အစိုးရမှာ ဇ ရှိနေလို့ ပြောရတာပါ

>> Saturday, October 15, 2011

သမ္မတကို မယုံဖို့တွေ၊ လက်ရှိအရပ်သားအစိုးရကို မယုံဖို့တွေပဲ ရေးနေတော့ ကျနော်နဲ့ ညီအကိုလိုခင်မင်ရတဲ့ ညီလေးတယောက်ကတောင် ပြောလာပါတယ်။ ''အကိုရယ်...........'' တဲ့။ ''ခုချိန်မှာ ဒီလိုမျိုးတွေရေးနေတာ မကောင်းတော့ပါဘူး။ သူတို့လည်း တဖြည်းဖြည်းပြောင်းလဲနေပြီပဲ။ စောင့်ကြည့်သင့်ပါတယ်'' တဲ့ဗျာ။

ဒါနဲ့ ကျနော်လည်း သူ့ကို ပြန်ရှင်းပြရပါတယ်။

မောင်ပါလ ။ ။ ''ငါ့ညီရေ.......... မင်းဆီမှာ သူငယ်ချင်းတယောက်ရှိတယ်။ မင်းသူငယ်ချင်းက မခိုးရရင် မနေနိုင်တဲ့ စောရနက္ခတ်နဲ့ယှဉ်ပြီး မွေးခဲ့တဲ့သူ ဖြစ်နေတယ်။ သူခိုးပေါ့ကွာ။ အဲဒါကို မင်းကလည်း ကောင်းကောင်းသိနေတယ်ဆိုပါတော့ကွာ။ တချိန်မှာ အဲဒီမင်းသူငယ်ချင်းက အခက်အခဲဖြစ်လို့ မင်းအိမ်မှာလာနေဖို့ အကူအညီတောင်းတော့ မင်းကလည်း မငြင်းသာဘဲ ခဏနေခွင့် ပြုလိုက်ရတယ်ကွာ။ အဲဒီအချိန်မှာ မင်းရဲ့ သူခိုးသူငယ်ချင်းကို ကျန်တဲ့သူငယ်ချင်းကောင်းတွေအပေါ် ယုံကြည်သလို မင်းယုံကြည်ပြီး စိတ်ချလက်ချနေလို့ ရနိုင်ပါ့မလား''

ညီ ။ ။ ''မရနိုင်ပါဘူးအကို''

မောင်ပါလ ။ ။ ''အေး.. ဟုတ်ပြီ။ ဒါဆိုရင် မင်းပစ္စည်းလေးတွေကို သတိထားပြီး သိမ်းရတော့မယ်။ သြော်....... ဒါနဲ့တင်ပဲ မပြီးသေးဘူးထင်တယ်။ မင်းအိမ်မှာနေတဲ့ မင်းမိသားစုတွေလည်း ရှိသေးတယ်လေ။ သူတို့တွေကိုရော ပစ္စည်းပစ္စယတွေကို ပေါ့ပေါ့ဆဆ မထားမိကြစေဖို့ မင်းအနေနဲ့ သတိမပေးသင့်ဘူးလား။''

ညီ ။ ။ ''ကျနော့်သူငယ်ချင်းက သူခိုးပါလို့ တိုက်ရိုက်မပြောထားရင်တောင် အရိပ်အမြွက်လောက်တော့ အသိပေးထားရမှာပေါ့အကို။''

မောင်ပါလ ။ ။ ''အကယ်၍များကွာ.....။ မင်းသူငယ်ချင်းက မင်းအိမ်မှာ ကောင်းကောင်းမွန်မွန်ပဲနေပြီး ပြန်သွားတယ်ဆိုရင်ရော မင်းသတိထားပြီးနေတာတို့၊ မင်းမိသားစုကို သတိပေးထားတာတို့အတွက် မင်းလွန်သွားတယ်လို့ထင်ပြီး နောင်တရစရာ ဖြစ်လာနိုင်လား။''

ညီ ။ ။ ''အင်း...........အဲဒါတော့........။ (ခဏစဉ်းစားပြီးမှ) မရနိုင်ပါဘူးအကို။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော့်သူငယ်ချင်းက သူခိုးဖြစ်နေတာကိုး။ ပြီးတော့ ခိုးတတ်တဲ့အကျင့်ကလည်း ရှိနေတယ်လေ။ သူငယ်ချင်းတယောက်အနေနဲ့ အိမ်မှာနေခွင့်ပေးပြီး ကူညီပေမယ့် သူရဲ့ အကျင့်ဗီဇကိုတော့ သတိထားပြီး ဆက်ဆံရမှာပဲလေ။''

မောင်ပါလ ။ ။ ''အကိုရေးတာလည်း ဒီသဘောအတိုင်းပါပဲ။ မဆီမဆိုင် ဖြတ်မေးရအုံးမယ်။ ညီ့အသက် ဘယ်လောက်ရှိပြီတုန်း။''

ညီ ။ ။ ''၂၆-နှစ်ကျော်ပါပြီ။''

မောင်ပါလ ။ ။ ''''ခုအစိုးရပါလို့ ပြောနေတဲ့ကောင်တွေက မင်းအသက်ရဲ့ နှစ်ဆလောက်ကတည်းက တိုင်းပြည်ကရှိသမျှပစ္စည်းတွေကို ထင်တိုင်းခိုးနေတဲ့ကောင်တွေ။ ဒီလိုသူခိုးတွေက ခုကောင်းတာလုပ်နေပါတယ်လို့ ပြောနေတာကို ချက်ချင်း ယုံကြည်လို့ မဖြစ်ဘူး။ လက်ရှိကြံ့ဖွတ်အစိုးရဆိုတာကလည်း အာဏာရှင် န၀တ အစိုးရလက်ထက် ၁၉၉၃ ခု၊ စက်တင်ဘာ ၁၅ ရက်နေ့ကတည်းက အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်းအနေနဲ့ စဖွဲ့ထားခဲ့ပြီး အာဏာရှင်တွေကပဲ စိတ်ကြိုက်မွေးမြူထားခဲ့တာ။ လက်ရှိအစိုးရနေရာကိုလည်း မသမာတဲ့နည်းပေါင်းများစွာ အသုံးပြုပြီး မရရအောင် ယူထားတာ။ အရင်က အာဏာရှင်တွေကပဲ စစ်ယူနီဖောင်း ချွတ်ထားတဲ့ကောင်တွေ။ ဒါကြောင့် သတိထားတော့ အမှားနည်းတာပေါ့ညီရာ.......။

ပြည်သူကို မလိမ့်တပတ်လုပ်ပြီး အုပ်ချုပ်တတ်တဲ့ စစ်အာဏာရှင်တွေရဲ့ အကျင့်ဗီဇတွေကိုရပ်ပြီး တကယ့်ပြုပြင်ပြောင်းလဲခြင်းကို ဖော်ဆောင်ချင်တဲ့ဆန္ဒရှိသော အစိုးရတရပ် ဖြစ်လာပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့ကွာ။''

နားထောင်နေသော ညီငယ်လည်း နားလည်လား မလည်လားမသိ။ ခဏတော့ တိတ်ဆိတ်သွားသည်။ ကျနော်လည်း ခံတွင်းချဉ်လာသဖြင့် ဆေးလိပ်ပြာခွက်ထဲမှ ကြယ်နီဆေးပေါ့လိပ်တိုကိုဆွဲယူကာ ဆယ့်ငါးခါလောက်ခြစ်မှ မီးတောက်တတ်သော အမေရိကန်လုပ် zippo မီးခြစ်ကို တဖြောက်ဖြောက်ခြစ်ရင်း ဆေးလိပ်သောက်ရန် စိုင်းပြင်းနေပါတော့သည်။

မောင်ပါလ
၁၅.၁၀.၂၀၁၁

1 comments:

Co2zeиith October 16, 2011 at 1:45 AM  

ဇ ရှိတဲ့ကောင်တွေ ပဲ ဖြစ်နေဒေါ့

ဒဒိထားရမှာပေါ့ဏော့

ဂွတ်တရ် ဘိုမူး

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP