Sunday, April 24, 2011

ကျိန်စာသင့်သစ္စာ

“ကျိန်စာသင့်သစ္စာ”


လောကဇာတ်ခုံပေါ်
မရိုးသားမှုက နှစ်ပါးသွားကပြီး
ဖောက်ပြန်မှုက ပြဇာတ်ထွက်နေချိန်
သစ္စာတရားက
ကန့်လန့်ကာနောက်ကွယ်မှာ
နေသားကျနေခဲ့တယ်။

ဖော်ဝေးငှက်တွေရဲ့
အိပ်တန်းပြန်ချိန် တွန်ကျူးသံဟာ
လောကပါလနတ်ဒေ၀ါကို
အိပ်ယာက ထစေနိုင်လောက်ရဲ့...
ဝသုန္ဓရီ နတ်ကညာလည်း
ဗျာပါဆံ ဆံမြိတ်ထုံးနဲ့
ဟန်လုပ်ပြုံးပြီး ကကွက်သီတုန်း....။

မထွန်းဘဲလင်းတဲ့ မီးတပွင့်
သူတို့ရင်ထဲမှာ အမြဲပွင့်ခဲ့တယ်။
ရေအားလျှပ်စစ်မလို၊ ဂျင်နရေတာမလို
အက်ဒီဆင်မလို...
အဲဒီမီးပွင့်ဟာ
ယုံကြည်ချက်တွေနဲ့ အညှာခိုင်ခဲ့တယ်။

ကြိုးပြတ်နေတဲ့ ဂစ်တာတလက်နဲ့တော့
သံစဉ်ညှိယူမနေကြပါနဲ့
တိတ်ဆိတ်ခြင်းတွေသာ
ကျိန်စာအဖြစ် လွှမ်းမိုးရစ်ပါလေ......။

မောင်ပါလ
၂၄.၀၄.၂၀၁၁

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။