အရိပ်မျှပင် မမြင်ရသေးသော ပြောင်းလဲမှုကို ရင်ခုန်နေသူများသို့

>> Sunday, January 17, 2010

စာဖတ်ပရိတ်သတ်များခင်ဗျား

ပင်တိုင်ဆောင်းပါးရှင် တပ်မတော် (လေ) မှ အရာရှိ ဝေဟင်က စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုဒ်သို့ ဆောင်းပါးတစ်ပုဒ် ရေးသားပေးပို့လာပါတယ်။ ဒီဆောင်းပါးမှာ အခြေခံဥပဒေ အတည်ပြုရန် ဆန္ဒမဲပေးခဲ့ရတဲ့အတွေ့အကြုံ သင်ခန်းစာ များကို ဖော်ထုတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ မစတင်မီ ပြည်သူလူထုနှင့် တပ်မတော် သားများ ချင့်ချိန်သုံးသပ် နိုင်ကြစေဖို့ တင်ပြထားပါတယ်။ ရွေးကောက်ပွဲအပြီး နောက်တက်လာမဲ့ အရပ်သား အစိုးရလက်ထက်မှာ တပ်မတော် သားများ အနေနဲ့ အနာဂတ် လုပ်ဆောင်ရမယ့် အရာတွေကို စစ်အာဏာရှင်တွေက ပီပီပြင်ပြင် ပြောဆိုခြင်း မရှိသေးပုံ တွေကိုလည်း တင်ပြထားပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ကျွန်တော် ကိုဖိုးတရုတ်က ပင်တိုင်ဆောင်းပါးရှင် ဝေဟင် အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

ပြည်တွင်း အင်တာနက်သုံးစွဲသူ ညီနောင်များစွာတို့သည် ဘန်းကျော်အရပ်ပီသစွာ အတားအဆီးမျိုးစုံနှင့် ရင်ဆိုင်နေကြရ ပါသည်။ စောင့်ကြည့်မှု များစွာကို ကျော်ဖြတ်ကာ အားပေးကြရသော တပ်တွင်းမှ ညီနောင်များအတွက် လုံခြုံရေးကို အထူး ဂရုပြုကြစေ လိုပါသည်။ ပြည်သူများထံ တပ်တွင်းဖြစ်စဉ်များအား အလုံခြုံဆုံး နည်းလမ်းမှ ပေးပို့ တင်ဆက်နေသော ကျွန်တော်ပင်လျှင် နောက်ကျော မလုံပါ။ သို့သော်လည်း အမိ မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးအတွက် သဲတစ်ပွင့်မျှ တာဝန်ကျေလျှင် ဟူသော ဆန္ဒဖြင့် နည်းလမ်းရှာ တင်ပြအပ်ပါသည်။


ကြံ့ဖွတ်များရဲ့အရိပ်အောက်မှာ ဇောချွေးပြန်နေတဲ့မဲရုံမှူးရဲ့ဘဝ

လောကနိယာမ တရားအရ ပြောင်းလဲမှုကို လူတိုင်း စမ်းသပ်တွေ့ထိ လိုကြစမြဲ ဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံလို အဘက် ဘက်က ဖိနှိပ်မှုနှင့် နိမ့်ကျနေရသော ပြည်သူတို့အဖို့မူ ပြောင်းလဲမှုကို ပိုမို ရင်ခုန်နေကြသည်မှာ လောကသစ္စာ မှန်သော မျှော်လင့်ခြင်းပင် ဖြစ်ပေသည်။ ပြည်သူတို့နှင့် ထပ်တူခံစားနေရသော တပ်တွင်းမှ အရာရှိ/ စစ်သည်များ မိသားစုဝင်များ သည်လည်း ဤပြောင်းလဲခြင်း ဆိုသည်ကို မျှော်လင့်နေကြပါသည်။

စစ်အစိုးရ လက်ထက်ရောက်မှ စစ်ဝတ်က မပြည့်မစုံ၊ ရိက္ခာမှာတောင် တပ်၏ ပြယုဂ် ဖြစ်သော “ကုလားပဲ” ကိုတောင် မပေးနိုင်၊ လစာနဲ့ ကုန်ဈေးနှုန်းက အပြေးပြိုင် အမှီ မလိုက်နိုင်၊ တပ်သက်သာချောင်ချိရေး ဆိုပြီး စီမံချက်ပေါ်က စိုက်/မွေး ပြန်တမ်းတွေအတွက် ခွဲတမ်းချ စိုက်ကြ မွေးကြရ ဒုက္ခအ၀၀၊ ပလူပျံနေတဲ့ သင်တန်းမျိုးစုံကို စစ်သည်ရော မိသားစုဝင် တွေပါ တက်နေကြရတော့ မလောက်မငှနဲ့ လစာကကုန်… ဒီ အဖြစ်တွေကနေ လွတ်အောင်တော့ တခုခု အပြောင်းအလဲ ဖြစ်ရင်တော့ ကောင်းရဲ့လို့ မျှော်လင့်နေကြ ရတာတော့ အမှန်ပါ။

တပ်ထဲမှာ ဒီလိုဖြစ်နေတာကို တပ်ချုပ်ကြီးခမျာ နိုင်ငံရေးတာဝန်တွေပါ ဆောင်ရွက်နေရလို့ မသိရှာတာနေမှာ၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်မှာပါ။ နောက်တက်မယ့် အရပ်သားအစိုးရကို အာဏာလွှဲပေးပြီးရင်တော့ တပ်ကိစ္စ တွေ ပိုဆောင်ရွက်နိုင်မယ်လို့ တွေးထင်ကြလို့တော့ မဟုတ်ပါဘူး။ အပြောင်းအလဲလေး ဖြစ်ရင်တော့ ဒီအဘိုးကြီးတွေအစား နောက်လာမယ့် သူတွေကတော့ ကောင်းအောင် လုပ်တန်ကောင်းရဲ့လို့ မျှော်လင့်မိကြတာပါ။ ဘာလို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဟန်ပြပဲ ဖြစ်မယ်ဆိုတာ တပ်ထဲကလူတိုင်း နားလည်နေကြလို့ပါ။ သက်သေရှိလို့လားလို့ မေးရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ ဖြစ်စဉ်နဲ့ ရှင်းပြပါဦးမည်။

မီဒီယာတွေမှာ ပြောပြောနေတဲ့ ပြည်သူ ၉၂.၄၈% ရဲ့ ထောက်ခံမဲနဲ့ အတည်ပြုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို “အတည်” လို့ မဖြစ်မနေ သတ်မှတ်မှာကို သိနေကြတာကိုး။ ဆန္ဒခံယူပွဲအတွက် မဲရုံသတ်မှတ်ရာမှာ တပ်တွေကို သီးခြားမဲရုံ သတ်မှတ်ပြီး မဲရုံမှူးအဖြစ် အရာရှိတွေကို တာဝန်ပေးခဲ့ပါသည်။ တိုင်းမှူးတွေက တပ်မဲရုံများမှ ထောက်ခံမဲ ၁၀၀% လိုချင်ကြောင်းနဲ့ ရရှိစာရင်းကို ဆန္ဒခံယူပွဲနေ့ ၁၀း၀၀ နာရီမှာ တင်ပြပါဆိုတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပါသည်။

ဆန္ဒမဲလက်မှတ် အစစ်မှာ ထောက်ခံကြောင်း အမှတ်အသားများဖြင့် စာရင်းအတိုင်း ရေတွက်ပါသည်။ ဓါတ်ပုံ ဗွီဒီယို ရိုက်ရုံမျှလုပ်တဲ့ မဲရုံက မဲပေးပွဲမှာတော့ မိတ္တူကူးထားတဲ့ မဲလက်မှတ်များဖြင့် ဟန်ပြ ဆန္ဒခံယူပွဲ လုပ်စေပါသည်။ ဗထူး၊ သံတောင်တို့လို တိုက်ခိုက် ရေးကျောင်းတွေ၊ တခြား သင်တန်းတက်နေသူများ အတွက် ဆိုရင် မိခင်တပ်မှာလည်း ကြိုတင်ဆန္ဒမဲပေး၊ အဲဒီ သင်တန်းတွေမှာလည်း ထောက်ခံမဲစာရင်းမှာပါ ဆိုတော့ ၂ဆတိုး ထောက်ခံမဲ ဖြစ်ရပါသည်။ ပြည်သူလူထုမဲကို စိတ်မချရတော့ အိမ်ထဲကကြက်ကို လည်ပင်းညှစ်တော့တာပါဘဲ။

စစ်တက္ကသိုလ်တွေမှာတောင် ဗိုလ်လောင်းနဲ့ အရာရှိမိသားစု အင်အားဟာ မနည်းပါ။ တပ်တွေရဲ့ ဒီလို အပိုင်ထောက်ခံမဲ၊ ၂ ထပ်ကွမ်း ထောက်ခံမဲတွေနဲ့တင် သူတို့ရဲ့ရည်မှန်းချက် တ၀က် ရခဲ့တာပါ။ ကျန်တာတွေကတော့ ဘယ်လိုပေးရမှန်း မသိသူတွေကို အမှန်သာခြစ်လိုက် ဆိုတာတို့၊ ဘာမှမသိလိုက်ရပဲ မဲပေးပြီးသား ဖြစ်နေတာတို့၊ အမှားခြစ်ရင် သိအောင်လုပ်ထားတာတို့၊ ကြိုတင်ပြီး ထောက်ခံမဲ ယူထားတာတို့ စတဲ့ နည်းလမ်းများစွာနဲ့ လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ကဲ… ဒီတော့ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပေးပြီးရင် တကယ် ပြည်သူများ မျှော်လင့်သလို ဖြစ်နိုင်ပါ့မလား။ ကျွန်တော်တော့ မထင်ပါ၊ အထက်ပါ ကလိမ်ကျမှုတွေ အပြင် တပ်ထဲက လမ်းညွှန်မှာကြားမှုတွေမှာလည်း ၂၀၁၀ ပြီးရင် အရပ်သား အစိုးရလက်ထက်မှာ ဘယ်လိုနေထိုင် ဆောင်ရွက်ကြမည်၊ အနာဂတ်အတွက် ဘယ်လိုပြင်ဆင်ကြမည် ဆိုသော အချက်များအား လုံးဝ မပြောခြင်းက ပိုမို သိသာစေပါသည်။ ဘာပြောစရာ လိုလဲ၊ ဗိုလ်သန်းရွှေက ဦးသန်းရွှေကို လွှဲတာဘဲဟု အားလုံးနားလည်ပါသည်။

၁၉၉၀ ရွေးကောက်ပွဲဟာ ဘာအတွက်လဲ…. အမျိုးသားညီလာခံကရော ဘာလို့ ရပ်လိုက် လုပ်လိုက်နဲ့ ပြီးသွားရတာလဲ၊ ၂၀၁၀ ရွေးကောက်ပွဲပြီးရင်ကော ဘာတွေ ဖြစ်လာမှာလဲ၊ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေကရော နယ်ခြားစောင့်တပ်ကရော ဘာလုပ်မှာလဲ၊ လွှတ်တော်တက်ရမယ့် ၂၅% က ဘယ်သူတွေလဲ၊ ဘာလုပ်ရမှာလဲ၊ လက်ရှိ တပ်ထဲက ကကနကောင်စီ ညွှန်ကြားချက်မဟုတ်သော စစ်ရေးချုပ်ရုံးအမိန့် မဟုတ်သော လုပ်ထုံးလုပ်နည်းနှင့် မညီသော လက်တန်းဆောင်ရွက်မှုတွေ၊ စီမံချက်တွေ၊ “မူ” တွေကရော တရားဝင်အစိုးရ တက်လာပါက ဘာတွေဖြစ်လာမလဲ၊ လက်ရှိ အထူးစီမံကိန်းဆိုတဲ့ တိုင်းပြည်၏ ဘတ်ဂျက်တွင် မပါသော စိတ်ထင်ရာ ဆောက်နေသည့် အရာများ၊ တောထဲက နေပြည်တော်မြို့တော်၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ စတဲ့ မေးခွန်း များစွာတို့ကို တပ်ထဲကရော ပြည်သူတို့ပါ တွေးကြည့်ကြဖို့ ကောင်းပါသည်။

လက်တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်များအရမူ ပြောင်းလဲမှုသည် ဖြစ်တော့ ဖြစ်လာနိုင်ပါသည်။ သို့သော် ပြည်သူများ မျှော်လင့်သော ပြောင်းလဲမှုမျိုးတော့ ဟုတ်မည် မထင်ပါ။ “အရွေ့ရှိမှ အလုပ်ဖြစ်သည်” ဟု နည်းပညာအရ ဆိုပါသည်။ ပြောင်းလဲရန် တာစူနေသည်ဖြစ်၍ မြဲမြံမှု လျော့နေချိန် ဖြစ်ပါသည်။ လိုရာဘက်သို့သာ တွန်းအားပြုပါက ဦးတည်ရာကို ပြင်ဆင် နိုင်သေးသည်ဟု ကျွန်တော် ထင်ပါသည်။ ၀ိုင်းဝန်းကြိုးပမ်း အကြံပေးကြပါကုန်။

အချိန်မရှိတော့ပါ။ ကျွန်တော်တို့အားလုံး ဦးးတည်ရာသို့ တွန်းအားပြုကြဖို့ ခိုင်မာသော စိတ်ဓါတ်၊ မြဲမြံသော စည်းလုံးမှု၊ တိကျသော နည်းလမ်းများဖြင့် အစွမ်းကုန် ဆောင်ရွက် ကြပါစို့။

ဆောင်းပါးရှင်- ဝေဟင် (ပြည်တွင်း တပ်မတော်လေ မှ အရာရှိတစ်ဦး)

Ref: စည်းလုံးခြင်းရဲ့အင်အား

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP