Monday, March 21, 2011

လွမ်းတယ်

“လွမ်းတယ်”

လက်ဖက်ရည်ဆိုင်ရိပ်မှာ
ခင်မောင်တိုးသီချင်းနဲ့ငြိမ့်ရင်း
ရေနွေးကြမ်းနဲ့ ချွေးသိပ်ခဲ့ရတဲ့
ကြမ်းရှရှ ရန်ကုန်နွေညကို လွမ်းတယ်.....

မာလာဆောင်ထိပ်က
မှိတ်တုတ်တုတ် ကြယ်ရောင်အောက်မှာ
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံကိုရှာရင်း
ရင်ခုန်သံခြင်း ကာရန်မျှ
ဆုံခဲ့ရဖူးတဲ့ ရည်းစားဦးကို လွမ်းတယ်.....

စံရိပ်ငြိမ်ကားဂိတ်ဘေးက
ညထမင်းဆိုင်လေးတွေရဲ့စတိုင်လ်
ခွေးခြေပုပေါ်ထိုင်ရင်း
ဘိုင်ပြတ်ရင် ကထိန်ခင်းခဲ့တဲ့
လက်ဖက်ထမင်းကို လွမ်းတယ်.....

အဓိပတိလမ်းမတ၀ိုက်
သူယောင်တောမှာ အမဲလိုက်ရင်း
ငါးမရ ရေချည်းချိုး
ပျိုးချိန်မရလိုက်တဲ့ အချစ်တွေနဲ့
ဂွကျကျ ရည်းစားရှာရတဲ့ဒုက္ခကို လွမ်းတယ်.....

ပြည်လမ်းပေါ် မေးကလေးစင်း
လေညှင်းသွဲ့သွဲ့ အင်းယားဘောင်စပ်က
ခုံတန်းလျားမှာ တယောက်တည်းထိုင်ရင်း
ကဗျာအတိုအစတွေကိုပုံဖော်
မျှော် မျှော်ကြည့်မိတဲ့
ကျွန်းရိပ်ညိုညိုကို လွမ်းတယ်.....

“အချိန်တန်ရင် အိမ်ပြန်မယ်” ဆိုတဲ့စကား...
အခါခါ တီးတိုးညည်းတွား
တန်မဲ့အချိန်ကို စောင့်စား
ပြန်မယ့်လမ်းကို မှန်းမျှော်ရင်း
နွမ်းလျရင်ခွင်ထဲမှာ
အလွမ်းတွေ ဖန်တရာတေနေပြီလေ...။

မောင်ပါလ
၂၁.၃.၂၀၁၁

ဝန်ခံချက် ။ ။ မနုငယ်ရေးသော “အချိန်တန်ရင် အိမ်ပြန်ကြတာပေါ”့ ကဗျာကိုဖတ်ရင်း သတိရမိတဲ့ ဘ၀တစိတ်တဒေသနှင့် အလွမ်းအပိုင်းအစတွေပါ။

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။