Thursday, September 15, 2011

တရုတ်လုပ်စီးကြသော မြန်မာဝန်ကြီးများ

“တရုတ်လုပ်စီးကြသော မြန်မာဝန်ကြီးများ”

အမယ်မင်းရယ်လို့
ငိုချင်းချရလျှင်ဖြင့်
ရင်နှစ်မွှာ သွင်သွင်ကျိုးရချည့်
မြစ်မင်းဧရာရဲ့ ဖြစ်အင်သဏ္ဍာန်။

တိုင်းနယ်ကျော် အာရှတလွှားပေါ်က
သဘာဝအလှတရားလို့ နာမည်ကျော်
ရွှေမြန်ပြည်ခေါ် စခန်းတကြောမှာ
ဘ၀ပေါင်းများစွာကို ပုခုံးပေါ်ထမ်းလို့
ဆင်မယဉ်သာ လှမ်းဝံ့ဟန်နဲ့
နေညမကျန် စီးဆင်း
ရင်နှင့်ရင်းကာ ပေးဆပ်
ဝတ်မပြတ်တဲ့ သူရဲ့မေတ္တာအမှန်။

ရွှေငွေတွင်းထွက် သဘာဝကျောက်သံ
ရောင်းစရာမှန်သမျှလည်း ကုန်ခဲ့ပေါ့
တရုတ်သွေးနှော လူမျိုးပါရောလို့
ပြည်သူတွေလည်း ပြာပုံတိုး
တိုင်းပြည်လည်း အဖီထိုးခံခဲ့ရပြီ
ဒါကိုမှ အားမရ
မျက်မာန်တော်ခတာက ဧရာဝတီ
နဒီကြီးရဲ့ ရင်ကိုခွဲလှန်
ရွှေဥကိုမှ ကြံချင်ကြသေးသတဲ့လား။

ပညာရှင်တွေ တွင်တွင်တားသော်လည်း
ပထွေးတော် တရုတ်အကျိုးပေမို့
အထိမခံ မချိအောင်နာကြသည်
ငါသာသိ ငါသာတတ်သာပလို့
မသူတော်ဂုဏ်ကို ဖော်ကာဆောင်
ကတ်ကတ်လန် ရန်ပြန်ထောင်ကြတယ်
(အိုဘယ့်..) တရုတ်လုပ်စီး မြန်မာ့ဝန်ကြီးအများ....။

မောင်ပါလ
၁၅.၉.၂၀၁၁

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။