Thursday, August 4, 2011

ယုံချင်ယုံ မယုံချင်နေ

မနေ့ကညနေက မလေးရှားမှာရှိတဲ့ မြန်မာသံရုံးကနေ မလေးရှားမှာထုတ်ဝေနေတဲ့ ဂျာနယ်တွေကိုခေါ်ပြီး Legalization အတွက် ပတ်စပို့စာအုပ်လုပ်ပေးဖို့ကိစ္စကို ပြောတယ်လို့ သူငယ်ချင်းတယောက်အဆက်အသွယ်နဲ့ သိရပါတယ်။

ဒါနဲ့ ဒီမနက်ကျတော့ အဲဒီသူငယ်ချင်းကိုပဲ အကျိုးအကြောင်းလှမ်းမေးကြည့်တော့ ပတ်စပို့စာအုပ်ဖိုးနဲ့ စာရွက်စာတမ်းကြေးအတွက် ၃၂၀ ရင်းဂစ်ခန့်သာ ကုန်ကျနိုင်မည်ဖြစ်ကြောင်း၊ Legalization ကာလမှာ ပတ်စပို့စာအုပ်လုပ်သူတွေအနေနဲ့ မလေးရှားမှာ နှစ်ဘယ်လောက်ကြာကြာ နေပြီးအလုပ်လုပ်သည်ဖြစ်စေ အခွန်ကြေးပေးဆောင်ရန်မလိုတော့နိုင်ကြောင်း၊ ဆောင်ရလျှင်လည်း ဒဏ်ကြေးအဖြစ် ရင်းဂစ် ၄၀၊ ၅၀ ခန့်သာ ပေးဆောင်ရနိုင်ဖွယ်ရှိပြီး စုစုပေါင်း ၄၀၀ ရင်းဂစ်ခန့်သာ ကုန်ကျနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

ပတ်စပို့စာအုပ်မရှိဘဲနဲ့ မြန်မာပြည်ပြန်ချင်သူများ အနေနဲ့လည်း Amnesty ကာလမှာ CI လျှောက်ဖို့ ပိုက်ဆံကုန်စရာမလိုဘဲ လေယာဉ်လက်မှတ်ခသာ ကုန်ကြမည်ဖြစ်ကြောင်း သိရပါတယ်။ ယခုကုန်ကျငွေဟာ တကယ်အတည်ပြုပြီလားလို့ ပြန်မေးကြတဲ့အခါမှာ အထက်အမိန့်ရ ပြောင်းလဲလျှင်ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း၊ သံရုံးအနေနဲ့ အလုံးစုံ အာမ မခံနိုင်သေးပါကြောင်း သံရုံးတာဝန်ရှိသူတွေက ပြန်လည်ပြောဆိုတယ်လို့ သိရပါတယ်။

မလေးရှားလို တမြေခြားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေအတွက် အရမ်းကိုကောင်းတဲ့သတင်းပါ။ သတင်းကကောင်းလွန်းအားကြီးလို့ ကြားရတာ ယုံတောင်မယုံနိုင်ဘူး။ ထင်လည်း ထင်မထားခဲ့ဘူး။ အရင်က မြန်မာသံရုံးဆိုရင် ရွေ့ပြောင်းအလုပ်သမားတွေအတွက် အော်ကြော့လန်နေရာပါ။ အခွန်ကောက်ဖို့သာ အသုံးဝင်တဲ့နေရာ။ ကိစ္စတခုရှိလို့ သံရုံးသွားမယ်ဆိုရင် သံရုံးမှာ တံမြက်စည်းလှည်းတဲ့ကောင်ကအစ တလောကလုံး သူတို့လုပ်စာ ထိုင်စားနေရတဲ့မျက်ခွက်တွေနဲ့။ CI လျှောက်ရင် အနည်းဆုံး ရင်းဂစ် ၁၅၀၀၊ ၂၀၀၀။ စာအုပ်ပျောက်လို့ အသစ်လုပ်ရင် အမြန်ကြေးဆို အနည်းဆုံး ရင်းဂစ် ၃၀၀၀။ ပုံမှန်ဆိုရင်တော့ စောင့်ပေတော့...။ သံအမတ်ကတော်ကို ပိုင်သယောင်ယောင် ဘာယောင်ယောင်နဲ့ လုပ်စားနေတဲ့ကောင်တွေက ရှိသေးတယ်။

လုပ်ငန်းခွင်မှာ တရုတ်သူဌေးနဲ့ ပြဿနာဖြစ်လို့ သံရုံးကို သွားပြောလိုက်။ သံရုံးက လိုက်လာပါတယ်။ ပြီးရင် လိုက်လာတဲ့ကောင်က တရုတ်သူဌေးနဲ့ နှစ်ပေါက်တပေါက်ရိုက်၊ ပိုက်ဆံတောင်းပြီးပြန်သွားရော။ ကျန်ခဲ့တဲ့အလုပ်သမားတွေခမျာ သူဌေးလက်ထဲမှာ ဖွတ်ဖွတ်ညက်ညက်ကိုကြေလို့....။ မောင်ပါလတို့ မဆိုစလောက်လေး အလုပ်သမားအရေး လုပ်ခဲ့စဉ်တုန်းက မဆိုစလောက်နဲ့မတန်အောင် ပေါများလှတဲ့ တကယ့် အဖြစ်အပျက်တွေပါ။

ကဲ...... အဲလိုသံရုံးမျိုးက ခုပတ်စပို့စာအုပ်ကို ဒီလောက်ငွေပမာဏနဲ့ လုပ်ပေးမယ်ဆိုတော့ စဉ်းစားသာကြည့်တော့ အရပ်ကတို့ရေ.....။ ကြားသားမိုးကြိုး နားရှိလို့တာကြားရတယ်။ ယုံကိုမယုံနိုင်စရာ ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် တိုင်းတပါးမှာ ကျီးလန့်စာစား အလုပ်လုပ်နေကြတဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေအတွက် ၀မ်းသာစရာ သတင်းကောင်းဖြစ်လို့ ၀မ်းမြောက်ရပါတယ်။

လက်ရှိအစိုးရအနေနဲ့ ပြည်သူအကျိုးကိုလိုလားတဲ့ စေတနာအမှန်ကို ဖော်ထုတ်ပြချင်ရင်တော့ ဒီလောက်နဲ့တင် မဖြစ်နိုင်သေးပါဘူး။ လက်ရှိ ပြည်တွင်းစစ်မီးကို စစ်တပ်နည်း စစ်တပ်ဟန်မဟုတ်တဲ့ တွေ့ဆုံဆွေးနွေးခြင်းနဲ့ ရပ်စဲနိုင်အောင် ကြိုးစားစေချင်ပါတယ်။ စစ်တပ်က အချိန်မရွေး အာဏာသိမ်းခွင့်ရှိတဲ့ ပြည်သူ့အကျိုးလုံးဝမပါတဲ့ ၂၀၀၈- ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြန်လည်ပြင်ဆင်ရေးဆွဲရပါမယ်။ နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး အတိုက်အခံအကုန်လုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတခု ပြန်လုပ်ပေးရပါမယ်။

ကြံ့ဖွတ်ပါတီခေါင်းဆောင် ဘောင်းဘီချွတ်သိန်းစိန်နဲ့ နီးစပ်သူများ ၀ိုင်းဝန်းတိုက်တွန်းပေးကြပါ။ အထက်ပါကိစ္စတွေကို အကောင်အထည်ဖော်ပေးမယ်ဆိုရင် ဒေါ်စုရဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုတခြမ်းကို ဘောင်းဘီချွတ် ထိပ်ပြောင်သိန်းစိန်ကို ပေးဖို့အတွက် ဒေါ်စုနဲ့ နိုဗယ်ဆုပေးရေးအဖွဲ့ကို လက်တို့ပြီးတော့ ပြောပြပေးပါမယ်။ အတည်တော့မဟုတ်သေးပါဘူး။ ကျနော်တို့ မြန်မာသံရုံးကပြောသလိုပဲ အထက်အမိန့်အရ ပြောင်းရင်ပြောင်းလဲနိုင်ပါတယ်။

မောင်ပါလ
၎.၈.၂၀၁၁

1 comment:

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။