Tuesday, January 29, 2013

မြန်မာပြည်မှာ ဒါတွေပေါတယ်

“မြန်မာပြည်မှာ ဒါတွေပေါတယ်”


တယောက်ကစ တထောင်လိုက်ပေမယ့်
ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့
အမောင်တောင်မြောက်မသိတွေ ပေါတယ်။

ဖြစ်လာရင် အလျှိုအလျှိုပျောက်
မဖြစ်ခင် အာခြောက်အောင်အော်တတ်တဲ့
အချောင်သမားတွေ ပေါတယ်။

မိုးလင်းကမိုးချုပ်
သွားသုတ်သုတ် လာသုတ်သုတ်
တက်သုတ်သုတ် ဆင်းသုတ်သုတ် (ဘက်စ်ကား)
ဗရုတ်သုတ်ခဘ၀တွေ ပေါတယ်။

ကေတီဘီ မာဆတ်
အမျိုးကောင်းသ္မီးတွေကို ဖာဇာတ်သွင်းမယ့်
အခန်းကျဉ်းလေးတွေ ပေါတယ်။

ပစ္စည်းပေါင် လူပေါင်
ဘာမှမကျန်အောင်ပြောင်လည်း
မှတ်ပုံတင်ပါ ပေါင်လို့ရတဲ့
အပေါင်ဆိုင်တွေ ပေါတယ်။

တစ်လုံး၊ နှစ်လုံး၊ သုံးလုံး
အလုံးတွေကို နေ့တိုင်းမျိုချ
ရင်ပြည့်ရင်ကယ် ဖြစ်နေကြတဲ့
အလုံးသမားတွေ ပေါတယ်။

တအိမ်ကျော်တဆိုင်ဖွင့်
ရောင်းသူနဲ့ သောက်သုံးသူ
အရေအတွက်ချင်းတူနေတဲ့
အရက်ဆိုင် (ဘီယာဆိုင်) တွေ ပေါတယ်။

ဘာသာခြားတွေရဲ့ရန်
ပေလျာယကန်ပြုပေမယ့်
အုပ်ချုပ်သူအကြိုက်လိုက်
အချင်းချင်းပြန်ဖိုက်တတ်တဲ့
ဘာသာရေးခေါင်းဆောင်တွေ ပေါတယ်။

ခွေးနှစ်ကောင်ကိုက်လို့
တုတ်နဲ့မရိုက်နဲ့
တိတိကျကျစစ်ဆေးဖို့
စုံစမ်းရေးကော်မရှင်တွေ ပေါတယ်။

ဦးနု လက်ထက်က
ဆင်ဖြူတော်စီမံကိန်းလို
ဘယ်တော့ဖြစ်လာမှန်းမသိတဲ့
အစီအစဉ်ရှိပါတယ်တွေ ပေါတယ်။

လာဘ်ပေးရန်မလို ဆိုင်းဘုတ်အောက်က
လက်ဆောင်ပဏ္ဍာစရိတ်နဲ့
တိတ်တိတ်လေး ခွက်ပုန်းခုတ်နေတဲ့
အစိုးရ၀န်ထမ်းတွေ ပေါတယ်။

သူပစ် ကိုယ်ပစ်
ငြိမ်းချမ်းရေးအတွက်ဖြစ်တဲ့စစ်မှာ
ပလူပျံနေတဲ့ ကျည်ဆန်တွေရယ်
ပဋိပက္ခတွေနဲ့ ကိုယ်ဝန်လွယ်
မွေးလာတဲ့ဒုက္ခသည်တွေ ပေါတယ်။

အဲ……….
မယောင်ရာဆီလူး
အရူးဘုံမြှောက် ချီးခြောက်ကောက်စား
အမေးအဖြေတွေများနေတဲ့
လွှတ်တော်ထဲမှာငပွတွေလည်း ပေါတယ်။

မောင်ပါလ
၂၉.၀၁.၂၀၁၃

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။