Wednesday, April 4, 2012

ပိတောက်တွေ အံကြိတ်နေတဲ့အကြောင်း

ပိတောက်တွေ အံကြိတ်နေတဲ့အကြောင်း

တန်ခူးနတ်သမီးရဲ့ ပ၀ါစ
ကကြိုးသီတဲ့ လမှာ
ဆုံနေကျ အတာနဲ့ 
ကြုံနေကျ သင်္ကြန်က
ပုံသေချထားတဲ့ သဏ္ဍာန်အတိုင်း
ဒီနှစ်လည်း ..
ပိတောက်တွေကို အံကြိတ်ခိုင်းပြန်ပြီ။

ရောက်လာတဲ့နှစ်မှာ
အခေါက်ခေါက်အခါခါ ပြန်ရစ်
အသစ်မပါတဲ့ အနှစ်တွေနားထောင်ပြီး
မူးနေတာလား မြူးနေတာလား ရူးနေတာလား
ဘာအမှန်တရားမှ လာမပြောနဲ့ 
ဘာဖောရှောမှ လာမရိုက်နဲ့ 
နှစ်တစ်နှစ် ဟောင်းတိုင်း
စနစ်အသစ် ပြောင်းခိုင်းနေတာမဟုတ်ဘူး
နှစ်တွေကြာပြီး စနစ်တွေလည်းနာနေပြီ

တည့်တည့်ကြည့်ပြီး
စောင်းစောင်းလျှောက်တဲ့လူတွေ ရှိနေသမျှ
တန်ခူး ဘယ်နှစ်လရောက်ရောက်
သင်္ကြန် ဘယ်နှစ်ကြိမ်မြောက်မြောက်
အကျင့်ပါနေတဲ့ ပိတောက်က
ဝင့်ဝင့်ဝါ၀ါ နင့်နင့်နာနာ
တစ်နှစ်တစ်ခါ တောက်ခေါက်နေအုံးမှာပဲ။

ဝိုင်းဝိုင်းလေး ရေးပြီး
ကွေးကွေးလေးတင်ပြရတဲ့ အနုပညာမှန်သမျှ
ဝိုးတိုးဝါးတား လှန်မပြနဲ့ 
ရိုးရိုးသားသား ဆန်ကြ
ခံစားချက်တွေနဲ့ ခံခဲ့ရရိုးမှန်ရင်
ရင်ဘတ်တစ်ခုလုံး ပွန်းပဲ့စုတ်ပြတ်သွားပစေ
ယုံကြည်ချက်ကို ဆုပ်ကိုင်ပြီး
အမိအရ ကုပ်ကပ်တွယ်ဖက်တက်လာတဲ့သူကို
ဘယ်ပိတောက်ကမှ
အပင်ပေါ်က ကန်မချဘူး။ ။

အမောင်
၁၉း၂၀
၂၀၁၂၀၄၀၃

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။