သခင်တင်မြ - စာမေးပွဲ ဖြေနေရဆဲလား

>> Thursday, January 28, 2010

(၁) “စာမေးပွဲ” စနစ်ကို စတင်တီထွင်ခဲ့တာ “ဖဆပလ ဆိုရှယ်လစ် ပါတီအစိုးရ” လက်ထက်ကတည်းကပဲ။ အဲဒီစနစ်ကို အစိုးရ အဆက် ဆက် ကျင့်သုံးခဲ့တာ အခုအထိပဲ။

ဟိုတုန်းက “စာမေးပွဲ” ဖြေရသူတွေက အဖမ်းခံရတဲ့ ကွန်မြူနစ်တွေ ဖြစ်လေ့ရှိတယ်။ “စာမေးပွဲ” စစ်တဲ့သူကတော့ အာဏာအပိုင်ဆုံး ပုဂ္ဂိုလ်ပဲ။ ဖဆပလ အစိုးရခေတ်မှာ ဦးကျော်ငြိမ်း (ပြည်ထဲရေးဝန် ကြီး)၊ စစ်အစိုးရခေတ်တွေမှာတော့ ဗိုလ်အောင်ကြီးတို့၊ မျက်မှန်တင် ဦး တို့၊ ဗိုလ်ခင်ညွန့်တို့ တခါတလေ ဗိုလ်နေဝင်းကိုယ်တိုင် ဖြစ်လေ့ ရှိတယ်။ အခုတော့ ဗိုလ်သန်းရွှေ ဖြစ်မှာပေါ့။ “ချမ်းအေးစစ်တမ်း” “မသုံးလုံးစစ်တမ်း” “ဘုံဘဝမှာဖြင့်” တို့ဟာ စာမေးပွဲအဖြေလွှာတွေ ပါပဲ။ အောင်မှတ်ရတဲ့ အဖြေလွှာတွေပါ။

(၂) “စာမေးပွဲစနစ်” ကို ကွန်မြူနစ်နဲ့စခဲ့တာ ဖြစ်ပေမယ့် နဝတ/နအဖ ခေတ်မှာတော့ စာမေးပွဲဖြေရတဲ့သူတွေ များလာတယ်။ ကွန်မြူ နစ်တွေချည်း မဟုတ်တော့ဘူး။ ဒီမိုကရေစီရေး လုပ်ဆောင်နေသူတွေ ပါလာတယ်။ စာမေးပွဲစစ်ပုံကလည်း အမျိုးမျိုးအဖုံဖုံ ဖြစ်လာ တယ်။ အစိုးရဧည့်ခံအိမ်မှာခေါ်ပြီးတွေ့တာ၊ လူတွေ့စစ်မေးတာအပါအဝင် ပုံစံအမျိုးမျိုး လုပ်လာနေတယ်။

အခုတော့ ဆောင်းပါးရေးခိုင်းတဲ့ပုံစံနဲ့ လုပ်လာစေတယ်။ သခင်တင်မြက Northern Star ဆိုတဲ့ဂျာနယ်မှာ ဦးကျော်ငြိမ်းနဲ့ ဗိုလ်မောင် မောင် အကြောင်း၊ အလံနီသခင်စိုး အကြောင်းရေးနေရာက အခုတလောမှာတော့ ဗကပ ခေါင်းဆောင်တွေအကြောင်းကို ရေးလာတာ တွေ့ရတယ်။ “ဗကပ” အကြောင်းလည်း ရေးဖြေလုပ်စမ်းပါဦးဆိုလို့ (အာဏာပိုင်ကခိုင်းလို့) ရေးလာတာလို့ ထင်ပါတယ်။

သခင်တင်မြမှာက လက်ရှိ ဗကပ အကြောင်း ရေးစရာရှားတယ်။ ဒီတော့ သခင်သန်းမြိုင်အကြောင်းကို ဂျပန်ခေတ်ကအကြောင်းပဲ အ ကျယ်တဝင့် ရေးနိုင်တယ်။ နောက်ပိုင်းကိစ္စတွေကျတော့ “ဗကပ” ပြိုကွဲပြီး အဖျားထင်းဖြစ်သွားတဲ့ (ရဲဘော်ဟောင်း) တွေရဲ့ “အဖြေ လွှာတွေ” ကိုပဲ ကိုးကားပြီး ရေးလိုက်ရတယ်။

မရှိတော့တဲ့ ဗကပ ခေါင်းဆောင်တွေအကြောင်းချည်း ရေးမနေနဲ့ အခုသက်ရှိထင်ရှားရှိနေသူတွေ အကြောင်းလည်းရေးဦးလို့ စာစစ် သူက ပြောပုံရတယ်။ Northern Star (ဇန်နဝါရီ ၂၁, ၂၀၁၀) မှာ “ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနှင့်ပတ်သက်၍ (၁)” ဆိုပြီးရေးလာ တယ်။ (၁) လို့ နံပါတ်စဉ်ထိုးထားတော့ ဆက်ပြီးရေးဦးမယ့် သဘောပဲ။

(၃) ဗိုလ်ကျော်ဇော အသက် “၉၀” ပြည့်တဲ့အချိန်မှာ “မွေးနေ့သဝဏ်လွှာ” မရေးဘဲ ဆဲစာရေးတာမှာ သခင်တင်မြက ဒုတိယလူပါ။ ပထမ စပြီး ရေးသူက ကိုကျော်ငြိမ်းရဲ့သား ဘိုဘိုကျော်ငြိမ်းပဲ။ သူရေးတာ စာမျက်နှာ (၉) မျက်နှာတောင် ရှိတယ်။ အရှည်ကြီးပဲ။ သူ့ အဖေ အတွက် လက်စားချေချင်တဲ့ အရေးအသားတွေပဲ။ အဲဒီစာကို သခင်တင်မြလည်း ဖတ်ထားရဟန်ရှိတယ်။

အဲဒီစာတမ်း ဗကပ ရလာတော့ ဗိုလ်ကျော်ဇောနဲ့ သူ့မိသားစုကို “ဘယ်လိုသဘောရလဲ” လို့ မေးကြည့်ခဲ့တယ်။ "ကိုယ်တိုင်ရေးအတ္ထုပ္ပ တ္တိ" မှာ ရေးပြီးပါပြီ။ အဲဒီစာအုပ်ထဲကအတိုင်းပဲ ရပ်ခံပါတယ်။ တုံ့ပြန်စရာ မလိုပါဘူးလို့ ပြောခဲ့တယ်။ ဒီလို သဘောထားတာ မှန်ပါ တယ်။ ကောင်းပါတယ်။

ဗကပ ကတော့ ပါတီကိစ္စဖြစ်လို့ အချိန်ကျရင် တုံ့ပြန်ရမှာပါ။ အခုတော့ သခင်တင်မြကပါ ဗိုလ်ကျော်ဇောကို အကြောင်းပြုပြီး ဗကပ ကို ထိုးနှက်လာလို့ သခင်တင်မြကို တုံ့ပြန်ပါတယ်။

(၄) “ဗကပ” ရဲ့ သဘောထားရှင်းအောင် ပြောထားပါမယ်။ ဗကပ က အတိတ်မှာ နစ်မနေချင်ပါဘူး။ အတိတ်မှာ နစ်နေရင် ပစ္စုပ္ပန်နဲ့ အနာဂတ်ကို မျက်ခြည်ပြတ်သွားနိုင်လို့ပါ။

နအဖ က NLD ကို အကျပ်ကိုင်ချင်နေတာပဲ။ အခုပွဲက သူတို့ (၂) ဦးရဲ့ ပွဲပါ။ အခုတလောမှာတော့ “စစ်ရပ်အဖွဲ့တွေ” ကိစ္စပါ ပါလာ တယ်။ “စစ်ရပ်အဖွဲ့တွေ” က ဗကပ ရဲ့ ရဲဘော်ဟောင်းမိတ်ဆွေဟောင်းတွေပဲ။ NLD ကို မီးသေအောင် မကိုင်နိုင်လို့ “လက်နက်ကိုင် တိုက်ပွဲ” မဖြစ်နိုင်ပေမယ့် “စစ်ရပ်အဖွဲ့တွေ”ကို အကိုင်မတတ်ရင်တော့ “လက်နက်ကိုင်တိုက်ပွဲ” ဖြစ်လာလိမ့်မယ်။ ဗကပ က စစ် အာဏာ ရှင်စနစ်ဖျက်သိမ်းပြီး ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာ ကူးပြောင်းရေးကို (ဖြစ်နိုင်ရင်) လိုလားပေမယ့် လက်နက်ကိုင်တိုက်ပွဲနဲ့ ကူး ပြောင်းမှ ရမှာဆိုရင်လည်း ဝန်မလေးပါဘူး။ “လက်နက်ကိုင်တိုက်ပွဲရွေးလမ်း” ကို ဒါကြောင့် အရန်ရွေးလမ်းအဖြစ် သဘောထားနေ တာပဲ။

(၅) ဘိုဘိုကျော်ငြိမ်းက သူ့အဖေရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ချင်တာအပြင် သူ့အဖေရဲ့အိမ် (ကချင်ခေါင်းဆောင်တဦးပြောတဲ့ “ဦး ကျော်ငြိမ်းနန်းတော်”) ကို သူက ဒေါ်လာတွေပုံပေးပြီး ကိုယ်ပိုင်လုပ်ချင်တယ်။ ပြတိုက်လုပ်ချင်တယ်လို့ သိရပါတယ်။ သခင်တင်မြလို စာမေးပွဲဖြေရတာလို့ မထင်ပါဘူး။

ဒါပေမဲ့ ဗိုလ်ကျော်ဇောကို အကြောင်းပြုပြီး ဗကပ ကို ထိုးနှက်တာနဲ့ ဗိုလ်ကျော်ဇောကို သုံးသပ်ပြကြရာမှာတော့ တူညီနေကြတယ်။

ဘိုဘိုကျော်ငြိမ်းက ဗိုလ်ကျော်ဇောကို “ဗကပ” ဗဟိုက အသုံးချခံလိုက်ရတာပဲလို့ မြင်တယ်။ သခင်တင်မြက “ဗကပ ကို ကိုးကွယ်နေ သူ” လို့ မြင်တယ်။

သခင်တင်မြက နိုင်ငံရေးပါးဝတယ်။ ဒါကြောင့် အရေးအသားမှာ အနှောင့်အသွားလွတ်အောင် သတိထားတယ်။ ဘိုဘိုကျော်ငြိမ်း က တော့ အဖေတူသားလည်းဖြစ်ပြန် အာဃာတလည်းရှိပြန်တော့ အရေးအသားက ရမ်းတယ်၊ ကြမ်းတယ်။ ထင်ရာစွတ်တင်တယ်။

(၆) သခင်တင်မြက သခင်ဇင်၊ သခင်ချစ်တို့ ကျဆုံးတာနဲ့ပတ်သက်ပြီး ပြောတာနဲ့ အခု ဗိုလ်ကျော်ဇောနဲ့ပတ်သက်ပြီး ရေးတာမှာ ပါတီ ထက် "တိုင်းပြည်နဲ့လူမျိုးကို ပိုချစ်ရမယ်" ဆိုတာ တွေ့ရတယ်။

"တိုင်းပြည်နဲ့လူမျိုး" ဆိုတဲ့အသုံးအနှုန်းဟာ သိပ်ယေဘုယျကျတယ်။ ဘယ်ပုံဘယ်နည်း ချစ်ရမှာလဲ။ ဟစ်တလာ တိုကျို ချစ်နည်း လား။ ဖဆပလ ချစ်နည်းလား။ ဗိုလ်နေဝင်း ချစ်နည်းလား။ နဝတ/နအဖ ချစ်နည်းလား။ ဗမာ၊ ရှမ်း၊ ကရင်၊ ကချင်၊ မွန်စတဲ့ ဘယ်လူ မျိုးကို ဘယ်လို ချစ်ရမှာလဲ။ ရှင်းရှင်းလုပ်ပါ သခင်တင်မြ။

(၇)သခင်တင်မြ အတိတ်အကြောင်းရေးနေတုန်းက ဗကပ က သင့်သလောက်ပဲတုံ့ပြန်ပြီး “၂၀၀၈ အခြေခံဥပဒေ”အကြောင်းနဲ့ “၂၀၁၀ ရွေးကောက်ပွဲ” အကြောင်းကို မောင်စူးစမ်းလို ရေးလာမလားဆိုတာပဲ စောင့်ကြည့်တယ်။ ရေးတာမတွေ့ရသေးဘူး။ ရေးလာ ရင်တော့ မုချပဲ ချက်ချင်းတုံ့ပြန်မှာပါ။

(၈) မောင်စူးစမ်းက စောစောလက်နက်ချသူဆိုတော့ “ဖဆပလဒီမိုကရေစီ” ကို မီလိုက်တယ်။ ဒါကြောင့် ဆရာလုပ်ချင်တဲ့ ဉာဉ်က လေးပါတယ်။ သခင်တင်မြနဲ့ မတူဘူး။

အခုတလောတော့ နအဖ ကို “ဘုန်းကြီးရှေ့ကသွား” လို့ ဆရာဝင်လုပ်မိလို့ ပြဿနာတက်နေတာ တွေ့ တယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးရင် “လမ်းပြမြေပုံ မလိုတော့ဘူး” လို့ ဝင်ပြီးဆရာလုပ်မိတော့ နအဖ စိတ်တိုသွားတယ်။ တိုမှာပေါ့။ “၂၀၀၈ အခြေခံဥပဒေ” ဆိုတာ က အနာဂတ်အတွက် လမ်းပြမြေပုံပဲ။ ဖျက်သူမပေါ်မချင်း ရေရှည်တည်မြဲမယ့် “လမ်းပြမြေပုံ” ပဲ။ အဲဒါကို သွားပြီးကလိသလိုလုပ် တော့ စိတ်တိုမှာပဲ။

သခင်တင်မြက ရွေးကောက်ပွဲအကြောင်းရေးတာ မတွေ့သေးဘူး။ ပစ္စုပ္ပန်နိုင်ငံရေးကို မရေးသမျှ ဗကပ က ဘာမှတုံ့ပြန်မှာ မဟုတ်ပါ ဘူး။ အခုလည်း ဗိုလ်ကျော်ဇောအကြောင်းရေးရင်း “တိုင်းပြည်နဲ့လူမျိုးချစ်ရေး” ဗကပ ကို မကိုးကွယ်ရေးကို တို့လာထိလာလို့ပဲ ရေးပါ တယ်။

(၉) သခင်စိုး ဂိုဏ်းခွဲသွားစက ကိုသိန်းဖေက “သခင်စိုးသည် မိန်းမကိုချစ်သူ၊ သိန်းဖေက ပါတီကိုချစ်သူ” ဆိုတဲ့ “အချစ်ပြိုင်တဲ့ “ပါတီ တွင်းစာတစောင် ထုတ်ဖူးတယ်။ ကိုသိန်းဖေ အိန္ဒိယက ပြန်လာတော့ ပါတီဝင်တွေအတွက် လုံချည်တွေ ပါလာတယ်။ သခင်စိုးပြန် လာတော့ မိန်းမဖို့ အဝတ်အစားတွေ၊ နှုတ်ခမ်းနီဆိုးဆေးတွေ ပါလာတာကို ရေးတာပါ။ နောက်ဆုံး ဇာတ်ပေါင်းတော့လည်း “စိုး” ရော “သိန်း” ပါ မဆလ ကို ချစ်သူတွေချည်း ဖြစ်သွားပါတယ်။ တိုင်းပြည်နဲ့ပြည်သူကို ဘယ်လိုချစ်ကြမှာလဲ။ ဗကပ က ပြိုင်ချင်ပါတယ်။

Ref: ဗမာပြည်ကွန်မြူနစ်ပါတီ

1 comments:

လိုင် January 29, 2010 at 12:06 AM  

စုဆောင်းမှတ်တမ်းသိမ်းချင်နေတာနဲ့အတော်ပါပဲ
ကျေးဇူးတင်ပါတယ်ကိုပါလ
စိတ်ဝင်စားစရာတွေပါ။

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP