ငရဲသို့တွင်းတူး၍ဆင်းကြသူများ
>> Wednesday, December 16, 2009
ယနေ့ IT ခေတ်ကာလအတွင်း မြန်မာနိုင်ငံသည် လာအို၊ ဗီယက်နမ်တို့လောက်ပင် တိုးတက်မှုမရှိသော်လည်း ပညာတတ်များကားလွန်စွာများပြားလှသည်။ IT ပညာရှင်များဒုနှင့်ဒေး၊ အစိုးရအရာရှိအရာခံများ တပုံတပင်၊ စစ်အစိုးရအုပ်ချုပ်နေသောကြောင့် ဗိုလ်ချုပ်များကား မရေမတွက်နိုင်။ ဗိုလ်၊ ဗိုလ်မှူးများကားဆိုဖွယ်ရာမရှိတော့။
အနှီ အနှီသော ပုဂ္ဂိုလ်များသည် မိမိတို့နိုင်ငံ ကမ္ဘာ့အလည်၌ မ၀င့်ထည်သည့်အကြောင်းရင်းကို မစဉ်းစား။ မြန်မာပြည်သူများ ဘာကြောင့်ထမင်းငတ်နေသည်၊ သူတပါးတိုင်းပြည်တွင် ဘာကြောင့်ကျွန်ဖြစ်နေရသည်ကို မထည့်တွက်။ လူ့အန္ဓတစု၏ အာဏာရှင်ဆန်စွာ အမိန့်ပေးခိုင်းစေမှုများကို ခေါင်းတညိတ်ညိတ်နှင့် လိုက်နာဆောင်ရွက်နေကြသည်မှာ အသိဥာဏ်ချို့တဲ့၍ပင်လော......... ဦးဏှောက်မရှိ၍ပင်လော...... ရှိသည့်ဦးဏှောက်ကိုပင် အသုံးမပြုကြသည်လော......................။
၁၉၄၈-ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှစကြည့်မည်ဆိုလျှင် ယနေ့အချိန်ထိတိုင် မြန်မာနိုင်ငံသည် ထိထိရောက်ရောက်တိုးတက်မှု ဘာတခုမှမရှိ။ ငရဲသို့တွင်းတူး၍ဆင်းနေကြသည်။ တက်လာသမျှ မည်သည့်အကြီးအကဲမဆို တိုင်းပြည်မှရသမျှအိတ်ထဲထည့်၍ လက်တဆုပ်စာမိသားစုကောင်းစားရေးအတွက် ဖက်ဆစ်စနစ်ကို ဆက်လက်အသက်သွင်းခဲ့ကြသည်။ အကြီးတိုင်းကဲခဲ့ကြသည်။ တိုင်းပြည်ဘဏ္ဍာ ငါ့ဥစ္စာလုပ်ခဲ့ကြသည်။ အာမခံတစုံတရာမရှိသော ငွေစက္ကူများကို ကလေးကစားသလို တိရစ္ဆာန်ရုပ်များနှင့် ထင်တိုင်းထုတ်ခဲ့ကြသည်။ ငွေကြေးဖောင်းပွမှုဒဏ်ကြောင့် ပြည်သူမှာအလူးအလဲ။ စုတ်ပြတ်နေသောအနာဂတ်များနှင့် နင်းပြားဘ၀မှရုံးမထွက်နိုင်ကြ။ တိုင်းပြည်မှာ ဖွတ်ဖွတ်ညက်ညက်ကြေခဲ့ရသည်။ ဤကဲ့သို့သောခေါင်းဆောင်များကို မြန်မာ့ပညာတတ်များက လက်ခံကျိုးနွံနေသည်မှာ ခေါင်းဆောင်မှု (leadership) ကိုနှစ်သက်၍ပင်လော........သို့တည်းမဟုတ် မျှော်လင့်ချက်မဲ့နေသော မြန်မာပြည်သူလူထုကို ကြည့်ကောင်း၍ပင်လော...............။
နိုင်ငံတနိုင်ငံတွင် လူတန်းစားများအမျိုးမျိုးရှိသည်။ စစ်သား၊ ကျောင်းသား၊ ရဟန်း၊ ပြည်သူ့ဝန်ထမ်း၊ ပုဂ္ဂလိက၀န်ထမ်း၊ အရက်သမား၊ ဘိန်းသမား.........စသည်များစွာ........မိမိကျင်လည်ရာ အသက်မွေးဝမ်းကျောင်းကိုလိုက်၍ လူတန်းစားကွဲပြားနိုင်သည်။ ထိုလူတန်းစားများထဲမှ ကျောင်းသားသည် ကျောင်းချိန်အတွင်း ကျောင်းမတက်ဘဲလျှောက်သွား
နေပါလျှင် ထိုကျောင်းသားအားကြည့်၍ ရပ်ကွက်က “မင်းတို့ကျောင်းသားတွေကကွာ။ ဂျလေဗီတွေပါ။ ကြည့်ပါလားဒီကောင့်ကို” စသည်ဖြင့် ၀ိုင်းပြောကြပါလိမ့်မည်။ ကျောင်းတက်မှန်သောကျောင်းသား၊ သူ့တာဝန်ကျေပွန်သော ကျောင်းသားပင် ထိုကျောင်းပြေးသောကျောင်းသားကြောင့် အနည်းအများထိခိုက်နိုင်ပါသည်။ အလားတူ အရက်သမားတဦး ရပ်ကွက်အတွင်းမူးရူး၍ ဆဲရေးတိုင်းထွာနေမည်ဆိုလျှင် ပတ်ဝန်းကျင်က အရက်သမားများအား မကောင်းကြဟု ၀ိုင်းပြောပါလိမ့်မည်။ “ဒါကြောင့်ရှင့်ကိုပြောတာ၊ ဒီအရက်ကိုမသောက်ပါနဲ့လို့။ ခုဟိုမှာကြည့်ပါလား။ မူးရူးပြီးရမ်းနေပြီ။ ဒါတောင်ညကသောက်သေးတယ်။ မပြောလိုက်ချင်ဘူး” မူးပြီးအော်ဟစ်နေသော အရက်သမားအသံကိုကြား၍ ဇနီးသည်က ညကသောက်ထားသောလင်တော်မောင်အား အခွင့်ရ၍ နှက်လိုက်ခြင်းဖြစ်သည်။ သူ့လင်တော်မောင်သည် အရက်သောက်သော်လည်း မရမ်းတတ်။ အေးအေးဆေးဆေးသောက်ပြီး အိပ်တတ်လေ့ရှိသည်။ သို့သော် မူးပြီးရမ်းနေသောအရက်သမားကြောင့် မဆီမဆိုင် အပြောခံရခြင်းဖြစ်သည်။ ကျောင်းပြေးသောကျောင်းသားနှင့် မူးပြီးရပ်ကွက်ကိုအော်ဆဲသော အရက်သမားတို့သည် မိမိတို့ကျင်လည်ရာအသိုင်းအ၀ိုင်းကို သိက္ခာကျစေသည်။ ထိုသူများသည် လောကပါလတရားကို ဖောက်ဖျက်ကြသူများဖြစ်သည်။
မည်သည့်လူတန်းစားမဆို ပြည်သူမှပေါက်ဖွားလာခြင်းဖြစ်သည်။ ထိုလူတန်းစားများထဲမှ ကျောင်းသားသည် ပြည်သူအား အတိုင်းအတာတခုအထိ အလုပ်အကျွေးပြုးခဲ့ဖူးပြီ။ ရဟန်တော်များလည်း ပြည်သူကို ကျေးဇူးတုံ့ပြန်ခဲ့ဖူးပြီးဖြစ်သည်။ ပြည်သူ့ဝန်ထမ်းများလည်း ထိုနည်းလည်းကောင်းပင်။ သို့သော်..............စစ်သားများဖြင့်စုဖွဲ့ထားသော တပ်မတော်ဟုခေါ်ဆိုအပ်သည့် စစ်တပ်သည်သာလျှင် ဖက်ဆစ်အာဏာရှင်လူနည်းစု၏လက်အောက်၌ ပြည်သူအားကျေးစွပ်ခဲ့သည်။ တိုင်းပြည်အား အပြစ်မဲ့ပြည်သူ၊ ကျောင်းသား၊ ရဟန်းတော်များ၏ သွေးဖြင့်ချောင်းစီးစေခဲ့သည်။ စစ်တပ်တတပ်လုံးဟု မယိုးစွပ်။ စစ်တပ်သည် မတထောင်သားဖြင့်ဖွဲ့စည်းထားသော လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတခုသာဖြစ်သည်။ အထက်ပါ
ကျောင်းပြေးသောကျောင်းသားနှင့် မူးပြီးရမ်းသောအရက်သမားကဲ့သို့စစ်သားမျိုးကြောင့်သာ တပ်မတော်သည် မြန်မာ့သမိုင်းကို အမည်းကွက်တကွက် စွန်းထင်းစေခဲ့သည်။ တပ်မတော်အတွင်းရှိကြကုန်သော ပညာတတ်စစ်သားကောင်းများသည် ထိုစွန်းထင်းခဲ့ရပြီဖြစ်သောအမည်းကွက်ကို ပြန်လည်သန့်စင်စေပြီး တပ်မတော်၏ဂုဏ်သိက္ခာကိုပြန်လည်မြှင့်တင်ရန်
တာဝန်မရှိသလော.......................။
မတထောင်သားဟုဆိုရာ၌ မတထောင်သည်ပြည်သူပင်ဖြစ်သည်။ ထို့ကြောင့်တပ်မတော်၏အမိ အဖသည် ပြည်သူပင်ဖြစ်သည်။ စစ်သားများအားထောက်ပံ့ထားသောရိက္ခာနှင့် ပေးထားသောလစာသည် အာဏာရှင်တို့၏အိတ်ကပ်ထဲမှ ထွက်ကျလာသည်မဟုတ်။ ပညာတော်သင်သွားကြကုန်သော ဗိုလ်လောင်းများ၏ပညာသင်စရိတ်သည် ဗိုလ်ချုပ်ကြီးများက သမက်ဖမ်းရန်အတွက် ၄င်းတို့ကိုယ်တိုင် စိုက်ထုတ်ထားရသောအရင်းအနှီးမဟုတ်။ ထို ထိုသော ကုန်ကျမှုများသည် ပြည်သူ့ထံမှရရှိသောအခွန်ငွေများ၊ တိုင်းပြည်သယံဇာတမှရရှိသော ၀င်ငွေများသာဖြစ်သည်။ ဗိုလ်လောင်းများ၏ပခုံးထက်မှအပွင့်များ တနှစ်တခြားများပြားလာစေရန်အတွက် ပြည်သူတို့သည် တိုင်းတပါး၌ကျွန်သာသာ အလုပ်လုပ်နေရသည်။ ပြည်တွင်း၌ ထမင်းရည်ပူကိုပင် သောက်စရာဇွန်းမရှိ၍ မော့သောက်နေကြရသည်။ ပြည်သူကျွေးသောထမင်းသည် စစ်သားတို့၏ လည်ချောင်းဝ၌ ခြေမဖြင့်ကလော်ထုတ်လျှင်ပင် ထွက်လာမည်ဖြစ်သည်။ ထိုကဲ့သို့ နင်းပြားဘ၀မှရုန်းမထွက်နိုင်ဘဲ အနစ်နာခံနေကြသည့်ပြည်သူကို ၄င်းတို့အထောက်အပံ့ဖြင့်သင်ထားသည့်စစ်ပညာဖြင့် ပြည်သူဘက်သေနတ်ပြောင်းလှည့်ချိန်ဝံ့သည့်စစ်သားနှင့် ပစ်မိန့်ပေးဝံ့သောစစ်ဗိုလ်များသည် လောကပါလတရားကို အဆုံးစွန်ထိဖောက်ဖျက်ကျူးလွန်နေကြသူများဖြစ်သည်။ ပညာတတ်စစ်ဗိုလ်၊ စစ်သားများသည် ထိုကဲ့သို့သောစစ်သားဆိုး၊ စစ်သားမိုက်အာဏာရှင်များအား တပ်မတော်အတွင်းမှမောင်းထုတ်ပြီး အဖဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သည့် တပ်မတော်၏မြင့်မြတ်သောဂုဏ်သိက္ခာဖြင့် တိုင်းပြည်အားဆင်းရဲတွင်းမှဆွဲထုတ်ရန်
တာဝန်မယူနိုင်ကြသလော.....................။
အချုပ်ဆိုရသော် အမှောင်ပြီးလျှင် ရောင်နီသန်းမည်မှာ ဓမ္မတာပင်ဖြစ်သည်။ မြန်မာပြည်အရေးသည် တနေ့မုချမသွေပြောင်းလဲရမည်ဖြစ်သည်။ ၁၉၄၈ နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအပြောင်းအလဲဖြစ်မည့်နှစ်အထိသည် မြန်မာသမိုင်း၌ လွတ်လပ်ရေးရပြီးနောက် အမှောင်ခေတ်မြန်မာနိုင်ငံ အဖြစ် သမိုင်းတွင်ရစ်မည်ဖြစ်သည်။ အာဏာနှင့်လက်နက်လက်ကိုင်ထားပြီး ကမ်းကုန်အောင်မိုက်ရိုင်း၍ရသော်လည်း သမိုင်းကိုမူပြောင်းပြန်လှန်၍မရစကောင်း။ မည်သူမှဆိုဆုံးမ၍မရသူကို လောကကြီးကတနေ့ဒဏ်ခတ်ပေလိမ့်မည်။ သမိုင်းတွင်ရစ်မည့် အမှောင်ခေတ်မြန်မာနိုင်ငံ၏ ကာလဆိုးသက်တမ်း မရှည်ကြာစေရန်အတွက်သာ လူတန်းစားအလွှာအသီးသီးမှ မြန်မာပြည်သူပြည်သားများဝိုင်းဝန်းပူးပေါင်း၍ ဖက်ဆစ်အာဏာရှင်လူနည်းစုတစုအား တော်လှန်တိုက်ခိုက်ကြပါရန် လေးနက်စွာတိုက်တွန်းလိုက်ရပေသည်။ ။
0 comments:
Post a Comment