MoeMaKa to pay respect to 4 senior artists living overseas

>> Thursday, January 21, 2010


ကဗျာဆရာကြီး (ဦး) တင်မိုး ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်
မိုးမခစာနယ်ဇင်းအဖွဲ့က ပြည်ပရောက်သက်ကြီးစာပေအနုပညာရှင်များ ဖြစ်ကြသော
ဒေါ်မာမာအေး၊ ဦးဝင်းဖေ၊ မောင်စွမ်းရည် နှင့် မောင်သာရ တို့ကို
သက်ကြီးကန်တော့ပွဲဖြင့် ဂါရ၀ပြုမည်



မိုးမခစာနယ်ဇင်းအဖွဲ့က ပရိသတ်များ၊ မိတ်ဆွေများသို့ အသိပေး၊ အကြောင်းကြားလိုသည်မှာ ၂၀၁၀ နှစ်ဆန်း၊ ဇန်န၀ါရီလ၏ စတုတ္ထပတ်၊ မိုးမခ၏ အကြံပေးနာယကတဦးဖြစ်သူ ကဗျာဆရာကြီး (ဦး) တင်မိုး ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်လည်းဖြစ်၊ မိုးမခ၏ လက်ရှိသက်ရှိထင်ရှား အကြံပေးနာယကများ၊ ပြည်ပရောက် စာပေပညာရှင်ကြီးများလည်းဖြစ်သော ဂီတပညာရှင် ဒေါ်မာမာအေး၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ဒါရိုက်တာ ဦးဝင်းဖေ၊ ကဗျာဆရာ၊ ဝေဖန်ရေးဆရာ မောင်စွမ်းရည်နှင့် ၀တ္ထုရေးဆရာ၊ စာရေးဆရာ မောင်သာရတို့ကို ပြည်ပရောက်သက်ကြီးစာပေပညာရှင်များအဖြစ် ဂါရ၀ပြုကန်တော့ကြမည် ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

မိုးမခစာနယ်ဇင်းအဖွဲ့အနေဖြင့် နှစ်စဉ် တတ်နိုင်သမျှ ရန်ပုံငွေစုဆောင်းပြီး ဆရာကြီး၊ ဆရာမကြီးများကို ဂါရ၀ပြုကန်တော့ခဲ့ကြသော်လည်း ယခုကဲ့သို့ ပရိသတ်နှင့် မိတ်ဆွေများကို အသိပေးထုတ်ပြန်ပြီး အစီအစဉ်ကိုဆောင်ရွက်ခြင်းသည် ယခု ၂၀၁၀ တွင် ပထမဦးဆုံးအကြိမ် ဖြစ်ပါသည်။

သက်ကြီးစာပေ အနုပညာရှင်များကို တဦးလျင် ၀တ္ထုငွေသား အမေရိကန်ဒေါ်လာ ၅၀၀ စီ သတ်မှတ်ပြီး ကန်တော့ကြမည် ဖြစ်ပြီး၊ ယခုဂါရ၀ပြုကန်တော့ခြင်းအထိမ်းအမှတ် အမှတ်တရလက်ဆောင်ကိုလည်း ပေးအပ်မည် ဖြစ်ပါသည်။
ဂါရ၀ပြုကန်တော့ပွဲကို အခမ်းအနားအဖြစ် သီးသန့်ကျင်းပနိုင်မည် မဟုတ်သော်လည်း ၎င်းတို့ ရောက်ရှိနေထိုင်သည့် နေရာဒေသများမှ မိုးမခ၏မိတ်ဆွေများ၊ ၀ိုင်းတော်သားများက ဆရာကြီး၊ ဆရာမကြီးများကို မိုးမခစာနယ်ဇင်းအဖွဲ့ကိုယ်စား ဂါရ၀ပြုပေးကြရန် သည်အကြောင်းကြားစာဖြင့် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

ပြည်တွင်း ပြည်ပရှိ စာပေ၊ စာနယ်ဇင်းနှင့် အနုပညာရှင်တို့က ၎င်းတို့၏ သက်ကြီးဝါကြီး ပုဂ္ဂိုလ်များကို တတ်အားသမျှ ပူဇော်ကန်တော့ဂါရပြု ဂုဏ်ပြုလေ့ရှိကြသည့် မြန်မာရိုးရာထုံးတမ်းအစဉ်အလာကို ထိန်းသိမ်းလိုက်နာသည့် အနေဖြင့်၎င်း၊ ယခုဖော်ပြထားသည့် သက်ကြီးစာပေ၊ အနုပညာရှင်ကြီးများသည် ၎င်းတို့ပြည်ပသို့ ရောက်ရှိလာသည့် အချိန်ကတည်းကစပြီး ကလောင်မချ၊ မာန်မလျော့ဘဲ အနုပညာနှင့် ကလောင်ကို ကိုင်စွဲ၍ လက်လှမ်းမီသည့် ရေဒီယို မီဒီယာများကတဆင့် ပြည်သူလူထုသို့ မျက်နှာမူပြီး စာပေနှင့် အနုပညာအရေး လွတ်လပ်စွာ ထုတ်ဖော်တင်ပြနေကြသူများအဖြစ် ရပ်တည်နေသူများဖြစ်၍၎င်း၊ ကွယ်လွန်ခဲ့ကြပြီဖြစ်သည့် စာပေပညာရှင်ကြီးများဖြစ်ကြသော သတင်းစာဆရာကြီး ကြေးမုံဦးသောင်း၊ ကဗျာဆရာကြီး (ဦး) တင်မိုးတို့ကဲ့သို့ စာဖတ်ပရိသတ်ကို လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှသည့် လူဘောင်လောကသို့ ဦးတည်သည့် အလင်းရောင်ဆောင်ကျဉ်းပေးရန် အားထုတ်ကြိုးပမ်းနေသူများအဖြစ်၎င်း မိမိတို့အနေဖြင့် ဂါရ၀ပြု ဂုဏ်ယူသည့်အနေဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

မိုးမခမိတ်ဆွေများနှင့် ပရိသတ်တို့၏ ၀ိုင်းဝန်းကူညီ အကြံပေး အားပေးမှုများကိုလည်း ကြိုဆိုပါသည်။ ဆရာကြီး၊ ဆရာမကြီးများကိုလည်း မိုးမခစာနယ်ဇင်းအဖွဲ့က ဂါရ၀ပြုရန် ခွင့်ပေးပါရန် သည်နေရာကပဲ အကြောင်းကြား တောင်းပန်လိုက်ပါသည်။

လေးစားချစ်ခင်စွာဖြင့်
မိုးမခ စာနယ်ဇင်းဝိုင်းတော်သားများ
ဆက်သွယ်ရန် - moemaka.org@gmail.com

မာမာအေး ကိုယ်ရေးအကျဉ်း

ဦးဝင်းဖေ ကိုယ်ရေးအကျဉ်း

မောင်စွမ်းရည် ကိုယ်ရေးအကျဉ်း


မောင်သာရ ကိုယ်ရေးအကျဉ်း-၁


မောင်သာရ ကိုယ်ရေးအကျဉ်း-၂

Ref: မိုးမခ

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP