Wednesday, September 14, 2011

သို့......... ချစ်သောဧရာဝတီ (အပိုင်း-၁)

သို့......... ချစ်သောဧရာဝတီ (အပိုင်း-၁)

အလွမ်းတသက်တာအတွက်
ပန်းလက်နဲ့ ကဗျာ
ဝေဒနာလက်ဆောင်
ရင်နာအောင် ပေးခဲ့တော့မှာလားဧရာဝတီ။

ဟိုး........ရှေးအခါ
ဒို့များရဲ့ ရွှေမြန်မာမြစ်ဆုံမှာ
အချစ်ပုံပြင်လေးတပုဒ် ရှိခဲ့ဖူးသတဲ့။

အင်ခိုင်ဘွန်ရဲ့ တောင်ခြေရင်းမှာ
မေခနဲ့ မလိခ
ဝေမျှတဲ့ချစ်ခြင်း
ခြွေချတဲ့ မြစ်တစင်းအဖြစ်မွေးဖွား
မြန်မာပြည်ရဲ့ အသွေးအသား
ရာဇ၀င် တေးသွားများမှာ
အမုန်းတရားနဲ့စစ်ခင်း
နှလုံးသားရဲ့ ချစ်ခြင်းကိုသီဖွဲ့
ကြည်တလှဲ့ နောက်တခါ
ပြာတလှဲ့ မှုံတရီနဲ့
ယုံကြည်စွာစီးဆင်း
ဧရာဝတီဟာ နဒီပီသတဲ့မြစ်တစင်းပေါ့။

အထက်မြန်မာပြည်ရဲ့ ကင်းခြေများ
ကမ္ဘာကျော် အင်းဝတံတား
မဟားတယား ခွရပ်တော့
ခေါင်းကလေးငုံ့
ငြိမ့်ငြိမ့်ကလေးစီးဆင်း
ဒုဌ၀တီလက်ဆွဲပြီး
ရှက်ပြုံးလေး တလက်လက်နဲ့
ပင်လယ်ဘက် ခရီးထွက်သွားတဲ့ဧရာ။

ပု ပင်း အင်း တောင်
ညောင်ရမ်း ဘောင်
ဓားရောင် တဖွေးဖွေး..... တဲ့
အသားအရောင် တသွေးတမွေးနဲ့
ပြေးတဲ့အခါပြေး နှေးတဲ့အခါနှေး
ကွေးတဲ့အခါကွေး ဆန့်တဲ့အခါဆန့်
လန့်တဲ့အခါလန့် ငြိမ်တဲ့အခါငြိမ်
သူရဲကောင်းတို့ရဲ့ မဇ္ဖျိမဓားအိမ်
နယ်ချဲ့သွေးတွေ စေးကပ်လာတဲ့အခါ
ဧရာဝတီမှာ ဆေးကြော
သွေးညစ်တွေ စီးမျှောခဲ့ဖူးသတဲ့။

ဟဲ့ ဧရာ...........
ရှိသေးရဲ့လား နင့်ရေလွှာ
ငါ့ဖောင်တိန် မွဲပြာပြာအရောင်ပျက်လို့
ထောင်ထွက်တို့ ဝေဒနာချုပ်ငြိမ်း
စစ်အာဏာရုပ်သိမ်းတဲ့တနေ့
ရောက်တဲ့အရပ်က ဆက်ကနဲပြန်ကွေ့ခဲ့မယ်
ကျန်ခဲ့တဲ့ ကမ်းနဖူးလေးကို မှန်းဆ
ချန်ခဲ့တဲ့ သောင်ခုံလေးကို တမ်းတ
လွမ်းရတဲ့ မြစ်ပြင်လေးကို ငေးမော
ကျွမ်းရတဲ့ တမာပင်လေးကို
တွေးတောရင်း.........
ငါ ဖြတ်သန်းစီးဆင်းခဲ့ရာ
ငါ ရွက်လွှင့်မျောပါခဲ့ရာ
ငါ ရောက်ရှိရှင်သန်ရာ
တောင်ပင်လယ် ရေလွှာထက်က
ဝေဒနာ ထွက်ကျတဲ့နေရာ
ပီနန်း (Penang) ဆိုတဲ့ ကျွန်းကလေးမှာ
ဖောင်စီးရင်းရေငတ်
ပင်လယ်ရေ၀ိုင်းပြီး
ခပ်သောက်လို့မရတဲ့ ငါ့ဘဝ
စာနာစွာ ရေချိုတပေါက် မျှတပါဧရာ။ ။

အလွမ်းများစွာဖြင့်
အမောင်
၀၁း၁၈
၂၀၁၁. ၀၉. ၁၁
(၀ံသာနုဂျာနယ်။ အတွဲ-၁၊ အမှတ်-၁၉)

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။