Saturday, June 19, 2010

သူဆိုသောသူ


“သူဆိုသောသူ”

(အမေစုရဲ့ ၆၅-နှစ်မြောက်မွေးနေ့အမှတ်တရ)

ပါးလျပ်လျပ်ခန္ဓာကိုယ်
ဇရာအိုကယိုယွင်း
ပျိုမျစ်ခြင်းတွေကွယ်ပျောက်
ဒါပေမယ့်.... သူလေ...
ခပ်မတ်မတ်လျှောက်နေတုန်း......

အချိန်တွေရွေ့လျား
၁၄-နှစ်တာကာလကြားမှာ
မတရား အကျဉ်းချထားကြလည်း
မယိုင်မလဲ ကိုင်စွဲထားတဲ့မူ
ယုံကြည်ချက်နဲ့ခိုင်ခိုင်ရပ်သူ.......

မိသားစုကို ဥပေက္ခာပြု
တုပမနိုင်တဲ့ မေတ္တာပေါင်းစု
စွန့်လွှတ်မှုနဲ့မော်ကွန်းထိုး
ပြည်သူ့အကျိုးသာ အစဉ်မျှော်ကိုးသူ.....

ငြိမ်းချမ်းရေးလက်နက်စွဲကိုင်
သားသတ်သမားကို ယှဉ်ပြိုင်ပြီး
ခွပ်ဒေါင်းအလံတော်နဲ့အတူ
ကမ္ဘာတုန်အောင် မြည်ဟီးနိုင်သူ.......

အကြောက်တရားတွေ ဖောက်ထွင်း
ဆန်စေ့တထောက် ကြောက်ခြင်းကင်းတဲ့
ထီမထင် ဇာနည်ဘွား
အာဏာသမားကို ထိပ်ခေါက်ရဲသူ.....

သူလျှောက်နေတဲ့ခရီးတလျှောက်
ဆူးညှောင့်ကင်းစေဖို့အတွက်....

သူရဲ့ယုံကြည်ချက် ငါတို့ရဲ့စိတ်ဓာတ်ဖြစ်ကြစို့။

သူရဲ့စွန့်လွှတ်မှု ငါတို့အတုယူကြစို့။

သူ့ရဲ့ငြိမ်းချမ်းရေးလက်နက် ငါတို့ထက်အောင်သွေးကြစို့။

သူရဲ့မကြောက်တရား ငါတို့ထံပါးထည့်ထားကြစို့။

မောင်ပါလ

2 comments:

  1. အရမ်းကောင်းတဲ့ ကဗျာလေးပါ အကို ။ ဖတ်နေပါတယ်

    ReplyDelete
  2. ကဗျာလေးသိပ်ကောင်းပါတယ်။ လာခံစားသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ။

    ReplyDelete

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။