Sunday, May 22, 2011

တခုခုတော့ မှားနေပြီ

(မေးလ်ထဲသို့ ပေးပို့လာသည့် စာမူဖြစ်ပါသည်။)

မနေ့ညက အွန်လိုင်းဝင်ရင်း သတင်းလေးတပုဒ် ဖတ်လိုက်ရတယ်။ ပြည့်ပြည့်စုံစုံပြောရရင် ကျနော်လာရောက်အလုပ်လုပ်နေတဲ့ မလေးရှားက သတင်းလေးတပုဒ်ပေါ့။ ဒီသတင်းကို ဖတ်လိုက်ရချိန်မှာ ကျနော့်စိတ်ထဲ တခုခုတော့မှားနေပြီ ဆိုတာ သိလိုက်ရတယ်။ ဒီလိုပြောလို့ ကျနော် အကြားအမြင် ရနေပြီလို့တော့ မထင်လိုက်ပါနဲ့။ ကျနော်ကိုယ်တိုင် လက်တွေ့ခံလိုက်ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက်နဲ့ယှဉ်ပြီး ပြောလိုက်ရတာပါ။ အဖြစ်အပျက်ကတော့......

ကျနော်ဟာ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ လူငယ်တဦး၊ ကိုယ့်နိုင်ငံအရေးကို တတ်နိုင်တဲ့ဖက်က လုပ်မယ်ဆိုတဲ့ ခံယူချက်နဲ့ NLD-L.A (Malaysia) အဖွဲ့ဝင်အဖြစ် ၂၀၀၇-ခုနှစ်၊ ၂-လပိုင်းမှာ အဲဒီအချိန်တုန်းက NLD-L.A (Malaysia) ရဲ့ဌာနခွဲ (ပီနန်း) ကနေ အဖွဲ့ဝင်ခဲ့ပါတယ်။ တက်ကြွလှုပ်ရှားတဲ့ လူငယ်တဦးအနေနဲ့ ကျနော်တို့ရဲ့ ယနေ့အချိန်အထိ မပြောင်းလဲတဲ့ ဥက္ကဌ (သူ့ကြည့်ရတာ အပြောင်းအလဲကို ကြောက်နေပုံ ရပါတယ်။) ဦးကျော်ကျော်ရဲ့ ရဲရဲတောက်မိန်ခွန်းတွေ NLD ကိုဝင်ရင် ဘာအခွင့်အရေးမှ မမျှော်လင့်နဲ့။ UN လိုချင်လို့ NLD ထဲကို ၀င်လာရင်တော့ အခုထဲကထွက်ပါ။ ကျနော်တို့ဟာ မြန်မာ့နိုင်ငံရေးကို သန့်သန့်လေးလုပ်တဲ့ အဖွဲ့လို့ ပြောခဲ့တဲ့ စကားတွေက ကျနော်တို့ လူငယ်တွေအတွက် တကယ့်ကို အားတက်စရာ။ အဲဒီအချိန်တုန်းက ခုအဖမ်းခံရတဲ့ နယ်မြေတာဝန်ခံအဖြစ် လှုပ်ရှားနေတဲ့ ကိုချစ်အေး၊ ကိုကိုကျော် တို့ဆိုတာ ကျနော်တို့ ပီနန်းနယ်မြေဖက်မှာ NLD-L.A (Malaysia) အတွက် အရမ်းကို တက်ကြွခဲ့ကြတာပါ။

၂၀၀၇- ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြပွဲတွေမှာ မလေးရှားနိုင်ငံက မြန်မာတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဟာ တကမ္ဘာလုံး အာရုံစိုက်ရတဲ့အထိ ကြီးမားခဲ့ပါတယ်။ အဲဒီလို အင်အားတောင့်တင်းခိုင်မာနေတဲ့ မလေးရှားရောက် မြန်မာနိုင်ငံရေး အင်အားစုကြီးကို တစစီဖြစ်အောင် ဖြိုခွဲလိုက်သူဟာ စစ်အစိုးရလည်း မဟုတ်ဘူး။ မြန်မာသံရုံးကလည်း မဟုတ်ဘူး။ NLD-L.A (Malaysia) ရဲ့ ဥက္ကဌကြီး ဦးကျော်ကျော်သာလျှင် ဖြစ်တယ်ဆိုရင် အံ့သြသွားမလား မိတ်ဆွေ၊ တကယ်ကို တရားခံအစစ်ပါ။

အဖြစ်အပျက်ရဲ့ အစကတော့ သူ့မရီးတော် (၀င်းဝင်းမော်) ရဲ့ ကိစ္စက စတယ်လို့ ပြောရမှာပေါ့။ ဒီလိုပါ..... ဂျိုဟိုးနယ်မြေမှာ ၀င်းဝင်းမော်ဆိုတဲ့ မြန်မာအမျိုးသမီးတယောက် သူဌေးရဲ့ မတရားတဲ့ဖိနှိပ်မှုတွေကြောင့် ဆန္ဒပြရင်း တိုက်ပေါ်ကခုန်ချလို့ ခါးရိုးကျိုးသွားတယ် ဆိုတဲ့သတင်းဟာ ကျနော်တို့ မြန်မာတွေအကြား အတော်ခံပြင်းစရာကိစ္စ၊ ဒီကိစ္စကို NLD-L.A (Malaysia) က တာဝန်ယူ ဖြေရှင်းပေးတယ်ပေါ့။ လိုအပ်တဲ့ ဆေးဝါးကုန်ကျစရိတ်က မလေးငွေ သောင်းချီကုန်မယ်ဆိုတော့ အဖွဲ့ဝင်တွေ ၀ိုင်းရှာကြပေါ့။ ကျနော်တို့ ပီနန်းဖက်မှာ တတ်နိုင်သလောက် ရှာဖွေပေး၊ ကျန်တဲ့နယ်မြေတွေကလည်း ၀ိုင်းရှားပေးပေါ့။

လိုအပ်တာထက် ပိုလျံလွန်းလို့ ဥက္ကဌကြီး စိတ်ပြောင်းသွားပါရောလား။ ကျန်းမာရေးတာဝန်ခံတွေကို လုံးဝမခိုင်းတော့ဘဲ သူကိုယ်တိုင် လူနာကို ကိုယ်ဖိရင်ဖိ ပြုစုလိုက်တာ သူ့ညီမနဲ့ အကြောင်းပါချစ်ကြိုက်ပြီး အခုသူ့လက်ရှိမိန်းမ သက်သက်မော်ခမျာ မြန်မာပြည်ပြန်ပြီး လင်ကြီးနဲ့ တရားဝင် ကွာရှင်းရတဲ့အထိ ဖုံးမနိုင်ဖိမရတွေ ဖြစ်ကုန်ပါလေရော။ ဥက္ကဌကြီး ကမြင်းကြောထတဲ့သတင်းဟာ ကျနော်တို့လူငယ်တွေအတွက် တော်တော်ခံပြင်းစရာကောင်းပါတယ်။

ဥက္ကဌကြီးက တကယ်ကို တော်ပါတယ်။ နောက်ပိုင်းကျတော့ န.အ.ဖ စစ်ဗိုလ်ချုပ်တွေရဲ့ အတုယူစရာနည်းလမ်းတွေကို သူစတင်လုပ်ဆောင်ပါတော့တယ်။ ပါတီထဲက သူ့လုပ်ရပ်ကို ဖြုတ်ချတဲ့ အီးစီအဖွဲ့ဝင်တွေကို ဖြုတ်၊ သူ့လူတွေကိုထည့်။ ဒီနေရာမှာ ဗိုလ်သန်းရွှေနဲ့ ဦးကျော်ကျော် ဘယ်သူကဆရာဖြစ်မလဲဆိုတာ စဉ်းစားရမယ့်အချက်က ဦးကျော်ကျော်ဟာ သူ့လုပ်ရပ်တွေကို ဝေဖန်ထောက်ပြလာပြီဆိုတာနဲ့ အဲဒီလူကို ပါတီထဲမှာ ဘယ်လိုမှ နေလို့မရတော့အောင် အကောက်ကြံပြီး ပိပိရိရိ လုပ်တော့တာပါပဲ။ သူ့နေရာကို လုံးဝ အထိမခံပါဘူး။

ဒီလိုနဲ့ တဆက်တည်း မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဖြစ်ပြန်တော့ ကောက်လို့ရတဲ့ အလှူငွေတွေမှ နည်းတာမဟုတ်ဘူး။ ကျနော်တို့ ပီနန်းနယ်မြေနဲ့ အလောစတားနယ်မြေက အများဆုံးပေါ့။ နာဂစ်အလှူငွေကိစ္စနဲ့ ပတ်သတ်ပြီး ပြည်တွင်းကို ထိထိရောက်ရောက်မပို့လို့ အခုအဖမ်းခံနေရတဲ့ နယ်မြေတာဝန်ခံ ကိုချစ်အေးတယောက် တော်တော်စိတ်မကောင်းဖြစ်ပြီး ပါတီက ထွက်သွားပါတယ်။ အဲဒါနဲ့ တဆက်တည်း ကျနော်တို့ ပီနန်းဌာနခွဲကလည်း ခွဲထွက်လိုက်ပါတယ်။ ၂၀၀၈-ခုနှစ် လောက်ကတည်းက NLD-L.A (Malaysia) နှစ်ခြမ်းကွဲခဲ့တာပါ။

အခုကဒ်အတုလုပ်ပြီး ရောင်းစားတယ်လို့ စွတ်စွဲခံရတဲ့အဖွဲ့က ပီနန်းဌာနခွဲရဲ့ အသစ်ပြန်ဖွဲ့လိုက်တဲ့ ဖြစ်ပါတယ်။ သူတို့က NLD-Youth (L.A Malaysia) ဆိုပြီး သူတို့နယ်မြေဖြစ်တဲ့ အလောစတားနဲ့ ပီနန်းနယ်တွေမှာ မြန်မာရွေ့ပြောင်းအလုပ်သမားနဲ့ မြန်မာဒုက္ခသည်တွေရဲ့အရေးကို ဆောင်ရွက်ပေးနေတာပါ။ ပါတီရဲ့ ဖွဲ့စည်းပုံနဲ့ အဖွဲ့ဝင်စာရင်းတွေကိုလည်း UNHCR ကို တင်ထားပြီးသားပါ။

ကျနော်ပြောချင်တာက NLD ကဒ်ကို RM 500 နဲ့ ရောင်းတယ်ဆိုတဲ့ကိစ္စ။ လွန်ခဲ့တဲ့နှစ်က UNHCR က မလေးရှားမှာရှိတဲ့ မြန်မာအဖွဲ့အစည်းတွေကို UNHCR အသိအမှတ်ပြုကဒ်တွေ ပေးမယ်ဆိုတဲ့အချိန်မှာ NLD-L.A (Malaysia) က ဥက္ကဌဦးကျော်ကျော်ကိုယ်တိုင် ကျနော်တို့ နယ်မြေတွေကို ဆင်းလာပြီး UN တင်ပေးမယ်။ NLD ကဒ် အရင်လုပ်ရမယ်။ ရင်းဂစ် 310 ပေးရမယ်ဆိုပြီး ကွင်းဆင်းပြီး ငွေတွေကောက်ပါတယ်။ ဘာမှ အထောက်အထားမရှိတဲ့ ကျနော့်သူငယ်ချင်းတွေ (ကျနော်လည်းတူတူပါပဲ) စာရင်းတွေပေး၊ ပိုက်ဆံတွေပေး။ နောက်ပိုင်းတခါ UN ဖြေဖို့အတွက် BIO ရေးပေးမယ်ဆိုပြီး RM 200 ထပ်တောင်းလို့ ထပ်မပေးနိုင်ဘဲ 310 အဆုံးခံလိုက်ရတဲ့လူတွေလည်း အများကြီးပါ။ အဲလို အဆုံးခံလိုက်တဲ့ လူတွေရဲ့နာမည်နေရာတွေမှာ လူစားထိုးထပ်ထည့်ပြီး RM 750 ကနေ 2000 အထိ ဥက္ကဌဦးကျော်ကျော်နှင့်အဖွဲ့က လုပ်စားသွားတာ မလေးရှားမှာ ယခုအချိန်အထိ လူတိုင်းရင်ထဲမှာ ခံပြင်းနေတုန်းပါ။ ကျနော်တို့လို ကိုယ့်နိုင်ငံအရေးကို ရိုးရိုးသားသား လုပ်ကိုင်နေတဲ့ လူငယ်တွေအတွက် အတော့်ကို ထိခိုက် စိတ်ဓာတ်ကျစရာ ဖြစ်ခဲ့ရပါတယ်။

အခု NLD ကဒ် အတုလုပ်ပါတယ်ဆိုပြီး စွပ်စွဲခံရတဲ့အဖွဲ့က UNHCR တင်ပေးမယ်။ ငွေဘယ်လောက်ပေးရမယ်ဆိုပြီး တောင်းခံခြင်းမရှိပါဘူး။ အဖွဲ့ရန်ပုံငွေနဲ့ ကဒ်လုပ်ခအတွက် ရင်းဂစ် ၅၀ သာ ထည့်ဝင်ရတာပါ။

ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့လည်း တခုခုမှားနေပြီ ဆိုတာ သိလောက်ရောပေါ့............။

ဇီဒန်း (ပီနန်း)

3 comments:

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။