Thursday, October 13, 2011

ချည်ထားတဲ့ကြိုးကို ဖြည်ပေးရမယ် (သို့) ဖြတ်ပစ်ရမယ်

လွန်ခဲ့တဲ့ သုံးလေးရက်လောက်က (ကို)တူမောင်ညို ရေးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ကို ဘယ်အတိုင်းအတာထိ ပြင်ဆင်နိုင်မလဲ ဆိုတဲ့ ဆောင်းပါးတပုဒ် ဖတ်ရပါတယ်။ နိုင်ငံရေးအတွေးအခေါ်များနဲ့ ပညာရှင်ပီသစွာ ရေးထားတဲ့ဆောင်းပါကောင်းတပုဒ်ပါ။ တော်တော်လေးကို ကောင်းပြီး နိုင်ငံရေးဗဟုသုတ ရစေပါတယ်။

စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးသမားတွေ၊ ဝေဖန်သုံးသပ်သူတွေ အဲလို ဆရာသမားတွေက အရမ်းကောင်းမွန်မှန်ကန်စွာ၊ သမာသမတ်ကျစွာနဲ့ လက်ရှိအရပ်သားအစိုးရနဲ့ပတ်သတ်ပြီး ရေးနေပြောနေကြတော့ ကျနော်လည်း လူပြိန်းတယောက်အနေနဲ့ လူပြိန်းလိုတွေး လူပြိန်းလိုရေးလိုက်ပါတယ်။

လက်ရှိအရပ်သားအစိုးရ သမ္မတရဲ့ မြစ်ဆုံဆည်ဆောက်ဖို့ကို ခေတ္တဆိုင်းငံ့ထားတာတို့၊ သီတင်းကျွတ်လပြည့်နေ့မှာ အကျဉ်းသား ၆၀၀၀ ကျော် လွှတ်တာတို့ဟာ ချည်ထားတဲ့ကြိုးကို တခါတည်းဖြည်ပေးလိုက်တာ မဟုတ်သေးပါဘူး။ ချည်ထားရင်းတန်းလန်းနဲ့ပဲ ကြိုးကိုလျှော့ပေးနေတာပါ။

အာဏာရှင်တဖြစ်လဲ လက်ရှိအရပ်သားအစိုးရဟာ မြန်မာပြည်သူလူထုကို ၂၀၀၈-ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုတဲ့ ကြိုးနဲ့ ချည်နှောင်ထားပါတယ်။ ဒီကြိုးကို မဖြတ်မချင်း (သို့) လက်ရှိအစိုးရက မဖြည်ပေးမချင်း မြန်မာပြည်သူလူထုဟာ အာဏာရှင်အရိပ်အောက်က မလွတ်မြောက်ကြသေးပါဘူး။ ပြည်သူ့ဆန္ဒလိုက်လျောပါတယ်ဆိုပြီး အယောင်ပြ၊ ဟိုဟာလေး တို့တိတို့တိ လုပ်ပေးလိုက် ဒီဟာလေး တို့တိတို့တိ လုပ်ပေးလိုက်နဲ့ လုပ်နေသမျှတွေဟာ ကြိုးနဲ့ချည်ထားပြီး အဲဒီကြိုးကို လျှော့ပေးရုံလေး လုပ်နေတာပါ။

တရုတ်နဲ့လက်ဝါးရိုက်ဆောက်မယ့် မြစ်ဆုံဆည်ကို ရပ်တန့်ပေးဖို့ တပြည်လုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတယ်။ သမ္မတကြီးက ခေတ္တ ဆိုင်းငံ့ထားပါတယ်ဆိုပြီး ပြည်သူကို မလိမ့်တပတ်ပြန်လုပ်တယ်။ အကျဉ်းသားတွေ လွှတ်ပေးတယ်ပြောတယ်။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်မှာ အနည်းငယ်ကိုပဲ ပြန်လွှတ်ပေးသေးတယ်။ ဆရာ မောင်ဝံသ ရေးသလိုပဲ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ သို့မဟုတ် အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် လုပ်ဆောင်ချက်တစ်ရပ်အနေနဲ့ လွတ်ငြိမ်းခွင့်ပေးတာ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်လိုပဲလွှတ်လွှတ် လွတ်လာတဲ့ခေါင်းဆောင်တွေအတွက်တော့ အရမ်းဝမ်းသာမိပါတယ်။

အဲဒီ့လုပ်ရပ်တွေကို ပြန်သုံးသပ်ကြည့်ရင် လက်ရှိအရပ်သားအရေခြုံအစိုးရဟာ ချည်ထားတဲ့ကြိုးကို လျှော့ပေးတာတောင်မှ နည်းနည်းချင်းစီ မလျှော့ချင်လျှော့ချင်နဲ့ လျှော့ပေးနေတာ တွေ့ရမှာပါ။ ကျနော်တို့ ပြည်သူတွေအားလုံးကလည်း နည်းနည်းလျှော့ပေးလို့ နည်းနည်းနေရထိုင်ရ ချောင်သွားတယ်ဆိုပြီး မသာယာမိကြစေဖို့ အရေးကြီးပါတယ်။ ကျနော်တို့ဟာ အာဏာရှင်တွေရဲ့ ကြိုးနဲ့ အချည်နှောင် ခံနေရတုန်းပါပဲ။

နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွတ်လာနိုင်ဖို့၊ လွှတ်ပေးပြီးရင်လည်း လွှတ်လိုက်ဖမ်းလိုက် ပြန်မလုပ်ဖို့၊ တိုင်းပြည်တွင်းမှာ ပြည်တွင်းစစ် လုံးဝရပ်စဲနိုင်ဖို့၊ အမျိုးသား သွေးစည်းညီညွတ်ရေးကို ဖော်ဆောင်နိုင်ဖို့နဲ့ အဓိကအကျဆုံးက ဆရာလူထုစိန်ဝင်း ပြောသလို မြန်မာနိုင်ငံမှာ အာဏာရှင်အငွေ့အသက် လုံးဝကင်းစင်စေနိုင်ဖို့အတွက် ပြည်သူတွေကို နှောင်တုပ်ထားတဲ့ ၂၀၀၈-ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတဲ့ ကြိုးကို ဖြတ်တောက်ပစ်ကြရမှာဖြစ်ပြီး ပြည်သူ့အကျိုးပြု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ် ပေါ်ထွန်းလာနိုင်မှသာ မြန်မာပြည်ဟာ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

မောင်ပါလ
၁၃.၁၀.၂၀၁၁

1 comment:

  1. စာတွေလာဖတ်သွားတ၇် ဘိုမူး

    ၃ လ ပြည့်လေး မလုပ်ဖြစ်ဝူး

    ဘိုမူး နချိရို့၊၊

    ReplyDelete

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။