Thursday, November 10, 2011

နိုင်ငံရေး

နိုင်ငံရေးဆိုသည်မှာ အဘယ်နည်း။

နိုင်ငံရေးဆိုသည်မှာ လူသားတို့သည် မိမိတို့နေထိုင်သည့် နိုင်ငံတနိုင်ငံအတွင်းတွင်လည်းကောင်း၊ မိမိတို့နေထိုင်ရာ ဤကမ္ဘာမြေပေါ်တွင်လည်းကောင်း၊ နေ့တဓူဝ ကြုံတွေ့ဖြတ်သန်းနေရသော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသော အရေးအရာကိစ္စများအတွက် မိမိတို့ဘ၀တလျှောက် ရုန်းကန်လှုပ်ရှားရသော ဖြစ်စဉ်သာဖြစ်၏။

ဤလောကတွင် လူရယ်လို့ဖြစ်လာသောအခါ နေမှု၊ ထိုင်မှု၊ စားသောက်မှုဆိုသော ကိစ္စတို့သည် မလွဲမသွေ လှုပ်ရှားရုန်းကန်ကြရမည် ဖြစ်ပါသည်။ ဤသည်မှာ သဘာဝပင် ဖြစ်ပါ၏။

လူသားတွေသည် မွေးဖွားကြီးပြီးလာပြီးနောက် သေဆုံးချိန်အထိ မိမိတို့ဘ၀ကို လှုပ်ရှားရုန်းကန် သွားရတာချည်းပင်ဖြစ်၏။ သက်သက်သာသာ ရုန်းကန်ရခြင်းနှင့် ဆင်းရဲပင်ပန်းစွာ ရုန်းကန်ရခြင်းသာ ကွာခြားသော်ငြားလည်း အားလုံးသော လူသားများသည် အသက်ရှင်နေထိုင်ရစဉ် ကာလတလျှောက်လုံးတွင် ဘ၀ကို တိုးတက်ဖို့အတွက် အမျိုးမျိုးသော အခက်အခဲများအကြား ရုန်းကန်ဖြတ်သန်းကြရမည်သာ ဖြစ်၏။

ဤသည်ကိုပင် လူတယောက်၏ နိုင်ငံရေးဖြစ်စဉ်ဟု ဆိုပါ၏။ ဤကမ္ဘာလောကတွင် လူတဦးတယောက်တည်းသာ အသက်ရှင်ရုန်းကန်ရသည် မဟုတ်ပေ။ ဤကမ္ဘာမြေတွင် လူသား သန်းပေါင်းများစွာတို့သည် တပြိုင်နက်တည်း ဘ၀ကို ရုန်းကန်ဖြတ်သန်းနေရသောကြောင့် လူသားသန်းပေါင်းများစွာ ပါဝင်လှုပ်ရှားနေသော နိုင်ငံရေးဖြစ်စဉ်ကြီးသည် မိမိတို့၏မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏နိုင်ငံ၊ ထိုမှတဆင့် ကမ္ဘာနှင့်အ၀န်းဆီသို့ ဆင့်ကဲဆင့်ကဲ ပူးပေါင်းကူးဆက်လျက် ဤကမ္ဘာကြီးနှင့် လူသားတွေ တည်ရှိနေသ၍ တနည်းအားဖြင့် လူတို့၏ စားဝတ်နေရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားရေး ကိစ္စများတည်ရှိနေသ၍ ဤနိုင်ငံရေးဖြစ်စဉ်ကြီးသည် အစဉ်အမြဲ ဖြစ်ပေါ်နေမည်သာ ဖြစ်၏။

မြန်မာ့လူအဖွဲ့အစည်းတွင် နိုင်ငံရေးဟု ဆိုလိုက်သည်နှင့် အစိုးရအုပ်ချုပ်ရေး၊ ပါတီအဖွဲ့အစည်း၊ အစိုးရအား ဆန့်ကျင်ခြင်း၊ အစိုးရကို ထောက်ခံခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း စသဖြင့် လူအများစုသည် လျှင်မြန်စွာဖြင့် အလွယ်တကူ နားလည်ထားတတ်ကြ၏။ အမှန်အားဖြင့် ‘နိုင်ငံရေး’ ဟူသော အနက်အဓိပ္ပါယ်အား သည်ထက်ပို၍ သဘောပေါက် နားလည်ထားသင့်ပေ၏။ အဘယ်ကြောင့်ဆိုသော် မိမိဘ၀နှင့် တိုက်ရိုက်ပတ်သတ်နေသောကြောင့်ပင် ဖြစ်၏။

ဥပမာအားဖြင့် အိမ်ထောင်စုတခုအတွင်းတွင် စားဝတ်နေရေး၊ မိသားစု ကျန်းမာရေး စသည့် လိုအပ်ချက်များအား နေ့တဓူဝ တွေ့ကြုံဖြည့်ဆည်းနေရမည်သာ ဖြစ်၏။ ဤသို့ ဖြည့်ဆည်းပေးနိုင်ရန်အတွက် လုပ်အား၊ ငွေကြေး၊ ၀န်ဆောင်မှုတွေသည် ထပ်မံလိုအပ်လာမည် ဖြစ်၏။

ထိုလိုချက်အားလုံးသည် မိမိတို့မိသားစု အ၀န်းအ၀ိုင်း၏ ပတ်ဝန်းကျင်နယ်ပယ် အပြင်ဘက်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး အခြားအခြားသော မိသားစုတို့၏ ပတ်ဝန်းကျင်နယ်ပယ်နှင့် ပေါင်းကူး ဆက်စပ်သွားမည် ဖြစ်ပါ၏။

ထိုအခါ စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေး၊ ငွေကြေး၊ လုပ်အားနှင့် ၀န်ဆောင်မှု စသည်တို့၏ ပိုမိုနက်ရှိုင်းစွာ ကြီးမားလာမည်သာ ဖြစ်၏။ ထိုမှတဆင့် ဒေသတခု၊ ခရိုင်တခု၊ ပြည်နယ်တခု၊ နိုင်ငံတခု စသဖြင့် ပိုမိုကျယ်ပြန့်သွားပြီး နောက်ဆုံး ကမ္ဘာနှင့်အ၀န်းဆီသို့ ငြိမ်သက်နေသော ကန်ရေပြင်ထဲသို့ ခဲလုံးတလုံး ကျသွားသည့်အခါ ဖြစ်ပေါ်လာသော လှိုင်းဂယက်ပမာ အရပ်မျက်နှာ အဖက်ဖက်ဆီသို့ ပျံ့နှံ့ရိုက်ခတ်သွားပြီး အပြန်အလှန် ပေါင်းကူးဆက်စပ် သွားမည်ဖြစ်၏။

တနည်းအားဖြင့် နိုင်ငံရေးဖြစ်စဉ်ဆိုသည်မှာ လူတယောက်၊ မိသားစုတစုဆီမှ လူသန်းပေါင်းများစွာ အိမ်ထောင်စု သန်းပေါင်းများစွာတို့၏ စားဝတ်နေရေး ကိစ္စရပ်များ၊ ထိုမှတဆင့် ဆက်စပ်ဖြစ်ပေါ်လာသော ပြဿနာများအား အနည်းစုမှသည် အများစုအထိ ဆက်စပ်ဖြေရှင်းရသော ပြဿနာဖြစ်၏။

ထို့ကြောင့် နိုင်ငံရေးဟူသော စကားလုံးနှင့်အတူ ဤကမ္ဘာမြေတွင် ငြိမ်းချမ်းရေးဟူသော စကားရပ်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၇၀- ခန့်ကတည်းက မဇ္ဈိမဒေသတွင် ထွက်ပေါ်လာခဲ့ပါသည်။ ထိုမှစ၍ လူတို့၏ စားဝတ်နေရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ပြဿနာရပ်များအား ဖြေရှင်းရှာတွင် ငြိမ်းချမ်းစွာ ဖြေရှင်းရေးဟူသော ဖြစ်စဉ်သည် ပြဿနာများအပေါ် ချဉ်းကပ်ဖြေရှင်းရာတွင် ယနေ့ထက်တိုင် ပထမနေရာမှစ၍ စဉ်းစားဆုံးဖြတ်သော အစဉ်အလာတရပ် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်၏။

နိုင်ငံရေးဟူသည် မိမိတို့၏ အရေးကိစ္စသာ ဖြစ်၏။ နိုင်ငံရေးအား စဉ်းစားရာတွင် မိမိတို့၏ ဖြစ်စဉ်နှင့် တိုက်ရိုက် ချဉ်းကပ်စဉ်းစားရန် လိုပါ၏။ ဝေဖန်ဆန်းစစ်ရန် လိုပါ၏။ တွေးခေါ်မြော်မြင်၍ အဖြေရှာရန် လို၏။ သို့မဟုတ်ပါက မိမိသည် လူသားတယောက်တွင်ရှိသော လောကတာဝန်ဝတ္တရားအပေါ် တာဝန်ကျေပွန်လိမ့်မည် မဟုတ်ပေ။

လူ ဟူသည် လူသားတာဝန် ကျေပွန်ရန် လိုအပ်ပါ၏။ ဤလောကတွင် မိမိကာယအား၊ ဥာဏအားများဖြင့် ဤကမ္ဘာလောကအကျိုး၊ ဤလူသားများအကျိုးစီးပွားကို ဆောင်ရွက်သည့်နေရာတွင် တတပ်တအား ပါဝင်သင့်ပေ၏။ ဤသို့ တတပ်တအား ပါဝင်ရာတွင်လည်း မိမိအကျိုးစီးပွား တခုတည်းကိုကြည့်၍ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိအကျိုးစီးပွားထက် အများအကျိုးစီးပွားကို ရှေးရှုသော ကာယအား ဥာဏအားမျိုးသာလျှင် ဖြစ်သင့်ပါ၏။ သို့မှသာ မိမိ၊ မိမိတို့၏မိသားစု၊ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏နိုင်ငံ၊ မိမိတို့၏ ဤကမ္ဘာတွင် ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်ကြီး ဖြစ်တည်နေမည် ဖြစ်၏။

(စာရေးဆရာ စည်သူရေးသော နိုင်ငံရေးသိပ္ပံ စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။)

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။