Monday, May 31, 2010

ဝင်္ကဘာတခုကို ဖြတ်ကျော်ခြင်း

“၀င်္ကဘာတခုကို ဖြတ်ကျော်ခြင်း”

ဘ၀ကို ဈေးတွက်မတွက်ခဲ့တော့
ငါ့အနာဂတ်ဟာလည်း
စီးပွားပျက်ကပ် ဆိုက်ခဲ့တယ်။

ငါ့ကိုယ်ငါပြန်ဖတ်ဖို့ ကြိုးစားကြည့်တယ်
ကာရန်လွဲနေတဲ့ သံစဉ်တခုကို
သတ်ပုံအမှားတွေနဲ့ ကျားကန်ရင်း
ဘ၀ဟာဈေးကွက်အပြင်မှာ ပေါလောမျောလို့...

ကံကြမ္မာကို မယုံခဲ့ပါဘူး
နားလည်မှုဝတ်ရုံကိုပဲ ခြုံခဲ့တာပါ
ဒဏ်ရာဗလပွနဲ့ ဆုံဆည်းခဲ့ရတာတွေက
အမှတ်တရအမာရွတ်တွေအဖြစ်
ဘ၀သစ်ပင်ပေါ်မှာ တို့လို့တွဲလောင်း...

သွေးနဲ့သားနဲ့ကိုယ်ပါပဲ
မျှော်လင့်ချက်တွေ ချရေးကြည့်တော့လည်း
ပုံပြင်တွေထဲမှာ လက်ပစ်ကူးရင်း
မောမောနဲ့ အိပ်ပျော်ဖူးပေါင်းများပြီ...

အစဉ်အလာကို မချိုးဖောက်ခဲ့ပါဘူး
ငါကတော့ တည့်တည့်ဖြတ်လျှောက်ခဲ့တာပါ
အော်သံတွေကြားနေရရဲ့
မင်းရောက်နေတာ ၀င်္ကဘာထဲမှာတဲ့...

အခွင့်အရေးတွေချောင်ထိုး
ယုံကြည်ချက်တွေပဲ ထမ်းပိုးထားခဲ့တော့
ငါဟာ..........
ဘယ်တော့မှ အိမ်ပြန်မလှမယ့်ကောင်ပါ။

မုဆိုးလားသားကောင်လား ဆန်းစစ်ဖို့ထက်
လဲကျရင်း ပြန်ထရင်းနဲ့
ဆေးမတွေ့သေးတဲ့ အနာအတွက်
မနက်ဖြန်အသစ်တွေပဲ ငါလိုတယ်။

မောင်ပါလ

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။