်လို့ ယုံကြည်ကြောင်း။” ထိုင်းဝန်ကြီးချုပ်က ဇန်န၀ါရီလ ၁၄ ရက်နေ့ မှာ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းစာဆရာများ အသင်းက ကျင်းပတဲ့ ညစာစားပွဲမှာ ပြောဆို သွားပါတယ်။
Ref: လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
0 comments:
Post a Comment